မြန်မာ့ရွက်ကြွေတောရှိ သစ်ပင်(၆)မျိုး၏အခေါက်၏အတွင်းအပြင်လက္ခဏာများနှင့် အခေါက်နှင့် ဆက်စပ်လျှက်ရှိသော သစ်သားကိုလေ့လာခြင်း

Publication Type
Primary Document
Document
Summary
သစ်တောသုတေသနဝင်း သစ်ပင်ကြီးများ ဥယျာဉ် (Arboretum) အတွင်းရှိ မြန်မာ့ရွက်ကြွေ တောဝင် မျိုးစိတ်(၆)မျိုးတို့ကိုစုဆောင်း၍ မျိုးမည်ဖော်ပြီး လေ့လာပါသည်။ အခေါက်နှင့်သစ်သားကို Sliding Microtime၊ Rotary Microtime တို့နှင့် အလွှာပါးများဖြတ်ပြီး Johansen’s (1940) နည်း အတိုင်းဆေးဆိုးပါမည်။ ၎င်းတို့၏ အခေါက်၊ အစာ ရေကြောအသားတိုးလွှာနှင့် သစ်အကာသား တို့၏ အပင်ခန္ဓာဗေဒ လက္ခဏာများကိုပုံများနှင့်တကွ ဆွေးနွေးတင်ပြထားပါသည်။ သစ်အကာသား များ (၆)မျိုး စလုံးသည် ဖက်သန်း(Fernandoa adenophylla) မှအပ၊ diffuse-porous ဖြစ်သည်။ နဘဲ (Lannea coromandelica)မှ အပ၊ ရေကြော ရောင်ခြည်ဆဲလ်များသည် homogeneous ဖြစ်သည်။ ရေကြောဖိုက်ဘာများသည် နဘဲမှအပ၊ အကန့် နံရံမဲ့ဖြစ်သည်။ နဘဲ၊ သစ်ဠင်းတ၊ ပိတောက် သစ်သား တို့တွင် Tyloses များပါ၀င် သည်။ နဘဲ(Lannea coromandelica)၊ ပိတောက် (Pterocarpus macrocarpus) နှင့်ပျဉ်းကတိုး(Xylia xylocarpa) သစ်သားတို့တွင် ကော်စေးများပါ၀င်သည်။ နဘဲ၊ ဖက်သန်းတို့၏ အခေါက်နှင့်သစ်သားအကြားတွင်ရှိ အစာရေကြော အသားတိုးလွှာတွင် ထပ်ကြပ် ဆင်းဆဲလ်များသည် အလွှာများစွာရှိသည်။ မျိုးစိတ်(၆)မျိုးစလုံး၏ အခေါက်တွင် ဆန်ကာ ပြွန်ဆဲလ် များ(sieve tubes)သည် ဘေးနံရံ၌ ဆန်ကာကွက် နေရာများပါသည်။ နဘဲတွင်မူ ဘေးနံရံ များကို ကွန်ယက်များ ကဲ့သို့တွေ့ရသည်။ ကွန်ယက်များ ကဲ့သို့ နံရံထူနေသည်ကို ဖက်သန်း(Fernandoa adenophylla) နှင့် သစ်ဠင်းတ (Heterophragma sulfureum) တို့၏ ဆန်ကာပြွန်ဆဲလ်များ ထိပ်ပိတ်နံရံတွင်တွေ့ရသည်။ ပျဉ်းကတိုး၏ ဆန်ကာပြွန် ဆဲလ်များ၏ ထိပ်ပိတ်နံရံတွင်၊ ဆန်ကာ ပြင် များ (sieve plates) စုပေါင်းနေပြီး ဆန်ကာပြင်တစ်ခုစီသည် ကြီးနေသည်ကိုတွေ့ရသည်။ ဖက်သန်း အခေါက်နှင့် သစ်လင်းတအခေါက်တို့တွင် spiral thickenings ရှိသော ဖိုက်ဘာနှင့်တူသော ဆဲလ်များကိုတွေ့ရသည်။ ထို့ပြင် ဤနှစ်စ်ပင်၏ ပေရင်ခိုင်မာ ဆဲလ်များ တွင် တုတ်ချောင်းပုံ အစာ ပစည်းကို တွေ့ရသည်။ နဘဲပင်အခေါက်တွင် စစ်ထုတ်ပြွန်များရှိသည်။ ၎င်းတို့သည်အတွင်းနံရံကို ပေရင်ခိုင်မာဆဲလ်များဖြင့် ၀န်းရံထားသည်။ ထို့ပြင်စစ်ထုတ်ပြွန်များကို multiseriate phloem ray များတွင်လည်းတွေ့ရသည်။ ပိတောက်တွင် စစ်ထုတ်ဆဲလ်များကို တစ်ခုချင်းဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ တွေ့ရသည်။ ပျဉ်းကတိုး၏ အခေါက်အပြင်လွာတွင် sclereids ခေါ် ဆဲလ်များ အလွာ လိုက်၊ ပြင်လိုက်တွေ့ရသည်။ ဤအပင်ခန္ဓာဗေဒ ဝိသေသလက္ခဏာများကို သိရခြင်းသည် သစ်ပင် မျိုးစိတ်တို့၏အပင်ခန္ဓာဗေဒကို ထပ်ဖြည့်ပေးနိုင်သည်။ ထို့ပြင် ဤသစ်သား ပိုင်းနှင့် အခေါက် တို့၏ ဝိသေသလက္ခဏာများကိုသိရခြင်းသည် မြန်မာနိုင်ငံရှိ မြန်မာ့ရွက်ကြွေတောဝင် သစ်ပင်မျိုးစိတ်များကို မျိုးမည်ဖော်ရာ၌ အသုံးဝင်ပါသည်။