ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် Solar Impulse and Party, Switzerland မှ CEO, Co-Founder Mr. Andre Borschberg နှင့် အဖွဲ့ အား ယနေ့၇-၁၀-၂၀၁၄ ရက်နေ့၊ မွန်းလွဲ ၁၅:၀၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနစီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ တွေ့ဆုံဆွေးနွေးရာတွင် Solar Impulse and Party, Switzerland မှ CEO, Co-Founder Mr. Andre Borschberg က ၂၀၁၁ ခုနှစ် မှစတင်၍ လေယာဉ်မှူး Mr. Bertrand Piccard နှင့်အတူ ဆန်ဖရန်စစ္စကို မှ နယူးယောက်အထိ နေစွမ်းအင် (Solar Energy) သုံး လေယာဉ် သရုပ်ပြပျံသန်းခဲ့မှု၊ နိုင်ငံတော်သမ္မတ၏ အနောက်ဥရောပခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိ စဉ် နေစွမ်းအင်အသုံးချခြင်း အခြေအနေကို လေ့လာခဲ့မှု၊ လာမည့် ၂၀၁၅ ခုနှစ် မတ်လ အတွင်း အဘူဒါဘီ မှစတင်ပြီး အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံဒေသ မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ပစိဖိတ်မုဒ္ဒရာတို့ ကို ဖြတ်သန်းပျံသန်းမည့်အစီအစဉ်၊ ပြီးခဲ့သော စက်တင်ဘာလအတွင်းက နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ (UN Climate Summit) တွင် နေစွမ်းအင် အသုံးပြု၍ လေယာဉ်ပျံသန်းမှုဆိုင်ရာ ရှင်းလင်း တင်ပြခဲ့မှုတို့နှင့်ပတ်သက်၍ ဆွေးနွေး တင်ပြ သည်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများထိန်းသိမ်း ကာကွယ်မှု အခြေအနေ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုလျော့ပါးရေးအစီအစဉ် တွင် နေစွမ်းအင် နှင့် အခြားပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်များ အသုံးပြုခြင်းဖြင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချ နိုင်မှုအလားအလာ၊ မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေးအပါအဝင် ပို့ဆောင်ရေးကဏ္ဍမှ ကာဗွန်ထုတ်လွှတ်မှု အခြေအနေ၊ ရုပ်ကြွင်းစွမ်းအင်ထုတ်လုပ်ရရှိမှု ခက်ခဲလာသည်နှင့်အမျှ နေစွမ်းအင် အမြောက်အမြား ရရှိနိုင်သည့် မြန်မာနိုင်ငံအတွက် အလားအလာကောင်းများ ပေါ်ထွန်းလာမည့်အခြေအနေ၊ ကမ္ဘာတစ်ဝန်း ထင်ရှားသည့်နေရာ ဒေသများသို့ ဖြတ်ကျော် ပျံသန်းခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သော၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တစ်ခုဖြစ်သည့် နေစွမ်းအင်ကို ထိထိရောက်ရောက်နှင့် အကျိုးရှိစွာ အသုံးချနိုင်မှုအပေါ် ကမ္ဘာတစ်ဝန်းမှ လူအများ သတိပြုလာစေနိုင်မှု၊ မြန်မာနိုင်ငံမှ လူငယ်များ အတွက် နေစွမ်းအင်သုံး လေယာဉ်ပျံသန်းမှုကို မျက်မြင်ကိုယ်တွေ့ လေ့လာတွေ့ရှိရခြင်းဖြင့် အားကျ အတုယူ၍ စူးစမ်းလေ့လာလိုစိတ်များကို တိုးမြှင့်ပေးနိုင်မည့် အလားအလာများ၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သော နေစွမ်းအင် အသုံးပြုမှုကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအပေါ် အကျိုးသက်ရောက်မှု အပါအဝင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မှု၊ နောင်အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြပြီး Solar Impulse Switzerland ကပြသသည့် နေစွမ်းအင်သုံး လေယာဉ်သရုပ်ပြပျံသန်းမှု ဗီဒီယိုပြကွက်ကို ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။