ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁၅)”သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

“ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁၅)” သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၂-၁၀-၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်တွင် သစ်တောသုတေသနဌာနခွဲ၊ စုဝေးခန်းမ၊ ရေဆင်း၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး တက်ရောက် အဖွင့်အမှာစကားမြွက်ကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနနှင့် သစ်တောဦးစီး ဌာန၏ တာဝန်ဝတ္တရားများကို နားလည်သဘောပေါက်ပြီး နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာ တာဝန်ယူ ဆောင်ရွက်တတ်စေရန်၊ ဦးစီးအရာရှိများ၏ စီမံခန့်ခွဲမှုနှင့် သစ်တော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ခေါင်းဆောင်ကောင်း များ ဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် ရိုးသားရမည်၊ ကြိုးစားရမည် ဖြစ်ပြီး မည်သည့်အလုပ်ကိုမျှ ပေါ့ပေါ့တန်တန် မလုပ်ဘဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရိုးသားစွာဖြင့် လုံ့လဝီရိယထားကာ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူး များ၊ အရာထမ်း/အမှုထမ်းများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ 

အဆိုပါသင်တန်းတွင် သစ်တော ဥပဒေ၊ နည်းဥပဒေများ၊ သစ်တောပြစ်မှုများ တရားစွဲဆိုရေးနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ သစ်တောစီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်နှင့်ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်း ရေးရာနှင့် ဝန်ထမ်းစည်းမျဉ်းဆိုင်ရာများ၊ သုတေသနဆောင်ရွက်မှုရလဒ်များ၊ ရေဝေရေလဲနှင့်ဒီရေတောထိန်း သိမ်းရေး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် စိုက်ခင်းတည်ထောင်ရေးစီမံကိန်းများ၊ ဇီဝမျိုးစုံ မျိုးကွဲ၊ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေး ဘာသာရပ်များကို သစ်တောဦးစီးဌာနမှ သင်တန်းဆရာများကလည်း ကောင်း၊ စာရင်းစစ်ကန့်ကွက်ချက်မဖြစ်ပေါ်ရေးဆောင်ရွက်ရန်အချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာများ၊ သစ်တောထောက်ခံချက် ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ Handheld GPS and Map Projection၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဆိုင်ရာများ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ သင်တန်းဆရာ များအား ဖိတ်ကြား၍ (၁၂-၁၀-၂၀၂၆) ရက်နေ့မှ (၂၃-၁၀-၂၀၂၆) ရက်နေ့အထိ (၂) ပတ်ကြာ ဖွင့်လှစ် သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

Published Date