ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းများ စစ်ဆေး

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းများ စစ်ဆေးခြင်း

၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် တာဝန်ရှိသူများ လိုက်ပါ၍ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့နယ်၊ လိန်တောကြိုးပြင် ကာကွယ်တောအတွင်းရှိ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ခုနှစ် မိုးရာသီတွင် လူထုလှုပ်ရှားမှု အသွင်ဖြင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲပြုလုပ်၍ စိုက်ပျိုး ထားသော သစ်တောစိုက်ခင်း (၁၀)ဧက၊ ၂၀၂၅ခုနှစ်တွင် စိုက်ပျိုးထားသော ဘက်စုံသုံး စိုက်ခင်း (၃၀)ဧက၊ ၂၀၂၆ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးထားသော သစ်တော စိုက်ခင်း (၈)ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေ၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာန မြို့မ သစ်တောပျိုးဥယျာဉ်နှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ အမြဲတမ်းပျိုးဥယျာဉ်တွင်  ၂၀၂၇ခုနှစ် မိုးရာသီအတွက် ပျိုးပင်များ စုဆောင်း ပျိုးထောင်ထားမှု အခြေအနေများအား စစ်ဆေးပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထားသည့်အပင်များ ဆက်လက်ရှင်သန်စေရေးနှင့် လာမည့်မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်များ လုံလောက်စွာ ရရှိ စေရေးတို့ကိုမှာကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးသည် ယနေ့မနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တော ကျောင်း၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ဦးစွာ တည်ဆောက်ရေးတာဝန်ခံမှ တည်ဆောက်နေမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆောက်အဦများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးတို့ကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၌ ဝန်ထမ်း များအား တွေ့ဆုံအားပေးရာတွင် ပြည်ထောင်စုဝန်ကြီးက ရိုးသားကြိုးစားစွာဖြင့် ပေးအပ် ထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် မှာကြားပြီး ဝန်ထမ်းများအတွက် စားစရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် နောင်ချိုမြို့နယ် သစ်တောဦးစီးဌာန၊  လိပ်ကယ်ဆယ်ရေး စခန်း(ဘန့်ဘွေး)သို့ ရောက်ရှိရာ တာဝန်ရှိသူမှ လိပ်ကယ်ဆယ်ရေးစခန်းနှင့် ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းတင်ပြဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိပ်များအား စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်သွားရန်နှင့် စခန်းအား ကျောင်းသား၊ကျောင်းသူများနှင့် ခရီးသွားများ စိတ်ဝင်စားစွာ လေ့လာနိုင်ရေး  ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြား၍ စခန်းအတွင်း လိပ်များ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေအား လှည့်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ၂၀၂၆ခုနှစ် မိုးရာသီအတွင်း အထူးစိမ်းလန်း စိုပြည်ရေး ဧက(၂၀၀၀)စီမံကိန်းအတွင်း စိုက်ပျိုးထားသည့် မြင်ဇင်း-ပိတ်ချင်းမြောင် ကြိုးပြင် ကာကွယ်တောရှိ ဧက(၁၀၀)စိုက်ခင်းနှင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့သည့် မေမြို့ထင်းကြိုးဝိုင်းရှိ အထူးစိမ်းလန်းစိုပြည်ရေး ဧက(၁၀၀)စိုက်ခင်း တို့၏ အောင်မြင်ဖြစ်ထွန်း နေမှုအခြေအနေနှင့် ၂၀၂၇ခုနှစ် မိုးရွာသီ လူထုဖြန့်ပျိုးပင်များနှင့်  အထူးစိမ်းလန်း စိုပြည်ရေးအတွက် ပျိုးပင်များ ပြုစုပျိုးထောင်ထားရှိသည့် အင်းယားသစ်တောပျိုးဥယျာဉ်တို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း  သတင်း ရရှိသည်။

Published Date