သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၌ ကျင်းပပြုလုပ်သော အခြေခံသစ်တောပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။
ဦးစွာ သင်တန်းဆင်းစစ်ရေးပြ အခမ်းအနားကျင်းပပြုလုပ်ရာ သင်တန်းဆင်း တပ်ခွဲများမှ စစ်ရေးပြကွင်းအတွင်း နေရာယူ၍ နိုင်ငံတော်အလံအား အလေးပြုပြီးနောက် ပြည်ထောင်စု ဝန်ကြီးက ထူးချွန်ဆုရ သင်တန်းသားများအား ဆုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ သစ်တောကျောင်းကို ၁၈၉၈ ခုနှစ် စတင်ဖွင့်လှစ်ခဲ့ပြီး အခြေခံသစ်တောပညာရပ်များကို သင်ကြား ပို့ချပေးခဲ့သည်မှာ ၁၂၈ နှစ်ရှိပြီ ဖြစ်ကြောင်း၊ ဌာနအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာတွင် စွမ်းဆောင်ရည်မြင့်မားပြီး စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်၍ ပြည်သူလူထု အကျိုးကို သယ်ပိုးလိုစိတ်ရှိသည့် ဝန်ထမ်းကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ကြောင်း၊ သင်ကြားပေးလိုက်သည့် စာတွေ့လက်တွေ့ ပညာရပ်များနှင့် လုပ်ငန်းခွင် အတွေ့အကြုံတို့ကို ပေါင်းစပ်ပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်၊ နိုင်ငံတော်၏ သစ်တောသယံဇာတများ ပျက်ဆီးဆုံးရှုံးမှု မရှိစေရေးအတွက် ကာကွယ်စောင့်ရှောက်သွားရန်နှင့် တရားမဝင် ထုတ်ယူခြင်း များကို အဓိကတာဝန်တစ်ရပ် အနေဖြင့် ကာကွယ်တားဆီးသွားကြရန် ပြောကြားပြီး သင်တန်းဆင်း တပ်ခွဲများမှ ပြည်ထောင်စုဝန်ကြီးအား ချီတက်အလေးပြု၍ စစ်ရေးပြကွင်းမှ ပြန်လည်ချီတက် ထွက်ခွါခဲ့သည်။
ဆက်လက်၍ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲခမ်းနားကို ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့မှ ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူမှ ဥယျာဉ်နှင့်ပတ်သက်သည့် အချက် အလက်များနှင့် ပန်းပွဲတော် ကျင်းပပြုလုပ်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီးနောက် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။









