Strengthening Forestland Community Tenure Through Policy, Pilots and Law; A Multi- Stakeholder Approach to Change စီမံကိန်းဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေး ကို ၁၅-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ သယံဇာတအရင်းအမြစ်များကို အကျိုးအရှိဆုံးဖြစ် အောင် စနစ်တကျနှင့် အသုံးချနိုင်ရေးသည် အလွန်အရေးကြီးသဖြင့် ပြောင်းလဲလာသည့် နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့် လိုက်လျောညီထွေရှိစေရန် သစ်တောမူဝါဒ၊ သစ်တောဥပဒေများကို ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အထူးသဖြင့် သစ်တောများပြုစုထိန်း သိမ်းသည့် နေရာ၊ စီမံအုပ်ချုပ်သည့်နေရာမှာပါ ပြည်သူများထိရောက်စွာ ပါဝင်နိုင်ရန်၊ မူဝါဒနှင့် ဥပဒေ များကို လက်ရှိအနေအထားထက် ပိုမိုအားကောင်းစွာ ပြင်ဆင်ရေးသားနိုင်ရန် မိမိတို့ သယံဇာတနှင့် သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊
စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ သစ်တောမြေများအတွင်း မှီခိုနေထိုင်ကြသူများ၏ သစ်တော သယံဇာတများနှင့် မြေယာပိုင်ဆိုင်ခွင့်အပေါ် တရားဝင် အသိအမှတ်ပြုမှု ရရှိစေခြင်းကို အထောက်အပံ့ ပြုနိုင်ရန်၊ သစ်တောမူဝါဒ၊ သစ်တောဥပဒေနှင့် ဆက်စပ်နေသော လုပ်ထုံးလုပ်နည်းများရေးဆွဲရာတွင် အစိုးရအဖွဲ့အစည်းများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဆက်စပ်ပတ် သက်သူများအားလုံးပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ဖြစ်ပါကြောင်း၊
စီမံကိန်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအထိ (၂)နှစ်တာကာလ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စီမံကိန်း ဆိုင်ရာ ဦးဆောင်ကော်မတီကို ကော်မတီဝင်(၁၇)ဦးဖြင့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ပါ ကြောင်း၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ကော်မတီဝင် (၂၀)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊
စီမံကိန်းဆိုင်ရာ ဦးဆောင်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို (၉-၃-၂၀၁၇)ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ်အစည်းအဝေးကို (၁၂-၆-၂၀၁၇)ရက်နေ့တွင်လည်းကောင်း၊ တတိယ အကြိမ်အစည်းအဝေးကို (၁၅-၃-၂၀၁၈)ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယခု အစည်းအဝေးသည် စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး စီမံကိန်းဆိုင်ရာ ဦးဆောင်ကော်မတီ၏ နောက်ဆုံး အကြိမ်အဖြစ် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးလည်းဖြစ်ပါကြောင်း၊
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၂)ဖြင့် (၂၁-၅-၂၀၁၈)ရက်နေ့တွင် ဇီဝမျိုး စုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကိုလည်း ကောင်း၊ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၉)ဖြင့် (၂၀-၉-၂၀၁၈)ရက်နေ့တွင် သစ်တောဥပဒေကိုလည်းကောင်း ပြဌာန်းထားရှိခဲ့ပါကြောင်း၊
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှေက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ၊ ၁၂(င)တွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဇီဝ မျိုးစုံမျိုးကွဲ ရေရှည်တည်တံ့ရေးကို ဟန်ချက်ညီစွာဖော်ဆောင်နိုင်သည့် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်သော သဘာဝထိန်းသိမ်းရေးနယ်မြေစီမံအုပ်ချုပ်မှုကို ခွင့်ပြုနိုင်သည်ဟုလည်းကောင်း၊ သစ်တော ဥပဒေပုဒ်မ ၇(ဃ)တွင် ဒေသခံများမှ ၄င်းတို့၏ ဓလေ့ထုံးတမ်းအရ ထိန်းသိမ်းထားသည့် သဘာဝ သစ်တောများနှင့် ဒီရေတောများကို အသိအမှတ်ပြုနိုင်သည်ဟုလည်းကောင်း ဖော်ပြပါရှိပါကြောင်း၊
သစ်တောများ ပြုစုထိန်းသိမ်းသည့် နေရာ၊ စီမံအုပ်ချုပ်သည့်နေရာမှာပါ ပြည်သူများ ထိရောက် စွာ ပါဝင်နိုင်ရန်အတွက် ရှေးရှု့ဆောင်ရွက်ခြင်းဖြစ်၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့်အတူ သစ်တော သယံဇာတအရင်းအမြစ်များကို ရေရှည်တည်တံ့စေရေး ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆက်လက် ၍ ကြိုးပမ်းအကောင်အထည်ဖော်ရမည့် လုပ်ငန်းများလည်းဖြစ်ပါကြောင်း၊
သစ်တောသယံဇာတများနှင့် စပ်လျဉ်းသည့် မူဝါဒ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲ သည့်အခါများမှာလည်း အားလုံးက ဆက်လက်အကြံပြုပါဝင်ပေးကြပါရန်နှင့် ယခုအစည်းအဝေးတွင် တင်ပြသွားမည့် စီမံကိန်းဆိုင်ရာ တင်ပြချက်များအပေါ် စီမံကိန်း၏ ရည်ရွယ်ချက်အတိုင်း ရလာဒ် ကောင်းများပေါ်ထွက်လာမှုရှိ/ မရှိ၊ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ သတိပြုစဉ်းစားရမည့်အချက် များကို ဝိုင်း၀န်းသုံးသပ်ဆွေးနွေးအကြံပြုပေးကြပါရန် ပြောကြားပါသည်။
အခမ်းအနားသို့ စီမံကိန်းဆိုင်ရာ ဦးဆောင်ကော်မတီဝင် ဆက်စပ်ဌာနအကြီးအကဲများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ရန်ပုံ ငွေ ပံ့ပိုးကူညီပေးသော မဲခေါင်ဒေသ မြေယာစီမံအုပ်ချုပ်မှု စီမံကိန်း(Mekong Region Land Governance) နှင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ပေးနေသည့် Land Core Group မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။