ရန်ကုန်တိုင်းဒေသကြီးအတွင်း သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်ခြင်း
===========================================================
======
ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်
သာယာလှပ စေရေး၊ သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရေး၊
ပြည်သူလူထုအတွက် အခြေခံစားဝတ်နေရေး လိုအပ်ချက်များနှင့်
ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုဖြည့်တင်းပေးနိုင် ရေးတို့အတွက် သစ်တောများ
ထိန်းသိမ်းရေး၊ သစ်ပင်များ ပြန်လည် စိုက်ပျိုးရေးနှင့် ဒေသခံပြည်သူများ
အသက်မွေးဝမ်းကြောင်းမှုများ ဖွံ့ဖြိုးရေးနှင့် လူထုအသိပညာပေးရေး စသည့်
သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မုတ္တမပင်လယ်ကွေ့နှင့် ဆက်စပ်လျက်ရှိသည့်
ပင်လယ်ကမ်း ရိုးတန်းမြို့နယ်များတွင် နိုင်ငံတော်မှ ပင်လယ်ကမ်းရိုးတန်း
ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ်၊ အစိမ်းရောင်တံတိုင်း ဒီရေတောများ
စိုက်ပျိုးပေးခြင်းနှင့် အထူးဒီရေတော စိုက်ခင်း များ တည်ထောင်ပေးခြင်းစသည့်
သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ခြင်း အကျိုးရလာဒ်အဖြစ်
ဒီရေတောများ နှစ်စဉ်တိုးပွားလျက်ရှိကြောင်း လေ့လာတွေ့ရှိရ ပါသည်။ ၂၀၂၀
ပြည့်နှစ်က ရန်ကုန်တိုင်းဒေသကြီး၊ ကမ်းရိုးတန်းဧရိယာများတွင် ဒီရေတော ဧရိယာ
၅၃၅၄.၄၅ ဧကသာရှိရာမှ ၂၀၂၅ ခုနှစ်တွင် ဒီရေတောဧရိယာ ၃၇,၉၉၉.၇၈ ဧကသို့
တိုးပွားလာခဲ့ပြီး ဒီရေတောဖုံးလွှမ်းမှု ဧရိယာဧက ၃၂,၆၄၅ ဧကကျော်
တိုးပွားလျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် မြို့ပြပတ်ဝန်းကျင် စိမ်းလန်းသာယာလှပစေရေးနှင့်
သဘာဝ ပတ်ဝန်းကျင်အနေအထားများ ပိုမိုတိုးတက်ကောင်းမွန်လာစေပြီး
မြို့ပြနေပြည်သူများ၏ ကျန်းမာပျော်ရွှင်သော လူမှုဘဝများ
တိုးမြှင့်ရရှိစေရေးတို့အတွက် ပြည်သူလူထုပူးပေါင်း ပါဝင်မှုဖြင့် Green Initiatives
အစိမ်းရောင် ရှေ့ပြေးအစီအစဉ်များစွာ ချမှတ်၍ အကောင်
အထည်ဖော်ဆောင်ပေးလျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောမြေများအတွင်း မြန်မာနိုင်ငံသစ်တောများ
ပြန်လည် တည်ထောင်ရေးစီမံကိန်းအရ ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇
ဘဏ္ဍာနှစ်အတွင်း နိုင်ငံပိုင် သစ်တောစိုက်ခင်း (၄,၃၇၅) ဧက၊ ပုဂ္ဂလိက
သစ်တောစိုက်ခင်း (၁၀,၇၁၆) ဧက၊ ဓမ္မတာ မျိုးဆက်စိုက်ပျိုးခြင်း (၃,၂၇၅)ဧက၊
သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်း (၇၇၅)ဧက၊
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း (၁,၀၂၆.၄) ဧက၊
စိုက်ခင်းဟောင်းများ ပြုစု ထိန်းသိမ်းခြင်း (၃၁၅)ဧက၊ ပင်ပူးခွာကိုင်းချိုင်ခြင်း
(၁၂၅၀)ဧက၊ လူထုဖြန့်ပျိုးပင်များဖြန့်ဝေ စိုက်ပျိုးခြင်း (၄,၉၃၅,၀၀၀)ပင်၊
ကွက်လပ်ဖြည့်စိုက်ခင်း (၂၀.၁၄) ဧက နှင့် တစ်ရွာ(၂)ဧက စိုက်ပျိုးခြင်း (၅၀)
ဧက တို့ကို တည်ထောင်စိုက်ပျိုးပေးနိုင်ခဲ့ပါသည်။
သစ်တောနယ်မြေအတွင်းရှိ ရွက်အုပ်ပွင့်တောများတွင် ရွက်အုပ်ဖုံးလွှမ်းမှုများ
ပိုမို ကောင်းမွန်လာစေရေး ဓမ္မတာမျိုးဆက်ခြင်း အထောက်အကူပြုလုပ်ငန်းများနှင့်
သဘာဝ တော တန်ဖိုးမြှင့်စိုက်ပျိုးခြင်းလုပ်ငန်းများကို
ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက် ရှိပါသည်။
သစ်တောနယ်မြေပြင်ပရှိ တောနိမ့်များကို သင့်တော်သည့်နေရာများတွင်
ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း
တည်ထောင်ခြင်း၊ ကျေးရွာအနီး ဧရိယာများအား ကျေးရွာသုံးထင်းစိုက်ခင်းများ
တည်ထောင်ခြင်းနှင့် ကွက်လပ် ဖြည့်စိုက်ပျိုးခြင်းစသည်ဖြင့်
စိမ်းလန်းမြေများထွက်ပေါ်လာစေရေး သစ်တောထိန်းသိမ်းရေး
နည်းလမ်းမျိုးစုံအသုံးပြု၍ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း သစ်တောနယ်မြေ
ကျူးကျော်ဝင်ရောက်သည့် ဖြစ်စဉ်များဖြစ်သည့် တောင်လှိုင်ရိုးမကြိုးဝိုင်း၊
အကွက်အမှတ် (၁၇၊ ၁၈)အတွင်း ကျူးကျော် စိုက်ပျိုးခြင်း၊
တောင်လှိုင်ရိုးမကြိုးဝိုင်း၊ အကွက်အမှတ် (၁၈ မှ ၂၃) အထိ ကျူးကျော် စိုက်ပျိုး
ခြင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ အစိမ်းရောင်တံတိုင်း
ဒီရေတောကြိုးပြင်ကာကွယ်တောများ အတွင်း ဝင်ရောက်ကျူးကျော်ခြင်း၊
ကျောက်တန်းမြို့နယ်၊ ဘန့်ဘွေးကုန်းကြိုးဝိုင်းနှင့် အောင်ချမ်းသာ
ကြိုးပြင်ကာကွယ်တောအတွင်း ဝင်ရောက်ကျူးကျော်ခြင်းများကို
သစ်တောဥပဒေနှင့်အညီ စနစ်တကျ တားဆီးကာကွယ်နိုင်ခဲ့ပါသည်။
သစ်တောသယံဇာတများကို တရားမဝင်ထုတ်ယူသုံးစွဲခြင်းကြောင့်
သစ်တောပြုန်းတီး မှုများ မဖြစ်စေရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ
ယနေ့အချိန်အထိ တရားမဝင်သစ် (၂၃၇၈)တန်၊ မီးသွေး (၁၀၇၃) တန်၊ ထင်း
(၈၀)တန်ခန့် စုစုပေါင်း သစ်တောမှု (၆၅၅) မှု အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့်
သစ်တောဖုံးလွှမ်းမှုမြင့်တက် လာစေရေးအတွက် သစ်တောနယ်မြေများ
တိုးချဲ့ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးသစ်တောမြေများ အား
ရေရှည်ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ စဉ်ဆက်
မပြတ်ဆောင်ရွက်ခြင်း၊ တောနိမ့်များမှ သစ်တောဖုံးလွှမ်းမှုရရှိစေရန်အတွက်
တောအတန်း အစားများ ပိုမိုမြင့်တက်ကောင်းမွန်လာစေရေး ဆောင်ရွက်ခြင်း၊
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ခြင်း၊
ပြည်သူပူးပေါင်းပါဝင်သည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများ ကျင်းပကာ
သစ်တောစိုက်ပျိုးပြုစု ထိန်းသိမ်းရေးတွင် ပြည်သူများ ပူးပေါင်း ပါဝင်လာစေခြင်း၊
ဒေသခံပြည်သူများလိုအပ်သည် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ်
ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် တရားမဝင်သစ်နှင့်
သစ်တောထွက်ပစ္စည်းများ ထုတ်ယူခြင်းမရှိစေရေး တားဆီးကာကွယ်ခြင်းတို့ကို
ရန်ကုန်တိုင်းဒေသကြီးအတွင်း သစ်တောဦးစီးဌာနမှ
ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည်
သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်
နိုင်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသဖြင့်
အားလုံးပူးပေါင်းပါဝင်ပေးပါရန် နှိုးဆော်အပ်ပါသည်။


