ပြည်သူပူးပေါင်းပါဝင်မှုဖြင့်လူထုကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System C.M.R.S) သတင်းပေးတိုင်ကြားချက်အရ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် တရားမဝင် ကျွန်းသစ်ခွဲသားများ တင်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီးအားဖမ်းဆီးရမိ

သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ညွှန်ကြားရေးမှူးချုပ်ရုံး (စစ်ဆေးရေးဌာနခွဲ) မှ ညွှန်ကြားရေးမှူး ပါဝင်သော သစ်တောဝန်ထမ်း (၅) ဦးပါဝင်သည့် အဖွဲ့သည် (၅-၁၀-၂၀၂၆) ရက်နေ့တွင် တရားမဝင်သစ် တင်ဆောင်ထားသော (၆) ဘီးမော်တော်ယာဉ် (၂) စီးမှာ ရန်ကုန်ဘက်သို့ မောင်းနှင်ထွက်ခွာသွားကြောင်း သတင်းအရ အမြန်လမ်းတစ်လျှောက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၀၀/၀) ဖာလုံမှ မိုင်တိုင်အမှတ် (၅၈/၀) ဖာလုံ ကြားတစ်လျှောက်အား နယ်မြေခံ သစ်တောဝန်ထမ်းများနှင့်ပူးပေါင်း၍ တရားမဝင် သစ် တင်ဆောင်ထားသော မော်တော်ယာဉ် ဝင်ရောက် နိုင်သော လမ်းပေါက်များ နှင့် ဝင်ရောက်ပုန်းခိုနိုင်သော နေရာများအား ပိတ်ဆို့ရှာဖွေ လှည့်လည် စစ်ဆေးခဲ့ရာ မိုင်တိုင်အမှတ် (၈၀/၇) ဖာလုံနေရာ သဲဖြူချောင်းတံတားအနီး ရန်ကုန်ဘက်အခြမ်းတွင် ရပ်တန့်ထားသော တရားမဝင်ကျွန်းသစ်ခွဲသား (၂၀၆) ချောင်း (၁၄.၅၀၆၂) တန် တင်ဆောင်ထားသော မော်တော်ယာဉ်အမှတ် BGO-11 X-9518 (Nissan Diesel ၆) ဘီး မော်တော်ယာဉ် (၁) စီးအား လည်းကောင်း၊ မိုင်တိုင်အမှတ် (၆၀/၀) ဖာလုံအနီး ကျားချော-ဂျပန်တောင်သွားလမ်း ရာဘာတောအတွင်းသို့ ဝင်ရောက် ပုန်းခိုနေသော တရားမဝင်ကျွန်းသစ်ခွဲသား (၁၃၃) ချောင်း၊ (၉.၁၂၆၈) တန် တင်ဆောင်ထားသော မော်တော်ယာဉ်အမှတ် YGN-5 2H-2943 Nissan Condor (၆) ဘီး မော်တော်ယာဉ် (၁) စီးအား လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။ 

အဆိုပါ တရားမဝင်သစ်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေ ပုဒ်မ ၄၃ (က) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပုဒ်မအရ မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ တစ်တန်ထက်ပိုသော ကျွန်းသစ်ကို ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းပြုလျှင် အနည်းဆုံး ထောင်ဒဏ် (၅) နှစ်မှ အများဆုံး (၁၅) နှစ်အထိ ချမှတ် ခံရမည့်အပြင် ကျပ်သိန်း (၃၀) ထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်ဖြစ်ပါသည်။

၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်(စက်တင်ဘာလအထိ)တွင်CMRSသတင်းပေးတိုင်ကြားချက်အရနေပြည်တော်/ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှ ကျွန်း (၂၀၁.၃၂၇၇) တန်၊ သစ်မာ (၁၄၅.၈၉၂၂) တန်၊ အခြားသစ် (၇၀၄.၇၈၃၈)တန် စုစုပေါင်း (၁၀၅၂.၀၀၃၇)တန်အား တရားခံ (၁၂၅)ဦး၊ ယာဉ်/ယန္တရား (၃၅)စီးတို့နှင့်အတူ ဖမ်းဆီးရမိထားပါကြောင်း သတင်းရရှိပါသည်။

Published Date