သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် Wildlife Conservation Society (WCS) နှင့် Fauna and Flora International (FFI) တို့ ပူးပေါင်းကျင်းပသည့် နဝမအကြိမ်မြောက် ဒီရေတောဆိုင်ရာ နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့ (NCB) အစည်းအဝေးကို ယနေ့ မွန်းလွဲ(၁၄:၀၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ပါသည်။အစည်းအဝေးကို ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးလုပ်ငန်းစဉ်များ အစဉ်ပြေ ချောမွေ့စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မျှော်မှန်းထားသည့် ရည်ရွယ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး၊ မြန်မာ့ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် စီမံအုပ်ချုပ်မှုစနစ် များကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအတွက်ထိရောက်မှန်ကန်သည့်ဆုံးဖြတ်ချက် များ ရရှိနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ အစည်းအဝေးတွင် တက်ရောက်လာသူများမှ ၎င်းတို့၏ အသိပညာဗဟုသုတ ၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများအားအခြေခံ၍ မြန်မာ့ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံအုပ်ချုပ်မှုများအား စနစ်တကျ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ NCB အဖွဲ့ဝင်များဖြစ်သည့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ NGOs ၊ INGOs အဖွဲ့အစည်း များ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ ကမ်းရိုးတန်း/အဏ္ဏဝါ/ ဒီရေတောဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်မှု လုပ်ငန်းများ အား အဓိက ပူးပေါင်းဆောင်ရွက်နေသည့် WCS နှင့် FFI မှ ကိုယ်စားလှယ်များ နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါသည်။