ကမ္ဘာ့သစ်တောများနှင့် မြန်မာ့သစ်တောများအကြောင်း တစေ့တစောင်း
ဒေါက်တာ သောင်းနိုင်ဦး
ကမ္ဘာ့သစ်တောသယံဇာတများ
သစ်တောများသည် ၂၀၃၀ ပြည့်နှစ် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု အစီ အစဉ် (2030 Agenda for Sustainable Development) ၏ အဓိကအခြေခံအုတ်မြစ်တစ်ရပ် ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့သစ်တောများ၏ လက်ရှိအခြေအနေ၊ အချိန်နှင့်အမျှ ပြောင်းလဲ လာမှုများနှင့် ယင်းပြောင်းလဲမှု၏ လမ်းကြောင်းများကို နားလည်သိရှိခြင်းသည် ရေရှည် တည်တံ့သော မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ မူဝါဒနှင့် ဆောင်ရွက်ချက်များ၏ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်အကဲဖြတ်ခြင်း၊ သစ်တောမှ ပံ့ပိုးပေးလျက်ရှိသော သစ်တောထွက်ပစ္စည်းများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို ရေရှည်ထိန်းသိမ်းပေးနိုင်ခြင်းတို့ အတွက် အလွန်အရေးကြီးပါသည်။
ကမ္ဘာ့သစ်တောများ၏ အခြေအနေနှင့်ပတ်သက် ပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် ကမ္ဘာ့သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း (Global Forest Resources Assessment 2025 – GFRA 2025) အစီရင်ခံစာ ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ လတွင် “ကမ္ဘာ့ သစ်တောများ၏အခြေအနေ ၂၀၂၆” (State of the World's Forests 2026 – SOFO 2026) အစီရင်ခံစာကို လည်းကောင်း ထုတ်ဝေခဲ့ပါသည်။
GFRA 2025 အစီရင်ခံစာတွင် အဓိကအားဖြင့် သစ်တောဧရိယာနှင့် သစ်တောဧရိယာ ပြောင်းလဲမှုများ၊ သစ်တော၏ဖွဲ့စည်းပုံနှင့် အခြေအနေဆိုင်ရာ လက္ခဏာများ၊ ဇီဝဒြပ်ထု (Biomass) နှင့် ကာဗွန်အရင်းအမြစ်များ၊ သစ်တောဆိုင်ရာ မူဝါဒများနှင့် ဥပဒေပြဌာန်းချက် များ၊ သစ်တောဧရိယာသတ်မှတ်အသုံးပြုမှုနှင့် သစ်တောစီမံခန့်ခွဲမှု၊ သစ်တောပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲပိုင်ခွင့်များ၊ သစ်တောများအပေါ် သက်ရောက်သည့် အနှောင့်အယှက်များနှင့် ပျက်စီး ဆုံးရှုံးမှုများ၊ သစ်မဟုတ်သောသစ်တောထွက်ပစ္စည်းများနှင့် အခြားဆက်စပ်အကြောင်းအရာ များ ပါဝင်ပါသည်။
SOFO 2026 အစီရင်ခံစာတွင် ကမ္ဘာ့သစ်တောများနှင့် ပတ်သက်ပြီး နောက်ဆုံးရ သတင်းအချက်အလက်များ၊ မူဝါဒအပြောင်းအလဲများနှင့် လူသားများနှင့်သစ်တောဂေဟစနစ် များအကြားရှိ လူမှုစီးပွားရေးဆိုင်ရာ ဆက်စပ်မှုများကို လေ့လာတင်ပြပြီး သစ်တောကဏ္ဍနှင့် အခြားကဏ္ဍများအကြား ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ပြုစု ထားသည့် အစီရင်ခံစာလည်းဖြစ်သည်။
ကမ္ဘာ့သစ်တောအခြေအနေကို ဖော်ညွှန်းနေသော အဓိကကိန်းဂဏန်းများ
အစီရင်ခံစာများအရ ကမ္ဘာ့သစ်တောအခြေအနေကို ဖော်ပြနေသော အဓိက အချက် အလက်များကို အောက်ဖော်ပြပါအတိုင်း တွေ့ရှိရပါသည်-
- ကမ္ဘာ့သစ်တောဧရိယာမှာ ဟက်တာ ၄.၁၄ ဘီလီယံ ခန့်ရှိပြီး ကမ္ဘာ့မြေမျက်နှာပြင်၏ ၃၂ ရာခိုင်နှုန်းခန့်ကို ဖုံးလွှမ်းထားသည်။ အပူပိုင်းသစ်တောများသည် ကမ္ဘာ့သစ်တော ဧရိယာ၏ ၄၅ ရာခိုင်နှုန်းခန့် ရှိပါသည်။
- ကာကွယ်ထားသော သစ်တောဧရိယာသည် ဟက်တာ ၈၁၃ သန်း ခန့်ရှိပြီး စနစ်တကျ စီမံခန့်ခွဲ အုပ်ချုပ်လုပ်ကိုင်သော သစ်တောဧရိယာသည် ဟက်တာ ၂.၁၃ ဘီလီယံ ခန့် ရှိပါသည်။
- ကမ္ဘာတစ်ဝန်း သစ်တောပြုန်းတီးမှုအား ကာလအလိုက် လေ့လာပါက ၁၉၉၀–၂၀၀၀ ပြည့်နှစ်အတွင်း နှစ်စဉ် သစ်တောပြုန်းတီးမှုပမာဏမှာ ဟက်တာ ၁၇.၆ သန်း ၊ ၂၀၀၀–၂၀၁၅ ခုနှစ် အတွင်း နှစ်စဉ် ဟက်တာ ၁၃.၆ သန်း နှင့် ၂၀၁၅–၂၀၂၅ ခုနှစ် အတွင်း နှစ်စဉ် ဟက်တာ ၁၀.၉ သန်း ပြုန်းတီးခဲ့ပါသည်။
- သဘာဝအလျောက်ပြန်လည်ဖြစ်ထွန်းသော သစ်တောဧရိယာသည် ဟက်တာ ၃.၈၃ ဘီလီယံရှိပြီး မူလသစ်တောများ (Primary forest) ဧရိယာသည် ဟက်တာ ၁.၁၈ ဘီလီယံရှိပါသည်။ သစ်တောစိုက်ခင်းများဧရိယာသည် ဟက်တာ ၃၁၂ သန်း ခန့်ရှိ ပါသည်။
- ကမ္ဘာ့သစ်တောများ၏ သစ်သားပမာဏမှာစုစုပေါင်း ၆၃၀ ဘီလီယံ ကုဗမီတာ ရှိပြီး သစ်တောဇီဝဒြပ်ထု (Biomass) ပမာဏ ၇၀၉ ဂစ်ဂါတန် (Gt) ရှိပြီး သစ်တောကာဗွန် သိုလှောင်မှု ပမာဏ ၇၁၄ ဂစ်ဂါတန် Gt ရှိပါသည်။
အစီရင်ခံစာပါအချက်အလက်များအရ ကမ္ဘာ့သစ်တောပြုန်းတီးမှုနှုန်းသည် ကျဆင်း လာနေသော်လည်း သစ်တောဆုံးရှုံးမှုသည် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သောကြောင့် သဘာဝ သစ်တောများ ဆက်လက်ပြုန်း တီးမှုမရှိစေရေးထိန်းသိမ်းရန်သာမက အရည်အသွေးနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို ထိန်းသိမ်းရန် ပိုမိုအရေးကြီး လာပါသည်။ ထို့အပြင် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံနီးပါး သည် စားရေရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်း အတွက် သစ်တောနှင့် သစ်ပင်များအပေါ် တစ်စိတ်တစ်ပိုင်း သို့မဟုတ်တိုက်ရိုက်မှီခိုနေကြပါသည်။ ထို့ကြောင့် “သစ်ပင် အရေအတွက်များများစိုက်ပျိုးခြင်း” သာမက “သစ်တော များနှင့် မြေယာရှုခင်းတစ်ခုလုံး၏ ဂေဟစနစ်ဝန်ဆောင် မှုများ ပိုမိုတိုးပွားလာစေရေး၊ လူမှုစီးပွားဘဝ ပြန်လည်တိုး တက်ကောင်းမွန်စေရေး” ကိုလည်း အထူးအလေးပေး ဆောင်ရွက်ကြရန် မီးမောင်းထိုးပြထားပါသည်။
သစ်တောနှင့် မြေယာရှုခင်း ပြန်လည်ထူထောင်ခြင်း
ယခုအခါ ကမ္ဘာနှင့်တစ်ဝန်းရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာပြဿနာများကို လျော့ပါးသက် သာစေရန်အတွက် သစ်ပင်များ ပြန်လည်စိုက်ပျိုး ခြင်းသက်သက်ထက် သစ်တောမြေယာရှုခင်း ပြန် လည်တည်ထောင်ခြင်း (Forest Landscape Res-toration-FLR) နည်းလမ်းဖြင့် ဆောင်ရွက်လာကြသည်။
သစ်တောမြေယာရှုခင်းပြန်လည်ထူထောင်ခြင်း (FLR) ဆိုသည်မှာ သစ်တောများ ပြုန်းတီးသွားသော နေရာကွက်လပ်များ၌သာမဟုတ်ပဲ ကျယ်ပြန့်သည့် နေရာဒေသတစ်ခု လုံးတွင် ဂေဟစနစ်ဆိုင်ရာ ပြည့်စုံကောင်းမွန်မှုကို ပြန်လည်ရရှိစေရန်နှင့် လူသားတို့၏ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်အတွက် စနစ်တကျစီစဉ်ထားသော သစ် တောများစိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားလာစေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်နက်တည်း မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ သစ်တောများနှင့် မြေယာရှုခင်း ပြန်လည်တည်ထောင် ခြင်းကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်ထူထောင်ရေးဆယ်စုနှစ် (၂၀၂၁-၂၀၃၀)၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် ၁၅ (SDG 15) စဉ်ဆက်မပြတ် သစ်တောစီမံခန့်ခွဲမှုများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များနှင့်ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင် ရွက်ကြရန် တိုက်တွန်းထားသည်။
ကတိကဝတ်များ မှသည် လက်တွေ့ အကောင်အထည်ဖော်မှုဆီသို့
ကမ္ဘာ့နိုင်ငံများသည် သစ်တောနှင့် မြေယာပြန်လည်ထူထောင်ရေးအတွက် ရည်မှန်း ချက်များနှင့် ကတိကဝတ်များစွာ ချမှတ်ထားကြသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့သစ်တောသယံ ဇာတဆန်းစစ်မှုအစီရင်ခံစာ (FRA 2025) အချက် အလက်များအရ ကမ္ဘာ့သစ်တောဧရိယာ၏ ၆၉ ရာခိုင် နှုန်းခန့်ကို ကိုယ်စားပြုသည့်နိုင်ငံနှင့် ဒေသ ၉၁ ခုသည် သစ်တောပြန်လည် ထူထောင်ရေးအတွက် ဧရိယာ ဟက်တာ ၁၉၀ သန်းကျော် ကတိပြုထားသည်။ သို့သော် အဆိုပါပမာဏအနက် ၅၅ နိုင်ငံနှင့် ဒေသများကသာ ၎င်းတို့၏ ကတိကဝတ်နှင့် ဆက်စပ် သည့် တိုင်းတာနိုင်သော တိုးတက်မှုများကို အစီရင်ခံနိုင်ခဲ့သည်။ အခြား ၃၆ နိုင်ငံနှင့် ဒေသများသည် စုစုပေါင်း ဟက်တာ ၆၉ သန်း ကျော် ကတိပြုထားသော်လည်း တိုင်းတာနိုင် သည့်တိုးတက်မှုကို တင်ပြနိုင်ခြင်းမရှိသည်ကို အစီရင် ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံများနှင့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် မြေ ဧရိယာ ဟက်တာ ၁ ဘီလီယံကျော်ကို ပြန်လည် ထူထောင်ရန် ကတိပြုထားကြသည်။ သို့သော် ၂၀၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ထူထောင်ရေး ရည် မှန်းချက်များပြည့်မီရန်အတွက် အနည်းဆုံး ဧရိယာ ဟက်တာ ၄၇၀ သန်းကို လက်တွေ့ကျကျ ပြန်လည် ထူထောင်ရန် လိုအပ်လျက်ရှိပါသည်။
သစ်တောများနှင့်မြေယာရှုခင်းပြန်လည်တည်ထောင်ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှု အကျိုး ကျေးဇူးများ
SOFO 2026 အစီရင်ခံစာက သစ်တောများနှင့် မြေယာရှုခင်း ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများကို အကောင်အထည်မဖော်ခြင်းအတွက်ဖြစ်လာနိုင်သည့် ကုန်ကျစရိတ်များ ကိုလည်း ထည့်သွင်းစဉ်းစားရန် တိုက်တွန်းထားသည်။ ဥပမာ ကုလသမဂ္ဂ သဲကန္တာရဖြစ် ထွန်းမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD) ၏ ခန့်မှန်းချက်များအရ သဲကန္တာရဖြစ်ထွန်းမှု၊ မြေယာပျက်စီးမှုနှင့် မိုးခေါင်မှု တို့ကို လက်ရှိအတိုင်း ဆက်လက်ရင် ဆိုင်နေရပါက နှစ်စဉ် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုကုန်ကျ စရိတ်သည် အမေရိကန် ဒေါ်လာ ၈၇၈ ဘီလီယံ မှ ၆.၃ ထရီလီယံအထိ ရှိနိုင်သည်ဟု ဆိုသည်။ အဆိုပါ ငွေကြေး ပမာဏသည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သော ကုန်ကျ စရိတ်ထက် များစွာပိုမိုလျက်ရှိသည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့သစ်တောများ ပြန်လည်ထူထောင်ရေး ရည်မှန်း ချက်များကို ၂၀၂၄–၂၀၃၅ ခုနှစ် ကာလအတွင်း အကောင် အထည်ဖော်မည်ဆိုပါက ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၁၁ ဘီလီယံမှ ၂.၁ ထရီလီယံခန့်သာ ကုန်ကျမည်ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံ မှ ၁၉၀ ဘီလီယံ ခန့် ဖြစ်သည်။
အခြေအနေများအပေါ်မူတည်၍ သင့် တော်သော အခြေအနေများအောက်တွင် သစ် တောများနှင့် မြေယာရှုခင်းပြန်လည် တည် ထောင်ခြင်းသည် ရင်းနှီးမြှုပ်နှံသည့် ၁ ဒေါ်လာ တိုင်းအတွက် ၃၀ ဒေါ်လာ အထိ ပြန်လည်ရရှိ စေနိုင်ပါသည်။ ပြုန်းတီးနေသော မြေ ဧရိယာ ဟက်တာ ၁ ဘီလီယံကျော်ကို ပြန်လည် ထူထောင်ခြင်းဖြင့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁.၈ ထရီလီယံ အကျိုးအမြတ် ထုတ် ဖော်ပေးနိုင်သည်ဟု ဆိုပါသည်။ သစ်တော များနှင့် မြေယာရှုခင်း ပြန်လည်တည်ထောင်ခြင်းဖြင့် သစ်တောထွက် ပစ္စည်းများသာမက ရေထိန်းသိမ်းမှု၊ ရေကြီးမှုနှင့် မြေဆီလွှာတိုက်စားမှု လျှော့ချမှု၊ ကာဗွန် သိုလှောင်မှု၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းမှု၊ စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်မှု၊ စားရေရိက္ခာ ဖူလုံမှု၊ ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိမှုစသည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူး များစွာရရှိနိုင်သည်။ ထို့ကြောင့် သစ်တောများနှင့် မြေယာ ရှုခင်း ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများအတွက် လိုအပ်သည့် ရန်ပုံငွေကြေးများကို ကုန်ကျစရိတ်တစ်ခုအဖြစ် မမြင်ဘဲ အနာဂတ်ဆုံးရှုံးမှုများကို လျှော့ချရန် ရင်းနှီးမြှုပ်နှံမှု (Investment) အဖြစ် ရှုမြင်ပြီး အနာဂတ် အတွက် ရင်းနှီး မြှုပ်နှံကြရမည်ဖြစ်သည်။
သစ်တောများနှင့် မြေယာရှုခင်းပြန်လည် တည်ထောင်ရေးအတွက် အဓိကကျသည့် နည်းလမ်းများ
SOFO 2026 အစီရင်ခံစာအရ အရည်အသွေးမြင့်မားသော သစ်တောနှင့် မြေယာရှုခင်း ဧရိယာ ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အပြန်အလှန် အထောက်အကူပြုစေမည့် အောက်ဖော်ပြပါ လမ်းကြောင်း (၄) သွယ်မှတစ်ဆင့် တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်း ထားပါသည် -
၁။ ပြည်သူလူထုအခြေပြုလမ်းကြောင်း။ ပြည်သူလူထုကို ဗဟိုပြုပြီး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော သစ်တောနှင့် ရှုခင်း ဧရိယာပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ခြင်း၊ ပြည်သူလူထု ပူးပေါင်း ပါဝင်မှု၊ အသိပညာမျှဝေမှုနှင့် အကျိုးအမြတ် မျှဝေမှုတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊
၂။ မြေယာအခြေပြုလမ်းကြောင်း။ ဒေသအခြေအနေနှင့် ကိုက်ညီသော နည်းလမ်းများ ဖြင့် ဘက်စုံအကျိုးပြုမြေယာရှုခင်း ဧရိယာများကို ဖော်ဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ဧရိယာတစ်ခုချင်းစီကို သီးခြားစီမံခန့်ခွဲခြင်းထက် မြေယာရှုခင်းတစ်ခုလုံးကို ပေါင်းစပ် စီမံခြင်း၊
၃။ ဘဏ္ဍာရေးနှင့် စီးပွားရေးလမ်းကြောင်း။ ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့်ပမာဏနှင့် သဘောသဘာဝတို့နှင့် လိုက်လျော ညီထွေရှိမည့် ဘဏ္ဍာရေးဆိုင်ရာများ စီစဉ်ဆောင်ရွက်ခြင်း၊ အစိုးရဘဏ္ဍာငွေ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု အခကြေးငွေ၊ ကာဗွန်ရန်ပုံငွေနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ရန်ပုံငွေစသည့် နည်းလမ်းများ ကို သင့်လျော်သလို ပေါင်းစပ်ဆောင်ရွက်ခြင်း၊
၄။ မူဝါဒနှင့် ဥပဒေဆိုင်ရာလမ်းကြောင်း။ သစ်တောပြန်လည်ပြုစုပျိုးထောင်ရေး၊ စိုက်ပျိုးရေး၊ ရေ၊ မြေယာ၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ မူဝါဒများအကြား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခြင်း၊
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အခြေအနေ
မြန်မာနိုင်ငံအတွက် FRA 2025 အစီရင်ခံစာ ပြုစုရာတွင် နိုင်ငံတော်၏ရန်ပုံငွေ အထောက်အပံ့ ဖြင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျွမ်းကျင် ပညာရှင်များ၏ ကြိုးစားမှုများ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ များဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ FRA 2010 အစီရင်ခံစာ အရ ၄၆.၉၆ ရာခိုင်နှုန်း ၊ FRA 2015 အရ ၄၂.၉၂ ရာခိုင်နှုန်း နှင့် FRA 2020 အရ ၄၂.၁၉ ရာခိုင်နှုန်းအသီးသီး ရှိခဲ့ပါသည်။ ယခု ၂၀၂၅ ခုနှစ် သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်းရလဒ်များအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည် နိုင်ငံ့ စုစုပေါင်း ဧရိယာ၏ ၄၂.၁၅ ရာခိုင်နှုန်း ရှိကြောင်း လေ့လာဆန်းစစ်သိရှိရပါသည်။ သစ်တောပြုန်းတီးမှုနှုန်းအနေဖြင့် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ် ကာလအတွင်း နှစ်စဉ်သစ်တော ပြုန်းတီးမှုနှုန်းမှာ ၀.၉၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်းတွင် နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းမှာ ၀.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါသည်။ အဆိုပါ ဆန်းစစ်လေ့လာချက်များအရ မြန်မာနိုင်ငံအနေဖြင့် သစ်တောပြုန်းတီးမှုများ ရှိနေ သေးသော်လည်း နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်းမှာ ယခင်ကာလများထက် သိသိသာသာ လျော့နည်းလာကြောင်း တွေ့ရှိရပါသည်။ သစ်တောပြုန်းတီးမှုသည် ဆက်လက်ရှိနေဆဲဖြစ် သဖြင့် သစ်တောပြုန်းတီးမှုကိုရပ်တန့်ပြီး သစ်တောများပြန်လည် တိုးပွားစေရေးကို အမျိုးသား ရေးတာဝန် တစ်ရပ်အနေဖြင့် စနစ်တကျ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သစ်တောဖုံးလွှမ်းမှုတိုးစေဖို့၊ အရှိန်အဟုန်မြှင့်တင် ထိန်းသိမ်းစို့
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တော ပြုန်းတီးမှုလျှော့ချရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ထိ) အပါအဝင် ဂေဟစနစ်အမျိုးမျိုးတွင် နှစ်တို၊ နှစ်ရှည်စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိသစ်တောဖုံးလွှမ်းမှုဧရိယာ
သည် ဧရိယာဧက ၇၀.၄၇ သန်း (၄၂.၁၅ ရာခိုင်နှုန်း) ဖြစ်သဖြင့် သစ်တောဖုံးလွှမ်းမှုကို ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေရေး ရည်မှန်းဆောင် ရွက်လျက်ရှိရာ ဧရိယာ ဧက ၁၃.၁၀ သန်း (၇.၈၅ ရာခိုင်နှုန်း) ကို သစ်တောဖုံးလွှမ်းသောဧရိယာ အဖြစ် ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
ရည်မှန်းချက်များအောင်မြင်စေရေးအတွက် အောက်ဖော်ပြပါ အဓိက နည်းလမ်း (၁၀) ခုကို ဦးစားပေးလုပ်ငန်းများအဖြစ်သတ်မှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူ များက ဝိုင်းဝန်းပူးပေါင်းပါဝင်ခြင်းဖြင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး မြန်မာ့သစ်တော သယံဇာတများ ရေရှည်တည်တံ့နေမည်ဖြစ်ပါသည်-
(၁) သစ်တောပြုန်းတီးမှုကို ရပ်တန့်ပြီး အသားတင်ဆုံးရှုံးမှု (Net Loss of Forest Area)
မရှိစေရေး ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ခြင်း၊
(၂) အမြဲတမ်းသစ်တောနယ်မြေ (Permanent Forest Estate-PEF) အတွင်းရှိ တောနိမ့်ဧရိယာ ဧက ၁၄.၅၂ သန်း ကို သစ်တောဖုံးလွှမ်းမှု ၁၀ ရာခိုင်နှုန်းနှင့် အထက်ရှိ ရွက်အုပ်ပွင့်တောများအဆင့်သို့ တိုးမြင့်ရောက်ရှိလာစေရေး သဘာဝ တောကျန်များ ထိန်းသိမ်းခြင်းနှင့် သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊
(၃) အမြဲတမ်းသစ်တောနယ်မြေ (PEF) အတွင်းရှိ ရွက်အုပ်ပွင့်တော ဧရိယာ ဧက ၁၇.၉၈ သန်းအား လက်ရှိအခြေအနေမှ တောနိမ့်အဖြစ် လျော့ကျပြောင်းလဲမသွားစေရန် ထိရောက်စွာ ကာကွယ်ထိန်းသိမ်းခြင်း၊
(၄) အမြဲတမ်းသစ်တောနယ်မြေ (PEF) အတွင်းရှိ ရွက်အုပ်ပိတ်တော ဧရိယာ ဧက ၁၃.၅၈ သန်း၏ ရွက်အုပ်ဖုံးလွှမ်းမှုကို တည်မြဲနေစေရန် အထူးအလေးထားကာကွယ်ထိန်း သိမ်းခြင်း၊
(၅) သစ်တောနယ်မြေ ပြင်ပရှိ ရွက်အုပ်ပိတ်တော ဧရိယာ ဧက ၁၄.၇၄ သန်း၊ ရွက်အုပ် ပွင့်တော ဧရိယာ ဧက ၂၂.၉၁ သန်း၊ စုစုပေါင်းသစ်တောဧရိယာ ဧက၃၇.၆၅ သန်း အား ဥပဒေနှင့်အညီ စနစ်တကျကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးဝိုင်း၊ ကြိုး ပြင် ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းနိုင်ရေး ဘဏ္ဍာနှစ်အလိုက် လျာထားပြီး အချိန်ဇယား ရေးဆွဲဆောင်ရွက်ခြင်း၊
(၆) သစ်တောနယ်မြေပြင်ပရှိ တောနိမ့်ဧရိယာ ၃၃.၆၃ သန်းအနက် ဧက ၁၀ သန်းတွင် သစ်တောမြေယာရှုခင်း ပြန်လည်တည်ထောင်ခြင်း (FLR) နည်းလမ်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် စိမ်းလန်းမြေများ ဖြစ်ပေါ်လာစေရေးအတွက် နှစ်စဉ်လုပ်ငန်း စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊
(၇) ခရိုင်သစ်တောစီမံအုပ်ချုပ်မှု စီမံကိန်းပါအလုပ်တိုက်နယ်များနှင့် သစ်တောမြေများ တွင် သစ်တောစိုက်ခင်းအမျိုးမျိုး တည်ထောင်ခြင်းသာမက သစ်တောမြေပြင်ပတွင် လည်း သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများကို အားပေး ကူညီခြင်း၊
(၈) ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ၊ သီးနှံသစ်တောရောနှောစိုက်ပျိုး ခြင်းလုပ်ငန်းများနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းရင်းနှီးမြှုပ်နှံများ ပိုမိုတိုးပွားလာစေ ရန် ဆောင်ရွက်ခြင်း၊
(၉) သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သစ်တော အခြေပြု ဇီဝစီးပွားရေးလုပ်ငန်းများ (Bioeconomy) ဖွံ့ဖြိုးရန် ဆောင်ရွက်ခြင်း၊
(၁၀) အမျိုးသားအဆင့် သစ်တောစောင့်ကြည့်လေ့လာခြင်းစနစ် (National Forest Monitoring System) ကို ပိုမိုခိုင်မာစေရန်နှင့် ခေတ်မီစေရန် အဆင့်မြှင့်တင်ခြင်း။
ကိုးကား
Food and Agriculture Organization of the United Nations (FAO), 2025. Global Forest Resources Assessment 2025: Key Findings. FAO.
Food and Agriculture Organization of the United Nations (FAO). 2026. The State of the World’s Forests 2026 – Restoring forests and landscapes: The way forward for a sustainable future. Rome.






