မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြေရှင်းကြရမည့် အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ
သစ်တောမောင်
အစိုင်အခဲစွန့်ပစ်ပစ္စည်းများ (Solid Waste)
၂၁ ရာစုတွင် ကမ္ဘာတစ်ဝန်း၌ မြို့ပြစနစ်များ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှု အဆင့်အတန်းတိုးတက်လာသည်နှင့်အမျှ ထိုဖွံ့ဖြိုးမှု၏နောက်ဆက်တွဲအဖြစ် ကြီးမားသော ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခု ပေါ်ပေါက်လာခဲ့ပါသည်။ ယင်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာဖြစ်ပြီး အထူးသဖြင့် "အစိုင်အခဲစွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ" ဖြင့် မြို့ပြညစ်ညမ်းလာမှုဖြစ်ပါသည်။ မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်းသည် လူနေမှုအဆင့်အတန်း၊ စီးပွား ရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုများ တိုးတက်လာစေ သကဲ့သို့ အစိုင်အခဲစွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ စုပုံများပြားလာမှုနှင့်အတူ ရေထု၊ လေထု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကိုလည်း တစ်ပြိုင် နက်ဖြစ်ပေါ်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် အစိုင် အခဲစွန့်ပစ်ပစ္စည်း ထွက်ရှိမှုသည် ၂၀၂၃ ခုနှစ်တွင် တစ်နှစ်လျှင် ၂.၁ ဘီလီယံတန်ခန့်ရှိခဲ့ပြီး လက်ရှိ လုပ်ငန်းစဉ်များ၊ လက်ရှိနှုန်းအတိုင်း ဆက်လက်သွားပါက ၂၀၅၀ ပြည့်နှစ်တွင် ၃.၈ ဘီလီယံတန် အထိ တိုးပွားလာနိုင် သည်ဟု ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (UNEP) ၏ Global Waste Management Outlook 2024 တွင် ခန့်မှန်းဖော်ပြထားပါသည်။ ထို့ကြောင့် စွန့်ပစ်ပစ္စည်း ပြဿနာသည် “မြို့သန့်ရှင်းရေး” ပြဿနာတစ်ခုသာဟု သာမန်ရှုမြင်သဘောထားရုံဖြင့် မရတော့ ဘဲ ပတ်ဝန်းကျင်၊ ပြည်သူ့ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဂေဟစနစ်နှင့် လူမှုစီးပွား ရေးတို့နှင့် ဆက်စပ်နေသော ပြဿနာကြီးတစ်ရပ်အဖြစ်ရှုမြင်ပြီး စနစ်တကျ ဖြေရှင်းဆောင်ရွက်ရန် လိုအပ် လာပါသည်။
ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ
မြို့ပြများမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများအနက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် အထူးအရေးကြီးသောပြဿနာ ဖြစ်လာပါသည်။ ပလတ်စတစ်သည် ပေါ့ပါးခြင်း၊ ဈေးနှုန်းသက်သာ ခြင်း၊ အသုံးပြုရလွယ်ကူခြင်းတို့ကြောင့် အစားအသောက်ထုပ်ပိုးမှု၊ ရေသန့်ဘူး၊ ပလတ်စတစ်အိတ်၊ စားသောက်ကုန်ထုပ်ပိုးမှု၊ အိမ်သုံးပစ္စည်းများ စသည်တို့တွင် အလွန်ကျယ်ပြန့်စွာ အသုံးပြုနေခြင်း ဖြစ်ပါသည်။ တစ်ခါသုံးပလတ်စတစ် (Single-use Plastic) များသည် အသုံး ပြုချိန်တိုသော်လည်း စွန့်ပစ်ပြီးနောက် ပတ်ဝန်းကျင်အတွင်း အချိန်ကြာမြင့်စွာ တည်ရှိနိုင်သောကြောင့် အထူးစိုးရိမ်ရ သည့် စွန့်ပစ်ပစ္စည်းအမျိုးအစားဖြစ်လာပါသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း (OECD) ၏ Global Plastics Outlook အစီရင်ခံစာအရ ကမ္ဘာ့ပလတ် စတစ်ထုတ်လုပ်မှုသည် ၂၀၀၀ ပြည့်နှစ်တွင် တန်ချိန် ၂၃၄ သန်း မှ ၂၀၁၉ ခုနှစ်တွင် တန်ချိန် ၄၆၀ သန်း အထိ နှစ်ဆနီးပါးတိုးလာခဲ့ပါသည်။ ထိုကာလ အတွင်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းမှာ ၁၅၆ သန်း တန်မှ ၃၅၃ သန်းတန်အထိ နှစ်ဆကျော် တိုးမြင့်လာခဲ့ပါသည်။ ထိုအခြေအနေအတိုင်း ဆက်လက် သွားပါက ကမ္ဘာ့ပလတ်စတစ် စွန့်ပစ်ပစ္စည်းထွက်ရှိမှုသည် ၂၀၆၀ ပြည့်နှစ်တွင် တန်ချိန် ၁.၀၁၄ ဘီလီယံအထိ တိုးမြင့်လာနိုင်သည်ဟု OECD က ခန့်မှန်းထားပါသည်။
စွန့်ပစ်ပစ္စည်းထွက်ရှိသည့် အရင်းအမြစ်များ
မြို့ပြနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အစိုင်အခဲစွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ထွက်ရှိသည့် အရင်းအမြစ်များမှာလည်း ပိုမိုများပြားလာပါသည်။ နေအိမ်များ/အိမ်ထောင်စုများ၊ စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ရုံနှင့် အလုပ်ရုံများ၊ ဆောက်လုပ်ရေးနှင့် ဖြိုဖျက်ရေးလုပ်ငန်းများ၊ ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသည် စွန့်ပစ်ပစ္စည်းများ ထွက်ရှိသော အဓိကအရင်းအမြစ် များ ဖြစ်ပါသည်။
အများဆုံးတွေ့ရသည့် စွန့်ပစ်ပစ္စည်းများမှာ စားကြွင်းစားကျန်များ၊ စက္ကူ၊ ကတ်ထူပုံးများ၊ အထည်ဟောင်းများ၊ ဖန်ဘူး၊ ဖန်ခွက်များ၊ တစ်ခါသုံးပလတ်စတစ်အိတ်များ၊ ပလတ်စတစ်ဘူးများ၊ စားသောက်ကုန် ထုပ်ပိုးသည့် ပလတ်စတစ်ခွံများ၊ အိမ်သုံးပလတ်စတစ်ပစ္စည်းဟောင်းများ၊ ရေသန့်ဘူးများ၊ ဆပ်ပြာ/ ခေါင်းလျှော်ရည်ဘူးများ၊ အရက်/ ဘီယာ ပုလင်းနှင့် ဘူးများ၊ ကုန်ထုတ် လုပ်မှုအဆင့်ဆင့်မှ ထွက်ရှိသည့် ဓာတုပစ္စည်းများ၊ အနည်အနှစ်များ၊ အဆိပ်အတောက်များနှင့် အဆီများပါဝင်သည့် ရေဆိုးများ၊ တည်ဆောက်ခြင်းနှင့် ဖြိုဖျက်ခြင်းတို့မှ ထွက်ရှိသည့် အုတ်ခဲ၊ ကွန်ကရစ်စ၊ သဲ၊ ကျောက်၊ သတ္တု၊ သစ်သားနှင့် မှန်စများ၊ ဂွမ်း၊ ပတ်တီး၊ ဆေးဘူးခွံများ၊ စက္ကူထုပ် များ၊ တစ်ခါသုံးဆေးထိုးပြွန်များ (Syringes)၊ ပိုက်ပျော့များ၊ သွေးအိတ်/ ပုလင်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံများမှ သီးနှံရိတ်သိမ်းပြီး ကျန်ရှိသည့် ရိုးပြတ်များ၊ သစ်သီးခွံများ၊ အော်ဂဲနစ် စွန့်ပစ် ပစ္စည်းများစသည်တို့ဖြစ်ပါသည်။
၂၀၂၄ ခုနှစ် အာဆီယံ မြို့ကြီး ၉ မြို့ကို လေ့လာထားသည့် စာတမ်းတွင် စွန့်ပစ်ပစ္စည်း ထွက်ရှိနှုန်းသည် လူတစ်ဦးမှ တစ်ရက်လျှင် ၀.၆၃ ကီလိုဂရမ်မှ ၁.၃၅ ကီလိုဂရမ်အတွင်းရှိသည်ဟု ဆိုပါသည်။ အကြမ်းဖျင်းအားဖြင့် အာဆီယံမြို့ကြီးတစ်မြို့တွင် အစိုင်အခဲစွန့်ပစ်ပစ္စည်း တစ်ရက် လျှင် တန်ချိန် ၂,၀၀၀ မှ ၁၅,၀၀၀ အထိရှိပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်းသည် တစ်ရက်လျှင် တန်ချိန် ၂၀၀ မှ ၂,၀၀၀ ထိ ရှိနိုင်ပါသည်။ လူဦးရေ၊ ဝင်ငွေ၊ စားသုံးမှုပုံစံနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အပေါ်တွင်မူတည်ပြီး မြို့တစ်မြို့နှင့်တစ်မြို့ ကွာခြားနိုင်ပါသည်။
မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ဖော်ပြချက်အရ ရန်ကုန်မြို့မှ စွန့်ပစ်ပစ္စည်း တစ်ရက်လျှင် တန် ၂,၀၀၀ ခန့်၊ မန္တလေးမြို့မှ တစ်ရက်လျှင် ၉၅၅ တန်ခန့်နှင့် နေပြည်တော်မှ တစ်ရက်လျှင် တန် ၂၀၀ ခန့် ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ၂၀၂၅ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ လူတစ်ဦးမှ တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၀.၈ ကီလိုဂရမ်ထွက်ရှိကြောင်း ခန့်မှန်းထားပါသည်။ အာဆီယံ၏ ဆဋ္ဌမမြောက် ပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာ (Sixth State of the Environment) တွင် ဖော်ပြထားသော ၂၀၁၀ ပြည့်နှစ် အခြေခံအချက်အလက်အရ မြန်မာနိုင်ငံ၏ ပလတ်စတစ် စွန့်ပစ်ပစ္စည်းမှာ တစ်နှစ်လျှင်တန်ချိန် ၁.၃၇ သန်းရှိပြီး တစ်ဦးလျှင် တစ်ရက် ၀.၀၇ ကီလိုဂရမ်ခန့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ကဏ္ဍအသီးသီးအပေါ် သက်ရောက်မှုများ
အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ကဏ္ဍအသီးသီးအပေါ် သက် ရောက်မှုများကို အဓိကအားဖြင့် အောက်ဖော်ပြပါအတိုင်း တွေ့ရှိနိုင်ပါသည်-
၁။ ကျန်းမာရေးထိခိုက်စေခြင်း။ အစိုင်အခဲစွန့်ပစ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းခြင်း၊ ခွဲခြား ခြင်းနှင့် စွန့်ပစ်ခြင်းမပြုပါက လေ၊ ရေ၊ မြေဆီလွှာနှင့် အစားအစာတို့မှတစ်ဆင့် လူ့ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။ စနစ်တကျစီမံထားရှိမှုမရှိသည့် စွန့်ပစ်ပစ္စည်းများမှ အန္တရာယ်ရှိသော ဓာတု ပစ္စည်းများ ထွက်ရှိခြင်း၊ သောက်သုံးရေ အရင်းအမြစ်များကို ညစ်ညမ်းစေခြင်းနှင့် ခြင်၊ ယင်၊ ကြွက် အစရှိသည့် ရောဂါသယ်ဆောင်နိုင်သည့် သတ္တဝါများ ပေါက်ဖွားနိုင်သည့် ပတ်ဝန်းကျင် ဖန်တီးပေး ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ပလတ်စတစ်များ ပတ်ဝန်းကျင်တွင် ပျက်စီးခွဲထွက်လာသောအခါ မိုက်ခရိုပလတ်စတစ်များ (Microplastics) နှင့် အလွန်သေးငယ်သော ပလတ်စတစ်အမှုန်များ (Plastic Particles) ဖြစ်ပေါ်နိုင်ပြီး အသက်ရှုူလမ်းကြောင်း၊ နှလုံးနှင့်သွေးကြောစနစ်၊ အူလမ်း ကြောင်းဆိုင်ရာတို့ကို ထိခိုက်စေနိုင်ပါသည်။
၂။ လေထုညစ်ညမ်းခြင်း။ အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပြဿနာ များအနက် အန္တရာယ်အရှိဆုံးတစ်ခုမှာ အမှိုက်မီးရှို့ခြင်းဖြစ်ပါသည်။ ပလတ်စတစ်၊ ရာဘာ၊ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းနှင့် အခြားအမှိုက်များကို ရောနှောမီးရှို့သည့်အခါ အလွန်သေးငယ်သော အမှုန်အမွှားများနှင့် အခြားအန္တရာယ်ရှိသော လေထုညစ်ညမ်းပစ္စည်းများ ထွက်ရှိပြီး ချောင်းဆိုးခြင်း၊ အရေပြားယားယံခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်စေပါသည်။
၃။ ရေထု၊ မြေဆီလွှာနှင့် မြစ်ချောင်းများညစ်ညမ်းခြင်း။ ပလတ်စတစ်အိတ်၊ ရေဘူး၊ အစားအသောက် ထုပ်ပိုးပစ္စည်းများသည် မြို့ပြရေမြောင်းများမှတစ်ဆင့် ချောင်းများ၊ မြစ်များနှင့် ပင်လယ်ထဲသို့ ရောက်ရှိနိုင်ပါသည်။OECD ၏ ၂၀၁၉ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်အရ ပလတ်စတစ်စွန့်ပစ်ပစ္စည်း ၃၅၃ သန်းတန် ထွက်ရှိခဲ့ပြီး တန်ချိန် ၂၂ သန်းခန့်သည် ပတ်ဝန်းကျင် ထဲသို့ ယိုစိမ့်မှု (Leakage) ဖြစ်ခဲ့ပါသည်။ ပလတ်စတစ်သည် သဘာဝအတိုင်း လွယ်ကူစွာ ဆွေးမြည့် ပျက်စီးသွားခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ တည်ရှိနိုင်သောကြောင့် ပတ်ဝန်းကျင်တွင် စုပုံလာပြီး အချိန်ကြာလာသည်နှင့်အမျှ အရွယ်အစားသေးငယ်လာပြီး မိုက်ခရိုပလတ်စတစ်များ (Microplastics) အဖြစ် မြေဆီလွှာနှင့် ရေထုညစ်ညမ်းမှုကို ဖြစ်စေပါသည်။အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကို လေဟာပြင်တွင် စွန့်ပစ်ထားပါက မိုးရေစိမ့်ဝင်ခြင်းမှတစ်ဆင့် မြေဆီလွှာနှင့် မြေအောက်ရေသို့ ညစ်ညမ်းပစ္စည်းများ ရောက်ရှိနိုင်ကာ အပင်ကြီးထွားမှုနှင့် မြေဆီလွှာထုတ်လုပ်နိုင်စွမ်းကို ထိခိုက် စေနိုင်ပါသည်။
၄။ ရေကြီးရေလျှံဖြစ်စေခြင်း။ မြို့ပြများတွင် တစ်ခါသုံးပလတ်စတစ်အိတ်များနှင့် အခြားပေါ့ပါး သော အမှိုက်များသည် လေ၊ မိုးရေနှင့် ရေစီးကြောင်းများမှတစ်ဆင့် ရေနုတ်မြောင်းစနစ်ထဲသို့ လွယ်ကူစွာရောက်ရှိနိုင်ပါသည်။ ပလတ်စတစ်အိတ်များ၊ ရေသန့်ဘူးများ၊ စားသောက်ကုန်ထုပ်ပိုး များ၊ အခြားပေါ့ပါးသောအမှိုက်များ ရေမြောင်းများတွင် စုပုံလာပါက မိုးရေစီးဆင်းမှုကို အဟန့် အတားဖြစ်စေပြီး ရေတက်မြန်ခြင်း၊ လမ်းများရေကြီးခြင်းနှင့် ရေမြောင်းများပိတ်ဆို့စေပြီး ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
၅။ ရေနေသတ္တဝါနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်ခြင်း။ ပလပ်စတစ်အမှိုက်များသည် ရေနေသတ္တဝါများက စားခြင်း၊ မျိုချခြင်း (Ingestion)၊ ပလတ်စတစ်အတွင်းပိတ်မိခြင်း၊ ရှုပ်ထွေး ရစ်ပတ်ခြင်း (Entanglement)၊ နေထိုင်ရာပတ်ဝန်းကျင်ပျက်စီးခြင်း၊ အစားအစာကွင်းဆက်ထဲသို့ ပလတ်စတစ်အမှုန်အမွှားများ ဝင်ရောက်ခြင်းဖြင့် ရေနေသတ္တဝါများအပေါ် ဆိုးကျိုးသက်ရောက်မှု များ၊ အန္တရာယ်များ ဖြစ်စေနိုင်ပါသည်။
၆။ ရာသီဥတုပြောင်းလဲမှုဖြစ်စေခြင်း။ အစိုင်အခဲစွန့်ပစ်ပစ္စည်းများတွင် ပါဝင်သော အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများသည် အမှိုက်ပုံများတွင် အောက်ဆီဂျင်မရှိသောအခြေအနေ၌ ဆွေးမြည့်ရာမှ မီသိန်း (CH₄) ထွက်ရှိနိုင်ပါသည်။ စနစ်တကျစီမံခန့်ခွဲခြင်းမရှိသော အမှိုက်များသည် မှန်လုံအိမ် ဓာတ်ငွေ့နှင့် အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ ထုတ်လွှတ်နိုင်ပြီး ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေပါသည်။
၇။ စီးပွားရေးအပေါ်သက်ရောက်ခြင်း။ ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP) ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အမှိုက်စီမံခန့်ခွဲမှု၏ တိုက်ရိုက်ကုန်ကျစရိတ် မှာ အမေရိကန်ဒေါ်လာ ၂၅၂ ဘီလီယံခန့် ရှိခဲ့ပါသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကျန်းမာရေး ထိခိုက်မှုနှင့် ရာသီဥတုပြောင်းလဲမှုတို့၏ မသိ သာသောကုန်ကျစရိတ်များ (Hidden Costs) ကို ပါ ထည့်သွင်းတွက်ချက်ပါက အမေရိကန် ဒေါ်လာ ၃၆၁ ဘီလီယံခန့်အထိရှိခဲ့ပါသည်။ လက်ရှိ အတိုင်းဆက်လက်သွားပါက ၂၀၅၀ ပြည့်နှစ်တွင် နှစ်စဉ်ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၆၄၀.၃ ဘီလီယံအထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။
အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲခြင်း
အစိုင်အခဲစွန့်ပစ်ပစ္စည်းများနှင့်ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို သမာရိုးကျပုံစံဖြင့် ဖြေရှင်း ခြင်းထက် ဘက်စုံစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနည်းလမ်း (Integrated Waste Management Approach) ဖြင့် အောက်ဖော်ပြပါ ချဉ်းကပ်မှုများဖြင့် ဖြေရှင်းပါက ပိုမိုထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါသည်-
၁။ အရင်းအမြစ်မှစ၍ လျှော့ချခြင်းနှင့် ပြန်လည်အသုံးပြုခြင်း (Reduce & Reuse)။ စွန့်ပစ် ပစ္စည်းပြဿနာကို ဖြေရှင်းရာတွင် ထွက်ရှိလာမှ သိမ်းဆည်းခြင်းထက် စွန့်ပစ်ပစ္စည်း စတင် ထွက်ရှိမှုပမာဏကို လျှော့ချခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။
- ပြန်လည်အသုံးပြုနိုင်သော စတီး/ဖန်ဘူးများ၊ ထမင်းချိုင့်၊ အထည်အိတ်များကို အစားထိုး အသုံးပြုခြင်းဖြင့် တစ်ခါသုံးပလတ်စတစ် သုံးစွဲမှု လျှော့ချခြင်း (Single-use Plastic Reduction)၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်နှင့် သဘာဝ အတိုင်း ဆွေးမြည့်လွယ်သော Biodegradable ပစ္စည်းများကို ထုပ်ပိုးမှုများတွင် အစားထိုးပစ္စည်းများအဖြစ် ပြောင်းလဲ အသုံးပြုခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်သူများအနေဖြင့် ထုပ်ပိုးမှုအလွှာများကို အနည်းဆုံး ဖြစ်အောင် ဒီဇိုင်းထုတ် ခြင်းနှင့် ပြန်လည်ဖြည့်တင်းသည့် (Refill) စနစ်များကို ကျင့်သုံးခြင်း။

၂။ စွန့်ပစ်ပစ္စည်း ခွဲခြားစွန့်ပစ်ခြင်းနှင့် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Waste Segregation & Recycling)။ စွန့်ပစ်ပစ္စည်းများကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းသည် ပြန်လည် အသုံးပြုနိုင်စွမ်းကို မြှင့်တင်ပေးပါသည်။
- စားသောက်ကုန်၊ ဟင်းသီးဟင်းရွက် အကြွင်းအကျန်များ စသည့် ဆွေးမြည့်လွယ်သော အမှိုက်များ (Organic Waste)၊ ပလတ်စတစ်ဘူး၊ စက္ကူ၊ ဖန်၊ သတ္တု စသည့် ပြန်လည် ပြုပြင်ထုတ်လုပ်နိုင်သော စွန့်ပစ်ပစ္စည်း များ (Recyclables)၊ ဘက်ထရီ၊ လျှပ်စစ် ပစ္စည်း၊ ဆေးဝါးနှင့် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများ စသည့် ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်း များ (Hazardous Waste)၊ ပြန်လည် ပြုပြင်ထုတ်လုပ် မရသည့် စွန့်ပစ်ပစ္စည်း များ (Non-recyclable Waste) ဟူ၍ အရင်းအမြစ်များကို ခွဲခြားစွန့်ပစ်ခြင်း (Source Segregation)၊
- သန့်စင်ပြီး ပလတ်စတစ်များကို အရည်ကျို၍ ပလတ်စတစ်စေ့ (Pellets) များပြန်လည် ပြုလုပ်ကာ အိမ်သုံးပစ္စည်း၊ ပိုက်လိုင်းနှင့် အထည်အလိပ် (Polyester) များအဖြစ် ပလတ်စတစ်ပြန်လည်ထုတ်လုပ်ခြင်း (Mechanical & Chemical Recycling)၊ ဇီဝနည်းဖြင့် ဆွေးမြည့်နိုင်သောအမှိုက်များမှ ဇီဝမြေဩဇာပြုလုပ်ခြင်း (Composting)၊ စားသောက် ကုန်နှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာ (Compost) ပြုလုပ်ခြင်း သို့မဟုတ် ဇီဝဓာတ်ငွေ့ (Biogas) အဖြစ် ပြောင်းလဲအသုံးပြုခြင်း၊
၃။ အဆင့်မြင့် နည်းပညာသုံး ဖြေရှင်းနည်းများ (Advanced Energy & Waste Recovery)။ ပြန်လည်ပြုပြင်ထုတ်လုပ်ရန် ခက်ခဲသော စွန့်ပစ်ပစ္စည်းများကို စွမ်းအင်နှင့် ဆောက်လုပ်ရေးပစ္စည်း များအဖြစ် ပြောင်းလဲခြင်းဖြစ်ပါသည်။
- ပြန်လည်အသုံးပြု၍ မရသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ အပူချိန်မြင့် မီးရှို့ပြီး ရရှိလာသော အပူစွမ်းအင်မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း (Waste-to-Energy - Incineration)၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို အောက်ဆီဂျင်မရှိသော အခြေအနေ တွင် အပူပေးချေဖျက်၍ လောင်စာဆီ (Pyrolysis Oil) အဖြစ်ပြောင်းလဲခြင်း၊ သန့်စင်ထား သော ပလတ်စတစ်အစများကို ကတ္တရာနှင့် ရောစပ်၍ ပလတ်စတစ် ကတ္တရာ လမ်းများ (Plastic Roads) ခင်းခြင်း သို့မဟုတ် ပလတ်စတစ်အမှိုက်များကို ဘူးအတွင်း ဖိသိပ် ထည့်သွင်း၍ Ecobricks များအဖြစ် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ထည့်သွင်း အသုံးပြု ခြင်း၊
၄။ မူဝါဒ၊ စီမံခန့်ခွဲမှုနှင့် အသိပညာပေးခြင်း (Policy, Management & Awareness)။ နည်းပညာ အပြင် အုပ်ချုပ်ရေးနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးပါဝင်ပါသည်။
ပလတ်စတစ်ထုတ်လုပ်သည့် ကုမ္ပဏီများ/ လုပ်ငန်း များအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များနှင့်ပတ်သက် ၍ စတင်ထုတ်လုပ်ချိန်မှ အသုံးပြုပြီးစီး၍ စွန့်ပစ် သည်အထိ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးပုံစံ ဖြင့် တာဝန်ယူဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် စည်းကမ်းများ၊ ငွေကြေးနှင့် တာဝန်ယူမှု မူဝါဒများ သတ်မှတ်ပေးခြင်းဖြင့် ထုတ်လုပ်သူမှ တာဝန်ယူ ဖြေရှင်းဆောင်ရွက်ရမည့် သတ်မှတ်ချက် (Extended Producer Responsibility - EPR) ဆောင်ရွက်ခြင်း၊ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများကို ဒဏ်ကြေးသတ်မှတ်ခြင်း၊ ပလတ်စတစ်အိတ်များအတွက် အခွန် သို့မဟုတ် အိတ်ဖိုး သီးသန့်ကောက်ခံခြင်း (Plastic Tax/ Bag Fee)၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်စနစ်နှင့် ဒဏ်ကြေးသတ်မှတ်ခြင်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ မရှိသော/ မှတ်ပုံတင်ထားခြင်း မရှိသော စွန့်ပစ် ပစ္စည်းကောက်ယူသူများ (Informal Waste Pickers) ကို စနစ်တကျ အသိအမှတ်ပြု ၍ လုံခြုံရေးနှင့် ကျန်းမာရေးအတွက် အကာအကွယ်ပေးခြင်း၊ စွန့်ပစ်ပစ္စည်းစုဆောင်းမှုကွန်ရက်တွင် ထည့်သွင်းခြင်း၊စေတနာ့ဝန်ထမ်းနှင့် အလွတ် သဘော အမှိုက်ကောက်သူများကိုပံ့ပိုးခြင်း၊ ကျောင်းများ၊ ရပ်ကွက်များနှင့် လူမှုကွန်ရက် များမှတစ်ဆင့် အမှိုက်ခွဲခြားစွန့်ပစ်သည့်အလေ့အထကို ငယ်စဉ်ကတည်းက ပျိုးထောင် ပေးခြင်း၊ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင် ရွက်ခြင်း။
စွန့်ပစ်ပစ္စည်းမှသည် အရင်းအမြစ်များဆီသို့
ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (UNEP) ၏ လေ့လာချက်အရ ပတ်လည် စီးပွားရေးစနစ် (Circular Economy) အခြေခံ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနိုင်ပါက ၂၀၅၀ ပြည့်နှစ်တွင် တစ်နှစ်လျှင် အသားတင်စီးပွားရေးအကျိုးအမြတ် အမေရိကန် ဒေါ်လာ ၁၀၈.၅ ဘီလီယံအထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားပါသည်။ အတူတကွ စုပေါင်းအသုံးပြုခြင်း၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ ပြင်ဆင်မွမ်းမံခြင်း (Repair)၊ ပြုပြင်ခြင်း (Refurbishment)၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycling) စသည်တို့ကို အခြေခံသော စွန့်ပစ်ပစ္စည်း အားလုံးကို ပြန်လည်အသုံးပြုသည့် ပတ်လည်စီးပွားရေး စနစ် (Circular Economy) ချဉ်းကပ်မှုသည် စွန့်ပစ်ပစ္စည်းတိုးပွားမှုကို ထိန်းချုပ်နိုင်ပြီး စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် စွန့်ပစ်ပစ္စည်းများ/ အမှိုက်များကို ဖယ်ရှားစွန့်ပစ်ရမည့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ ကုန်ကျ စရိတ်များအဖြစ်သာ ရှုမြင်သဘောမထားပဲ ထုတ်ကုန်များအတွက် ကုန်ကြမ်းအရင်းအမြစ်များ အဖြစ် ရှုမြင်ပြီး ပြောင်းလဲဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် အတူ ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။
ကိုးကား
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ၂၀၂၀။ မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့် ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀)။
United Nations Environment Programme (UNEP), 2024. Global Waste Management Outlook 2024: Beyond an Age of Waste – Turning Rubbish into a Resource. Nairobi.
Organization for Economic Co-operation and Development (OECD), 2022. Global Plastics Outlook: Economic Drivers, Environmental Impacts and Policy Options. Paris.
Association of Southeast Asian Nations (ASEAN), 2024. Sixth ASEAN State of the Environment Report. Jakarta.






