ထိန်းသိမ်းရေးအတွက် အရေးပါသောနေရာများ

မြန်မာ့သစ်တောများသည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအကို မောင်နှမများ၊ ပြည်သူများ၏ စားဝတ်နေရေး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံခြားဝင်ငွေအမြောက်အများ ကိုလည်း နှစ်စဉ်ရှာဖွေပေးလျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေမြေ၊ သား ငှက်ထန်းသိမ်းရေးတို့အတွက် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်များလည်း ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ပေါကြွယ်ဝမှုနှင့်အတူ သိပ္ပံနည်းကျ စနစ်တကျအုပ်ချုပ်လုပ်ကိုင်သည့် မြန်မာ့ရွေးချယ်ခုတ်လှဲခြင်းစနစ် Myanmar Selection System သည် အသိမှတ်ပြုခြင်းခံထား သစ်တောစီမံအုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်တောအုပ်ချုပ်မှုလုပ်ကိုင်မှုကို အောင်မြင်ထိရောက်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ မြန်မာလူမျိုးတို့ ၏ ကိုးကွယ်သည့်ဘာသာ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာမျာအရ သစ်ပင်စိုက်ခြင်း သစ်တောများထိန်းသိမ်းခြင်းစသည်တို့အပေါ် ထားရှိသည့် ဦးစားပေးမှုအဆင့်မြင့်မားခဲ့ခြငး်က အခြေခံအချက် ဖြစ်ပါသည်။
ကုန်းဘောင်နှစ်ဦးနှောင်းပိုင်း အလောင်းမင်းတရားကြီး လက်ထက် ၁၇၆၀ ခုနှစ်ဝန်းကျင်မှသည် ကျွန်းသစ်ကို "တော်သစ်" အဖြစ်သတ်မှတ်ထိန်းသိမ်းကာကွယ်ခဲ့ပါသည်။
၁၈၄၁ ခုနှစ်နှင့် ၁၈၄၂ ခုနှစ်တို့တွင်မြန်မာ့ကျွန်းသစ်တောများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်အတွက် သစ်ထုတ်လုပ်ခြင်းနှင့်ပတ်သက် ၍ ပိုမိုပြည့်စုံသောစည်းကမ်းများကို ထုတ်ပြန်ခဲ့ပါသည်။
၁၈၅၂ ခုနှစ် တွင်ပဲခူးကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက်မကြာမီ ကျွန်းသစ်တောများသည် အစိုးရပိုင်ဖြစ်သည်ဟုကြေငြာပြီး ဒေါက်တာမက္ကလင်းကို ဝန်ထောက်ခန့်အပ် အုပ်ချုပ်စေခဲ့ရာ ၄င်းမှအစီရင်ခံတင်ပြမှုကြောင့် ၁၈၈၅ ခုနှစ်တွင် အိန္ဒိယပြည်သစ်တောများ၏ ချာတာအမိန့်ကြေငြာစာ ထွက်ရှိလာခဲ့ရာ သစ်တောထိန်းသိမ်းစောင့်ရှောက်ရာတွင် အမြဲကျင့်သုံးရမည့် ပေါ်လစီ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ ၁၈၅၆ ခုနှစ်တွင် ပဲခူးပြည့်နယ် သစ်တောဝန်ထောက်တာဝန်ကို ဒေါက်တာမက္ကလဲလင်းထံမှ ဂျာမန်သစ်တောပညာရှင် ဒေါက်တာဒီးထရစ်ဘရန်းဒစ် သို့လွဲပြောင်းပြီးနောက် ၄င်းအား တနင်္သာရီနှင့် မုတ္တမ သစ်တောနယ်များကိုပါ အုပ်ချုပ်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည် မှစ ၍ မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအတွင်း သစ်တောများကို သိပ္ပံပညာအရ ရှေးဦးဆုံး စတင် အုပ်ချုပ်လုပ်ကိုင် သည် ့နိုင်ငံဖြစ်လာလဲ့ပါသည်။
၁၈၅၈ ခုနှစ် ဒီဇင်ဘာလတွင် ပိုမိုပြည့်စုံသော သစ်တောစည်းမျဉ်းများကို ဗြိတိသျှအစိုးရမှ အတည်ပြု ထုတ်ပြန်ခဲ့ရာ ကျွန်းသစ်ပေါက်ရောက်သည့် သစ်တော အားလုံးနီးပါး သိပ္ပံနည်းကျ အုပ်ချုပ်လုပ်ကိုင်မှုအောက်သို့ ရောက်ရှိခဲ့ပါသည်။
၁၈၆၀ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ သစ်တောထိမ်းသိမ်းရေး ဆိုင်ရာမူဝါဒ ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈၆၅ ခုနှစ်တွင် "၁၈၆၅ ခုနှစ်အစိုးရသစ်တောများအက်ဥပဒေ" ကိုရေးဆွဲထုတ်ပြန်ခဲ့ပါသည်။ ၁၈၈၁ ခုနှစ်တွင် မြန်မာပြည်အတွက် သီးခြား သစ်တောဥပဒေကို ဥပဒေအမှတ် ၁၉ အဖြစ်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှ များ အထက်မြန်မာပြည်ကို သိမ်းပိုက်ခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် အထက်မြန်မာပြည် သစ်တောဥပဒေ စည်မျဉ်းကို ထုတ်ပြန်ခဲ့ပါသည်။
၁၉၂၃ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေးစတင်ခဲ့ပြီးနောက် သစ်တောဝန်ကြီးဌာနကို ထူထောင်ပြီး သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများ စနစ်တကျ ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။