သဘာဝထိန်းသိမ်းရေးနယ်မြေများ

Forest Department

သဘာဝထိန်းသိမ်းရေးနယ်မြေများ

Protected area overview and biodiversity context.

နောက်ခံသမိုင်းအကျဉ်း
**************************
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကုန်းမြေဒေသတွင် အကြီးဆုံးနိုင်ငံဖြစ်ကာ ဧရိယာအားဖြင့် ၆၇၆,၅၇၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါသည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့နှင့် နယ်မိတ်ထိစပ်လျက်ရှိပါသည်။

မြန်မာနိုင်ငံ ဧရိယာ၏ ၄၀ % မှာ တောင်တန်းများဖြစ်ပြီး၊ အဓိကအားဖြင့် ဟိမဝန္တာအရှေ့ဖျားမှ ဆက်သက်လာသည့် တောင်တန်းများ၊ ချင်းတောင်တန်း၊ အနောက်ဘက်ကုန်းမြင့်ဒေသ၊ ပဲခူးရိုးမ၊ အရှေ့ဘက်ကုန်းမြင့်ဒေသနှင့် တနင်္သာရီတောင်တန်းများ ဖြစ်ကြပါသည်။ မြေမျက်နှာသွင်ပြင်အမျိုးမျိုး၊ များပြားသော မြစ်/ချောင်းများနှင့် ကွဲပြားခြားနားသည့် ရာသီဥတုအခြေအနေတို့မှ မျိုးစိတ်အများအပြား နေထိုင်လျက်ရှိသည့် ဂေဟစနစ်အမျိုးအမျိုးကို ဖြစ်စေပါသည်။

သဘာဝထိန်းသိမ်းရေနယ်မြေ(Protected Area-PA) စတင်ပေါ်ပေါက်လာပုံ
**************************************************************************************
လူသားတို့၏တိုးတက် ပြောင်းလဲလာသည့် လူနေမှုပုံစံများ၊ လူဦးရေ ၊ အိမ်‌ခြေ တိုးတက်လာမှုများ၊ စိုက်ပျိုးမြေချဲ့ထွင်မှု၊ကမ္ဘာ့စစ်ပွဲကြီးများ၊ စက်မှုလုပ်ငန်းများတိုးတက်လာခြင်း နှင့်အတူသဘာဝသယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲလာမှုများ တစ်နေ့တစ်ခြား ပိုမိုများပြားလာခဲ့သည့်အလျောက် သဘာဝသယံဇာတများ၊ ဂေစနစ်များ လျော့နည်း ပျက်စီးလာသည်။
နယ်ပယ်သစ်များရှာဖွေရာတွေ့ရှိမှု အစပိုင်းတွင် အာဖေရိကတိုက်မှ သစ်နှင့် စိန်၊ ရွှေ၊ သတ္တုများ၊ ကျေးကျွန်များတို့သည် အလွန်ပင် ခေတ်စားခဲ့သည့် ကုန်ပစ္စည်းများ ဖြစ်နေခဲ့ပြီး ထူးဆန်းသော သတ္တဝါမျိုး စိတ်များတို့ သည်လည်း ကိုလိုနီအရာရှိများအတွက် အမဲလိုက်သတ်ဖြတ်မှုများကို အမဲလိုက်ကစားပွဲအသွင်မျိုးအထိ၊ ပြိုင်ပွဲပြုလုပ်ခဲ့သည်အထိ ခေတ်စားလာခဲ့သည်မှာ ၁၈ ရာစု၊ ၁၉ ရာစုအထိပင်အစဉ်အဆက် ဆောင်ရွက်ခဲ့ကြသည်ဟု မှတ်တမ်းများက ဆိုထားပါသည်။
အမေရိကတိုက်ကို ရှာဖွေတွေ့ရှိချိန်မှ ၁၈ ရာစုကုန်ထိ အမဲလိုက်ပစ်ခတ်မှုကြောင့် အမေရိကန် ဘိုင်ဆင်ခေါ် ကျွဲရိုင်းများ မျိုးသုဉ်းလုနီးပါးအခြေအနေသို့ ရောက်ရှိခြင်းကို အစိုးရပိုင်းမှ စတင်သတိပြုမိလာခဲ့သည်။ ဗြိတိန်နိုင်ငံ မှလည်း အာဖရိက တိုက်တွင် သတ္တဝါများကို ပစ်ခတ်သတ်ဖြတ် အမဲလိုက်မှုများကိုပါ ထိန်းသိမ်းလုပ်ဆောင်ရန် လိုလာကြောင်း သတိပြုမိ လာခဲ့ကြပါသည်။ ၁၉၃၃ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များ ကာကွယ်ရေး ကွန်ဖရင့်ကြီးမှ စတင်၍ သဘာဝထိန်းသိမ်းရေးနယ်မြေ (Protected Area) ဆိုသည့် စကားရပ်ကို စတင်အသိအမှတ်ပြုသုံးစွဲ၍ သားငှက်တိရစ္ဆာန်များ နှင့် သဘာဝအပင်များကို မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ်မှ ကာကွယ်ပေးနိုင်ရေး ၎င်းတို့နေရင်းဒေသ နယ်မြေများကိုထိန်းသိမ်းကာကွယ်ရန် အားလုံးက သဘောတူလက်ခံခဲ့ကြသည်။

မြန်မာနိုင်ငံရှိ သတ်မှတ်ဖွဲ့စည်းပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ
*******************************************************************************
မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၄)ခု သတ်မှတ်ဖွဲ့စည်းထားရှိပြီး နိုင်ငံဧရိယာ၏ ၅.၈၅ % ဖြစ်ပါသည်။ ဖွဲ့စည်းတည်ထောင်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၄)ခုအနက် အာဆီယံဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် ယဉ်ကျေးမှုတို့အရ အာဆီယံအမွေအနှစ်ဥယျာဉ်များ (ASEAN Heritage Park−AHP) များအနေဖြင့် အသိအမှတ်ပြုသတ်မှတ်ခြင်းခံထားရသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ(၇)ခုမှာ အလောင်းတော် ကဿပအမျိုးသားဥယျာဉ်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ နတ်မတောင်အမျိုးသားဥယျာဉ်၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တို့ဖြစ်ကြပါ သည်။
ထို့အပြင် ရမ်ဆာကွန်ဗင်းရှင်း(Ramsar Convention) ဟု လူသိများသည့် ရေဝပ်ဒေသများ ကွန်ဗင်းရှင်းမှ နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသ(Ramsar Site)အဖြစ် သတ်မှတ်ခံထားရသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ(၅)ခုရှိပြီး၊ ၎င်းတို့မှာ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့ဒေသ(မွန်ပြည်နယ်အပိုင်း) နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တို့ဖြစ်ကြပါသည်။ ၎င်းတို့သည် ရာသီရွေ့ပြောင်း ကျရောက် ကျက်စားသည့် ကမ္ဘာ့ရွှေ့ပြောင်းငှက်မျိုးစိတ်များအတွက် အရေးကြီးသည့် အရှေ့အာရှ-သြစတြေးလျ ပျံသန်းလမ်းကြောင်း (East-Asian Australasian Flyway) နှင့် ဗဟိုအာရှဒေသ ပျံသန်းလမ်းကြောင်း (Central Asian Flyway) တို့တွင်လည်း ကျရောက်လျက်ရှိပါသည်။
သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများပါဝင်မှု၊ ထောက်ခံအားပေးမှုတို့အား မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် (Man and Biosphere Reserve-MAB)အဖြစ် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သတ်မှတ်ခံထားရပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများ တည်ထောင်ရခြင်း၏ရည်ရွယ်ချက်
**************************************************************************************************
(၁) နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ရေးဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
( ၂) ဂေဟစနစ်များနှင့် ယင်းတို့အတွင်းတည်ရှိနေသည့် သဘာဝအပင်များ၊ မှီတင်း နေထိုင်ကျက်စားသည့် တောရိုင်းတိရစ္ဆာန်များ၊ ရာသီအလိုက်ပြောင်းရွေ့ ကျက်စား တတ်သည့် သတ္တဝါများ၊ မြန်မာနိုင်ငံအတွင်းတွင်သာ တွေ့ရှိရသည့် ဒေသမျိုးရင်း အပင်နှင့် သတ္တဝါများတို့ကို ကာကွယ်ထိန်းသိမ်းရန်၊
( ၃) သဘာဝသိပ္ပံဆိုင်ရာသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊
(၄) သဘာဝအမွေအနှစ်များကို ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်အောင်မြင်စေရန် ပြည်သူလူထု ပူးပေါင်းပါဝင် ထိန်းသိမ်းသည့် စီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့၏ သဘာဝနယ်မြေ အမျိုးအစား သတ်မှတ်ချက်
**************************************************************************************************************************************
အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ International Union for the Conservation of Nature and Natural Resources (IUCN) သည် ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အခြေစိုက်ရုံးဖွင့် လှစ်ထားသည်။ သဘာဝအရင်းအမြစ်များအပေါ် စနစ်တကျ ရေရှည်တည်တံ့ရေး ထိန်းသိမ်းဆောင်ရွက်သည့် အဖွဲ့အစည်းကြီးလည်းဖြစ်သည်။ IUCN၏ လုပ်ငန်းအဖွဲ့ခွဲတစ်ခုဖြစ်သည့် ကမ္ဘာ့သဘာဝ နယ်မြေများ ထိန်းသိမ်းရေးကော်မရှင်(World Commission on Proected Areas- WCPA) သည် IUCN Protected Area System Category အဖြစ် သဘာဝနယ်မြေအမျိုးအစားများကို အောက်ပါအတိုင်း အတန်းအစား (၆) ခု ခွဲခြားသတ်မှတ်ထားပါသည်-

(၁) I a – Strict Nature Reserve – တားမြစ်သဘာဝထိန်းသိမ်းရေးနယ်မြေ၊ I b – wilderness Area – တောရိုင်းနယ်မြေ၊

(၂) II –National Park- အမျိုးသားဥယျာဉ်၊

(၃) III – Natural Monument – သဘာဝအထိမ်းအမှတ်နယ်မြေ၊

(၄ ) IV – Habitat/ Species Management Area – နေရင်းဒေသ သို့မဟုတ် မျိုးစိတ်များ စီမံအုပ်ချုပ်မှုနယ်မြေ၊

(၅) V – Protected Landsacpe/Seascape – ကာကွယ်ထားသည့် နယ်မြေ သို့မဟုတ် ကာကွယ်ထားသည့် ပင်လယ်ပြင်ဒေသ၊

(၆) VI– Management Resource Protected Area စီမံအုပ်ချုပ်မှုဖြင့်သယံဇာတကာကွယ်ထားသည့်နယ်မြေ၊

မြန်မာနိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်း
*************************************************************************
ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ(၂၀၁၈)အရ သတ်မှတ်ထုတ်ပြန်ကြေညာထားသော သဘာဝထိန်းသိမ်းရေးနယ်‌မြေ အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) သိပ္ပံကြိုးဝိုင်း၊

( ၂) အမျိုးသားဥယျာဉ်၊

(၃) အဏ္ဏဝါအမျိုးသားဥယျာဉ်၊

(၄) သဘာဝကြိုးဝိုင်း၊

(၅) တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊

(၆) ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ၊

(၇) ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ။