ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး နေပြည်တော်‌ကောင်စီနယ်မြေအတွင်းရှိ သစ်ဆိပ်များအားစစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး နေပြည်တော်‌ကောင်စီနယ်မြေအတွင်းရှိ သစ်ဆိပ်များစစ်ဆေး

၁၁-၁၁-၂၀၂၆ ရက်နေ့

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ၁၁-၁၁-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၄၀/၁)၊ ဝန်ပြန်ကျေးရွာအနီး ရှမ်းပြည်နယ် (အ‌ရှေ့/တောင်)၊ တောင်ကြီးသစ်ထုတ်ရေးဒေသ၊ ခရေပင်သစ်ဆိပ်နှင့် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ တပ်ကုန်း-ပင်လောင်းကားလမ်းမိုင်တိုင်အမှတ်(၃/၀)၊ ကင်းသာကျေးရွာအနီး နေပြည်တော်သစ်ထုတ်ရေးဒေသ၊ ကင်းသာသစ်ဆိပ်များသို့ သွားရောက်ပြီး ၂၀၂၅-၂၀၂၆ ခုနှစ် သစ်ထုတ်ရာသီတွင် ထုတ်လုပ်ထွက်ရှိခဲ့သည့် သစ်မာသစ်လုံးများနှင့် သစ်တောဦးစီးဌာနမှ လွှဲပြောင်း ပေးအပ်ခဲ့သည့် ဖမ်းဆီးသစ် ကျွန်း/ သစ်မာသစ်လုံး/ ခွဲသားများ စုပုံထိန်းသိမ်းထားရှိမှုအခြေအနေ တို့အား ကြည့်ရှုစစ်ဆေးပါသည်။

ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ အပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်စေရေးအတွက် သစ်ဆိပ်အားလုံး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရန်၊ ဝန်ထမ်းများအား နေ့/ည အပိုင်းလိုက် အချိန်များခွဲ၍ တာဝန်ပေးအပ်သွားရန်၊ သစ်ဆိပ် ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် မိမိတို့အား ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန်၊ မီးဘေး၊ ရေဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ၊ အရေးပေါ်တုံ့ပြန်ရေးအစီအမံ များကို စနစ်တကျ ဆောင်ရွက်ထားရှိကြရန် မှာကြားခဲ့ပြီးနောက် သစ်ဆိပ်မီးဘေးကာကွယ်ရေး လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။

Published Date