ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား ကိုရီးယားသမ္မတနိုင်ငံ Yeungnam University မှ Vice president Dr. Oe-chool Choi ဦးဆောင်သည့် ယနေ့နံနက် (၁၁:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ် ရှိ အစည်းအဝေးခန်းမသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
တွေ့ဆုံဆွေးနွေးရာ၌ ဒုတိယဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရ သည်။
ထိုသို့တွေ့ဆုံရာတွင် ကိုရီးယားသမ္မတနိုင်ငံက မြန်မာနိုင်ငံအား ပညာသင်ထောက်ပံ့ဆုများ အဆက်မပြတ် ပံ့ပိုးခြင်းနှင့် ပြည်ထောင်စုဝန်ကြီးကို ၂၀၁၄ခုနှစ်၊ ဧပြီလက ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သည့်အတွက် ဝန်ကြီးဌာနအနေနှင့်ရော မိမိအနေနှင့်ပါ ယောင်နမ် Yeungnam University ကို ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံ ကိုရီးယားသစ်တောကဏ္ဍ ပူးပေါင်း ဆောင် ရွက်မှု စီမံကိန်းတွင် ၂၀၁၃ခုနှစ်၊ သြဂုတ်လကစတင်ပြီး မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကမ္ဘာ့ ကျေးလက်ဖွံ့ဖြိုးမှုအစီအစဉ် (Saemaul Undong) ကွန်ယက် တည်ဆောက်ရေး လေ့လာမှုလုပ်ငန်းများ မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရ၍ ဝမ်းသာဂုဏ်ယူ ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှအကောင်အထည်ဖော်လျက်ရှိသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် လုပ်ငန်းများကို ကျေးလက်ဖွံ့ဖြိုးမှုအစီအစဉ် (Saemaul Undong) သဘောတရား၊ နည်းလမ်းများဖြင့် ပေါင်းစပ်ပူးပေါင်း လုပ်ကိုင်မည်ဆိုပါက အလွန်အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ သစ်တောကဏ္ဍဆိုင်ရာ ပညာရေး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက် ဖွံ့ဖြိုး မှုအစီအစဉ် (Saemaul Undong) နှင့် သစ်တောကဏ္ဍဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ အနာဂတ်တွင်ပိုမို ခိုင်မာတိုးပွားလာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြား၍ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အခြေခံသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။