AFoCO RETC ဒေသခံဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်၏ ‘သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းသင်တန်း’ဖွင့်ပွဲအခမ်းအနားကျင်းပ

 

                သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ ဖွင့်လှစ်ကျင်းပခြင်းအပြင် သစ်တောမှီခိုသူ ဒေသခံပြည်သူများ၏ လူမှုစီးပွား အထောက်အကူ ပြု သင်တန်းများနှင့် သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများ ကို နှစ်စဉ် စီစဉ်ဖွင့်လှစ်လျက်ရှိပါသည်။

AFoCO RETC ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ ပထမဆုံး အစီ အစဉ်အဖြစ် စီစဉ်ဆောင်ရွက်သည့် ဒေသခံဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်၏ ‘သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်းသင်တန်း’ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၀၉: ၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ AFoCO Secretariat မှ Policy Division Director ဖြစ်သူ Mr Sungjil Lee နှင့် Program Officer ဖြစ်သူ Mr Kiwon Kim တို့ တက်ရောက်ခဲ့ပြီး AFoCO RETC သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းနှင့် သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ သင်တန်းဆရာ/ ဆရာမများနှင့် သင်တန်းသူ/သားများ စုစုပေါင်း(၃၆)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါ သည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး AFoCO Secretariat မှ Policy Division Director ဖြစ်သူ Mr Sungjil Lee က သင်တန်းအဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းသင်တန်းကို (က) ဒေသခံများ၏ စားဝတ်နေရေး ဖူလုံစေရေးနှင့် ကျန်းမာရေးအထောက်အကူပြု ဓာတုဆေးဝါးကင်းစင်သည့် စားသုံးသီးနှံများ တွဲဖက်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ (ခ) သစ်တောသစ်ပင်များအား ထိခိုက်ပျက်စီးစေသော ရွှေ့ပြောင်းတောင်ယာစနစ် အစား သီးနှံနှင့်နှစ်ရှည်ပင်တို့ကို စနစ်တကျ ရောနှောစိုက်ပျိုးခြင်းဖြင့် သစ်တော ပြုန်းတီးမှုကို လျော့နည်းစေခြင်းနှင့် (ဂ) သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးပြီး မြေဆီလွှာအရည် အသွေး ကို ပိုမိုကောင်းမွန်စေ၍ ရာသီဥတုဒဏ်ကို ခံနိုင်စေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေခြင်း စသည့် ရည်ရွယ်ချက်များထားရှိကာ စီစဉ်ကျင်းပဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း သိရှိရပါသည်။

အဆိုပါ သင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့ရှိ CF အသုံးပြုသူ ပြည်သူသင်တန်းသား(၂၀)ဦးအား ဖိတ်ကြား၍ သင်တန်း ဆရာများအဖြစ် စိုက်ပျိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာန၊ AFoCO RETC သင်တန်းကျောင်း တို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်(၅)ဦးအား ဖိတ်ကြား၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၅)ရက်တာ ဖွင့်လှစ်ကျင်းပ လျက်ရှိပါကြောင်းနှင့် ဘာသာ ရပ်ဆိုင်ရာ စာတွေ့သင်ခန်းစာများအပြင် ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ခြံနှင့် (၉)မိုင်၊ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံတို့ သို့ သွားရောက်လေ့လာမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Published Date