သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများတွေ့ဆုံ
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်ကျော်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံး၌ ဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်သွားကြရန်၊ ပေးအပ်သော တာဝန်များကို အဂတိကင်းရှင်းစွာဖြင့် ရိုးရိုးသားသား၊ ကြိုးကြိုးစားစား၊ စေတနာထား၍ ထမ်းဆောင် ကြရန်နှင့် မိမိတို့၏ ဝန်ကြီးဌာန ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်၏ သယံဇာတများ လေလွင့် ဆုံးရှုံးမှုမရှိစေရေး၊ တရားမဝင်ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှုမရှိစေရေးတို့ မှာကြားပြီး ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘုရားကလေးရွာရှိ အမှတ်(၃၃)သစ်စက် အား သွားရောက်ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သစ်စက်နှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပြီး သစ်စက်အတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းများဖြစ်သော Asia Modern Crafts Co; Ltd နှင့် ဦးဝင်းနိုင် မြန်မာ့ပန်းပုလုပ်ငန်းသို့ သွားရောက်၍ သစ်အချောထည်များ အဆင့်ဆင့်ထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ အချောထည်များ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထိုမှတစ်ဆင့်ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)သို့ ရောက်ရှိရာတာဝန်ရှိသူမှ ကျောက်မျက် ရတနာပြတိုက်နှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက မိမိတိုင်းပြည်၏ အဖိုးတန်ရတနာများ စုစည်းပြသထားရှိမှုကြောင့် မိမိနိုင်ငံ၏ ဂုဏ်ဒြပ်ကို ဖော်ပြနေသဖြင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားရန်နှင့် ရှေးယခင်ကတည်းက လက်ရာ ကောင်းမွန်သည့် ပညာရှင်များ ရှိခဲ့ပြီးဖြစ်ပါသဖြင့် ပညာရှင်များ ဆက်လက် ပေါ်ထွန်း မွေးမြူးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ပြခန်းများပြသထားမှု အခြေအနေများနှင့် ကျောက်မျက်ရတနာ အရောင်း ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှု အခြေအနေများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။






