“ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁၅)” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
“ဦးစီးအရာရှိ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁၅)”သင်တန်းဆင်းပွဲ အခမ်း အနားကို (၂၃-၁၀-၂၀၂၆) ရက်နေ့တွင် သစ်တောသုတေသနဌာနခွဲ၊ စုဝေးခန်းမ၌ ကျင်းပရာ သစ်တော ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖေချစ် တက်ရောက် အမှာစကားပြောကြားသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြို့နယ်အဆင့် တာဝန်ခံသစ်တောအရာရှိများအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက် နိုင်ရန်၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ကာ တာဝန်ယူ ဆောင်ရွက်တတ်စေရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ် ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသားများအနေဖြင့် ပြောင်းလဲလာသည့် ခေတ်၊ စနစ်၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်လျောညီထွေဆောင်ရွက်ကြရန်၊ သင်တန်းမှရရှိသည့်အသိပညာရပ်များကို လုပ်ငန်းခွင်နယ်ပယ်တွင် လက်တွေ့ပြန်လည်အသုံးချကာ စာရင်းစစ်ကန့်ကွက်ချက်များနှင့် အဂတိ လိုက်စားမှုများကို ရှောင်ရှားလျက် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်သည့် နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
သင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူး များအပြင် ပြင်ပဝန်ကြီးဌာနများဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင် စု ရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန တို့အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ ကျွမ်းကျင် ပညာရှင်များမှ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/မများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး(၁၂-၁၀-၂၀၂၆) ရက်နေ့မှ(၂၃-၁၀-၂၀၂၆)ရက်နေ့အထိ (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသတင်းရရှိသည်။