ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ University of Manchester၊ Computational Evolutionary Biology Research Groupမှ Dr.Catherine Walton ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မှ (၄-၆-၂၀၁၄) ရက်နေ့၊ နေ့လည် (၂:၀၀) နာရီတွင် သစ်တောဦးစီးဌာနရှိ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန စီမံကိန်း နှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် ဟူးကောင်းချိုင့်ဝှမ်းဒေသ ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် အတွက် သုတေသနစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ရှားပါးတောရိုင်း တိရစ္ဆာန်နှင့်သဘာဝအပင်များ နေထိုင်ကျက်စားပေါက်ရောက်ရာ၊ သဘာဝဓာတ်သတ္တုများ ထွက်ရှိရာ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုတို့အကြား သဟဇာတဖြစ်စေရေး၊ ဒေသခံများ၏ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးလာစေရေးတို့နှင့် ပတ်သက်၍ ဦးစားပေးလုပ်ငန်းနယ်ပယ်များနှင့် ရေရှည် ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအစဉ်များကို ဖော်ထုတ်ချမှတ်နိုင်ရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်တွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြသည်။ ဆက်လက် ၍ University of Manchester နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းကြကြောင်း သတင်းရရှိသည်။