မြန်မာနိုင်ငံသစ်တော ပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျဆင်းခြင်းပုံစံနှင့် သစ်တောထိန်းသိမ်းခြင်း၊စီမံအုပ်ချုပ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကြံပြုတင်ပြခြင်း

Publication Type
Primary Document
Document
Summary
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ အဓိကကုန်းမြေပေါ်တွင် သစ်တောဖုံးလွှမ်းမှုအများ ဆုံးဖြစ်သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာအရေးပါသည့် ဇီဝမျိုးစုံမျိုးကွဲများတည်ရှိရာ ဒေသတစ်ခုဖြစ်ပါသည်။ သို့သော် သစ်တောဖုံးလွှမ်းမှုသည် ၁၉၉၀ ခုနှစ်တွင် ၅၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၄၄ ရာခိုင်နှုန်းထိ လျော့နဲသွားခဲ့ပြီး ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အတွင်း ကမ္ဘာပေါ်တွင် သစ်တောပျက်စီးမှုနှုန်း တတိယအများဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။ နှစ်ပေါင်းများစွာစစ်အာဏာရှင် အုပ်ချုပ်မှု စနစ်၏ အကျိုးဆက်အဖြစ် လက်ရှိဒီမိုကရေစီအစိုးရ လက်ထက်တွင် သစ်တောပြုန်းတီးမှုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာမျိုးစုံ ရင်ဆိုင်ဖြေရှင်းလျှက်ရှိပါသည်။ ဤသုတေသနစာတမ်း၏ ရည်ရွယ်ချက်မှာ ၂၀၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပုံစံနှင့် ပြုန်းတီးမှုနှုန်းထားများအား နားလည်သိရှိ ပြီး မြန်မာ့သစ်တော စီမံအုပ်ချုပ် လုပ်ကိုင်မှု ဖွံ့ဖြိုးတိုးတက်စေရန် သင့်လျော်သော မူဝါဒများချမှတ်ခြင်း အတွက် အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပါသည်။ ၂၀၀၅၊ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တို့အတွက် ဂြိုလ်တု ဓါတ်ပုံများမှ ရရှိသောမြေ အသုံးချမှုဆိုင်ရာမြေပုံများအား မြန်မာနိုင်ငံ၊ သစ်တောဦးစီးဌာနမှ ရယူသုံးစွဲ ခဲ့ပြီး သုတေသန စာတမ်းများ၊ အစီရင်ခံစာများကို လေ့လာဖတ်ရှု ပြုစုခဲ့ပါသည်။ သစ်တော ဖုံးလွှမ်းမှု ပြောင်းလဲခြင်း၊ လျော့နည်းခြင်းများ ဆန်းစစ်ခြင်းအား ArcGIS (10.6) software အသုံးပြုဆောင်ရွက်ခဲ့ပါ သည်။ သုတေသနရလာဒ်များအရ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ ခုနှစ် အတွင်း သစ်တောဖုံးလွှမ်းမှု ၂.၅၈ ရာခိုင် နှုန်းနှင့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း ၀.၉၇ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း တွေ့ရှိ ခဲ့ပါ သည်။ သုတေသနဆန်းစစ်ချက်များအရ သစ်တောအပြောင်ရှင်းလင်း၍ ပြုန်းတီးခြင်းထက် သစ်တောရွက်အုပ် ဖုံး လွှမ်းမှုလျော့ကျပြီး သစ်တောအတန်းအစား ကျဆင်းခြင်းမှတဆင့် အခြားမြေ အသုံးချမှုများ ဝင်လာ ပြီး ပျက်စီးခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သုတေသနစာတမ်းမှ အကြံပြုချက်များမှာ အဓိက ဇီဝ မျိုးစုံမျိုးကွဲများတည်ရှိပြီး ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း မရှိသေးသောနေရာ များအတွက် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်းအား ဦးစားပေး ဆောင်ရွက်သင့်ပါ ကြောင်း၊ မြန်မာ့သစ်တော ထိန်းသိမ်းကာကွယ်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်းတို့အတွက် ဒေသခံပြည်သူ လူထုပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် အလေးထားဆောင်ရွက် သင့်ပါကြောင်း၊ မြန်မာ့သစ်တော စီမံအုပ်ချုပ်မှုတွင် ပြည်ထောင်စုအစိုးရမှ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသို့ လုပ်ပိုင်ခွင့် အာဏာ များခွဲဝေ တိုးမြှင့် ပေးသင့်ပါကြောင်း၊ သစ်ကုန်သွယ်မှုကဏ္ဍတွင် အဂတိလိုက်စားမှု စနစ်မှ ရုန်းထွက် နိုင်ရန်အတွက် ဒေသခံအသေးစားနှင့်အလတ်စား ရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေ ရန်အားပေးကူညီဆောင်ရွက်သင့်ပါကြောင်းနှင့် မြန်မာ့သစ်တောစောင့်ကြည့် အကဲဖြတ်ခြင်းတွင်အဆင့် မြင့် Remote Sensing and GIS နည်းပညာများ အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေး ဆောင်ရွက်သင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။