သာယာဝတီခရိုင်၊ ကြိုးဝိုင်းတောများအတွင်း ပြန့်ကျဲစွာ နေထိုင်သော အိမ်ထောင်စုများအား ပြန်လည်နေရာချထားရေး စီမံချက်အပေါ် အိမ်ထောင်စုများ၏သဘောထားအမြင်များအား သုံးသပ်ခြင်း

Publication Type
Primary Document
Document
Summary
မြန်မာနိုင်ငံတွင် ကြိုးဝိုင်းတောများ အပါအဝင် သစ်တောနယ်မြေများအတွင်း အခြေချ နေထိုင်မှု များသည် သစ်တောများ စဉ်ဆက်မပြတ်ရေရှည်တည်တံ့ရေးအား ထိခိုက် နိုင်သည့် အဓိက အကြောင်းအရာများအနက်မှ တစ်ခုဖြစ်ပါသည်။၂၀၁၃ခုနှစ်မှ စတင်၍ နိုင်ငံတော် အစိုးရက သစ်တောနယ်မြေများအတွင်း အခြေချ နေထိုင်မှုများအား အဓိက အလေးထားခဲ့ပြီး ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများအတွင်း အခြေချ နေထိုင် သူများ အား ပြန်လည်နေရာချထားသည့် စီမံချက်ကို ရေးဆွဲခဲ့ပါသည်။ စာတမ်း၏ ရည်ရွယ်ချက်မှာ သစ်တောနယ်မြေများတွင် အခြေချ နေထိုင်သူများအနက်မှ ကြိုးဝိုင်း အတွင်း နေထိုင် လျက်ရှိသော ပြန့်ကျဲအိမ်ထောင်စုများ၏ နေထိုင်ရခြင်း အကြောင်းရင်းများနှင့် စီမံချက် အပေါ် အမြင်များကို လေ့လာခြင်းဖြင့် စီမံချက် အကောင်အထည်ဖော်ရာတွင် အထောက် အပံ့ဖြစ်စေရန်အတွက် ဖြစ်ပါသည်။ ဤသုတေသနကို ဒေသတစ်ခုအား အသေးစိတ် လေ့လာခြင်း (case study) နည်းစနစ်အရ ပြန့်ကျဲ အိမ်ထောင်စု များစွာတည်ရှိသည့် သာယာဝတီခရိုင်မှ ကြိုးဝိုင်းတော နှစ်ခုအားရွေးချယ်၍ qualitative နှင့် quantitative နည်းလမ်းများအား အသုံးပြုကာ ဆောင်ရွက်ခဲ့ပါသည်။ အချက်အလက် ကောက်ယူရာတွင် စုစုပေါင်း အိမ်ထောင်စု ၄၉ စုအား snowball sampling နည်းစနစ်ဖြင့် ရွေးချယ် မေးမြန်းခဲ့ပါသည်။ ရလဒ်များကို ကြိုးဝိုင်းတွင်းရှိ လယ်ယာများတွင် အစုအဖွဲပိုင် သစ်တောများ တည်ထောင်ပြီးသည့် အိမ်ထောင်စုများနှင့် တည်ထောင်မှု မရှိသေးသည့် အိမ်ထောင်စုများအဖြစ် အုပ်စုနှစ်စုခွဲ၍ ဆွေးနွေးပါသည်။ DPSIR Frameworkကို အသုံးပြု ၍ အုပ်စုတစ်ခုစီမှ အိမ်ထောင်စုများ၏ ကြိုးဝိုင်းအတွင်းနေထိုင်ရသည့် အကြောင်း အရင်းများ အား ဖိအားပေးသည့် တွန်းအားများအနေဖြင့် သုံးသပ်ခြင်း၊ လက်ရှိ လူမှု စီးပွား ရေး အခြေအနေများ၊ မြေပိုင်ဆိုင်မှုများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း များအား လေ့လာ၍ လက်ရှိအခြေအနေကို သုံးသပ်ခြင်းနှင့် စီမံချက် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်မှု မြှင့်တင်နိုင်ရန် အိမ်ထောင်စုများ၏ သဘောထားအမြင်များအား တုံပြန်မှု အနေ ဖြင့် ဆန်းစစ်ခြင်းဟူ၍ ခွဲခြား သုံးသပ်ထားပါသည်။ သုတေသန ရလဒ်များအရ အိမ်ထောင်စုများ ၏ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေ အရင်းအမြစ်များအတွက် အဓိက လိုအပ်ချက်နှင့် အဓိက စိတ်ဝင်စားမှုသည် နေထိုင်လုပ်ကိုင် စားသောက်ရန် မြေနေရာ ဖြစ်ကြောင်းနှင့် မြေအသုံးပြုခြင်း ဆိုင်ရာ ရပိုင်ခွင့်ကို လွှဲပြောင်းရရှိနိုင်ခြင်းသည် စီမံချက် အကောင်အထည်ဖော်ရာတွင် အိမ်ထောင်စုများ ပူးပေါင်း ပါဝင်မှုအား မြှင့်တင်နိုင်ကြောင်း တွေ့ရှိရပါသည်။ သုတေသန စာတမ်းသည် သစ်တောဌာန အနေဖြင့် စီမံကိန်း အကောင် အထည်ဖော်ခြင်းဆောင်ရွက်ရာတွင် မြေအသုံးချခြင်းဆိုင်ရာ ရပိုင်ခွင့်များကို အိမ်ထောင် စုများအား သေချာစွာ နားလည်သဘော ပေါက်ရန် ရှင်းလင်း သတင်းပေးရန်နှင့် အစုအဖွဲ့ ပိုင်သစ်တောများ တည်ထောင်ရာတွင် ချမ်းသာ သော အိမ်ထောင်စု များမှ လက်ဝါးကြီး အုပ်မှုများအား ကာကွယ်ရန် အထူးဂရုပြု သင့်ကြောင်း အကြံပြုထား ပါသည်။