ပြည်သူပူးပေါင်းပါဝင်မှုဖြင့်လူထုကြည့်ရှုသတင်းပို့စနစ်သတင်းပေးတိုင်ကြားချက်အရ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် တရားမဝင် ကျွန်းသစ်ခွဲသားများတင်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီးအားဖမ်းဆီးရမိခြင်း

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးဆောင်သော စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးအပါအဝင် သစ်တောဝန်ထမ်းများအဖွဲ့သည် နယ်မြေခံ သစ်တောဝန်ထမ်းများနှင့်ပူးပေါင်း၍ အမြန်လမ်းတွင် တရားမဝင်သစ်တင်မော်တော်ယာဥ်များသွားလာနေကြောင်း ပြည်သူပူးပေါင်းပါဝင်မှုဖြင့်လူထုကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System C.M.R.S) သတင်းပေးတိုင်ကြားချက်အရ (၅-၁၀-၂၀၂၆)ရက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၈၀/၇) ဖာလုံ၊ သဲဖြူချောင်းတံတားအနီး ရန်ကုန်ဘက်အခြမ်းတွင် ရပ်တန့်ထားသော တရားမဝင်ကျွန်းသစ်ခွဲသား (၂၀၆) ချောင်း (၁၄.၅၀၆၂) တန် တင်ဆောင်ထားသော မော်တော်ယာဉ်အမှတ် BGO-11 X-9518 (Nissan Diesel ၆) ဘီး မော်တော်ယာဉ် (၁) စီးအား လည်းကောင်း၊ မိုင်တိုင်အမှတ် (၆၀/၀) ဖာလုံအနီး ကျားချော-ဂျပန်တောင်သွားလမ်း ရာဘာတောအတွင်းသို့ ဝင်ရောက် ပုန်းခိုနေသော တရားမဝင်ကျွန်းသစ်ခွဲသား (၁၃၃) ချောင်း၊ (၉.၁၂၆၈)တန် တင်ဆောင်ထားသော မော်တော်ယာဉ်အမှတ် YGN-5 2H-2943 (Nissan Condor ၆) ဘီး မော်တော်ယာဉ် (၁) စီးအားလည်းကောင်း အသီးသီး ဖမ်းဆီး ရမိခဲ့ပါသည်။     အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ပြစ်မှုကျုးလွန်သူများအားစုံစမ်းဖော်ထုတ်၍ သက်ဆိုင်ရာ ရဲစခန်းတွင် သစ်တောဥပဒေ ပုဒ်မ ၄၃ (က) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၄၃ (က) ဆိုသည်မှာ " မည်သူမဆို ခွင့်ပြုမိန့်မရှိဘဲ တစ်တန်ထက်ပိုသော ကျွန်းသစ်ကို ထုတ်ယူ၊ သယ်ယူ သို့မဟုတ် လက်ဝယ်ထားရှိပါက အနည်းဆုံး ထောင်ဒဏ် (၅) နှစ်မှ အများဆုံး (၁၅) နှစ်အထိ ချမှတ်ရမည့်အပြင် ကျပ်သိန်း (၃၀) ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်"ဟု ပြဌာန်းထားကြောင်းသိရှိရသည်။     ပြည်သူပူးပေါင်းပါဝင်မှုဖြင့်လူထုကြည့်ရှုသတင်းပို့စနစ်အရ ၂၀၂၆ ခုနှစ်( ဧပြီလမှစက်တင်ဘာလအထိ) နေပြည်တော်/ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျွန်း (၂၀၁.၃၂၇၇) တန်၊ သစ်မာ (၁၄၅.၈၉၂၂) တန်၊ အခြားသစ် (၇၀၄.၇၈၃၈)တန် စုစုပေါင်း (၁,၀၅၂.၀၀၃၇)တန်အား တရားခံ (၁၂၅)ဦး၊ ယာဉ်/ယန္တရား (၃၅)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။