ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား အိန္ဒိယနိုင်ငံ၊ KCT Group of Companies, Mining Division မှ Head of Business Development ဖြစ်သူ Mr. Joydeep Banerjee ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ မှ ယနေ့ နေ့လည် (၁၃:၀၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် နှင့် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဦး တို့ တက်ရောက်ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ချင်းပြည်နယ်၌ ခရိုမိုက် သတ္တုတိုင်းတာလေ့လာရေး လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြစ်စေရေး၊ စီးပွားဖြစ် စီမံကိန်းအဖြစ် သတ္တုတူးဖော်ထုတ်လုပ်မည်ဆိုပါက စီမံကိန်းလုပ်ကိုင်မည့် နေရာဒေသတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ လိုက်နာဆောင်ရွက်ရေး၊ ဒေသခံပြည်သူ များ၏ လူမှုရေး၊ စီးပွားရေးအပေါ် သက်ရောက်မှုများကို တားဆီးကာကွယ်ရန် အစီအမံများ ဆောင်ရွက်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ စီမံကိန်းလုပ်ငန်းများ ပြီးစီးသွားသည့်နောက်ပိုင်း သစ်တောထိန်းသိမ်းခြင်း၊ သစ်တောများ စိုက်ပျိုးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေး ကြကြောင်း သတင်းရရှိပါသည်။