ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား Sumitomo Corporation Asia and Oceania Pte. Ltd, မှ General Manager, Mr. Masateru YAMATO နှင့်အဖွဲ့သည် ယနေ့ ၁၃-၃-၂၀၁၄ ရက်နေ့ နံနက် ၁၄:၄၅ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Sumitomo Corporation အနေဖြင့် မြန်မာနိုင်ငံတွင် ရထား လမ်း၊ ကားလမ်းများ အဆင့်မြှင့်တင်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး၊ ဆက်သွယ်ရေး အစ ရှိသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန်အတွက် ဆောင်ရွက်သွား မည့်ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ထိခိုက်မှုမှလျော့ပါးရေးနှင့် ဒေသခံပြည်သူများ လူမှုသက်သာ ချောင်ချိရေးအတွက် ဆောင်ရွက်သွားရန် ကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။