Research publication

Publication Type

မြန်မာ့သစ်ခွမျိုးစုံမျိုးကွဲများအား ရုက္ခဗေဒဆိုင်ရာ သုတေသနပြု လေ့လာခြင်း

Summary
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ပင်မကုန်းမြေထုပေါ်တွင် တည်ရှိပြီး အင်ဒို-ဗားမား ဇီဝမျိုးစုံမျိုးကွဲ အထင်ကရ ရပ်ဝန်းအတွင်း ကျရောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ဇီဝမျိုးစုံ မျိုးကွဲ ပေါကြွယ်ဝသော ဂေဟစနစ်နယ်မြေများ ပါဝင်လျက်ရှိပါသည်။ ဉပမာ အပူပိုင်း မိုးသစ်တော များ၊ ဒီရေတောများ၊ သမပိုင်းတောင်ပေါ်တောများ အထူးပေါများလျက်ရှိပါသည်။ သို့သော် ဇီဝမျိုးစုံ မျိူးကွဲ သုတေသနလုပ်ငန်းများသည် အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် နောက်ကျ ကျန်လျက်ရှိ နေပါ သည်။ ၂၀၀၃ ခုနှစ်တွင် ပြုစုခဲ့သော မြန်မာ့အပင်မျိုးစိတ်များစာရင်းအရ မြန်မာနိုင်ငံတွင် မျိုးစိတ် ပေါင်း ၁၁,၈၀၀ မျိုးအား မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါသည်။ အဆိုပါစာရင်းတွင် မြန်မာ့သစ်ခွ မျိုးစိတ် ၈၀၀ ကျော်အားလည်း မှတ်တမ်းတင်ထားရှိခဲ့ပါသည်။ သစ်ခွမျိုးရင်းသည် မျိုးစေ့ဝှက်ပင် များအုပ်စုတွင် ဒုတိယအကြီးဆုံးမျိုးရင်းဖြစ်သည့်အားလျော်စွာ မျိုးစိတ်သစ်တွေ့ရှိမှုများသည့် မျိုးရင်းလည်းဖြစ်ပါသည်။ မြန်မာ့သစ်ခွမျိုးစုံမျိုးကွဲ ကိန်းဂဏန်းအချက်အလက်စာရင်းများသည် လွန်ခဲ့သည့် ဆယ်စုနှစ်(၅)ခု၌ လုပ်ဆောင်ထားခဲ့သည့် ရုက္ခဗေဒဆိုင်ရာလေ့လာမှုများကိုသာ အခြေခံ ထားသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်သောကြောင့် အသစ်တဖန် လေ့လာပြုစုရန် လိုအပ် လာပါသည်။ ထို့အပြင် သစ်ခွမျိုးစိတ်အများစုသည်လည်း မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ် အမျိုးမျိုးနှင့် ရင်ဆိုင်နေရပါသည်။ ဤသုတေသနလုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့သစ်ခွ မျိုးစိတ်ကြွယ်ဝမှုအား ကောင်းစွာနားလည်လာနိုင်ရန်ဖြစ်ပါသည်။ ဤသုတေသနလုပ်ငန်း၏ ရလဒ် အနေဖြင့် သစ်ခွမျိုးစိတ်သစ်(၅)မျိုးနှင့် သစ်ခွမျိုးစိတ်မှတ်တမ်းသစ်(၃၀)မျိုးတို့အား မြန်မာနိုင်ငံမှ လေ့လာတွေ့ရှိခဲ့ပါသည်။ ကွင်းဆင်းလေ့လာမှုများ၊ ပန်းပုံစံနမူနာများ လေ့လာခြင်း၊ သက်ဆိုင်ရာ စာပေမှတ်တမ်းများအား အခြေခံ၍ မြန်မာ့သစ်ခွမျိုးစိတ်များစာရင်းအား အသစ် တဖန် ပြုစုထားပြီး ဖြစ်ပါသည်။ အဆိုပါစာရင်းတွင် မျိုးစု(၁၅၁)စုအောက်တွင် မြန်မာ့သစ်ခွမျိုးစိတ်ပေါင်း (၁၀၄၀) မျိုး အား ပြုစုထားရှိပြီးဖြစ်ပါသည်။ ယခင်သစ်ခွမျိုးစိတ်စာရင်း(၈၀၀ မျိုး)ထက် မျိုးစိတ်ပေါင်း(၂၀၀) ကျော် တိုးများလာပါသည်။ ယခု အသစ်တဖန် ပြုစုထားသည့်စာရင်းအရ မျိုးစိတ်ပေါင်း (၇၆) မျိုး သည် မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသော မျိုးစိတ်များ (Endemic species) ဖြစ်ပါသည်။ လက်ရှိ သုတေသနအတွေ့အကြုံများနှင့် စာပေလေ့လာမှုများအရ မျိုးစိတ်ပေါင်း (၁၅၀)ခန့်အား အနာဂတ် သုတေသနလုပ်ငန်းများတွင် ဆက်လက်လေ့လာတွေ့ရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားရှိပါသည်။
Primary Document
Ye Lwin Aung.pdf
Publication Type

မြန်မာနိုင်ငံသစ်တော ပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျဆင်းခြင်းပုံစံနှင့် သစ်တောထိန်းသိမ်းခြင်း၊စီမံအုပ်ချုပ်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကြံပြုတင်ပြခြင်း

Summary
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ အဓိကကုန်းမြေပေါ်တွင် သစ်တောဖုံးလွှမ်းမှုအများ ဆုံးဖြစ်သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာအရေးပါသည့် ဇီဝမျိုးစုံမျိုးကွဲများတည်ရှိရာ ဒေသတစ်ခုဖြစ်ပါသည်။ သို့သော် သစ်တောဖုံးလွှမ်းမှုသည် ၁၉၉၀ ခုနှစ်တွင် ၅၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၄၄ ရာခိုင်နှုန်းထိ လျော့နဲသွားခဲ့ပြီး ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အတွင်း ကမ္ဘာပေါ်တွင် သစ်တောပျက်စီးမှုနှုန်း တတိယအများဆုံးနိုင်ငံဖြစ်ခဲ့ပါသည်။ နှစ်ပေါင်းများစွာစစ်အာဏာရှင် အုပ်ချုပ်မှု စနစ်၏ အကျိုးဆက်အဖြစ် လက်ရှိဒီမိုကရေစီအစိုးရ လက်ထက်တွင် သစ်တောပြုန်းတီးမှုနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ပြဿနာမျိုးစုံ ရင်ဆိုင်ဖြေရှင်းလျှက်ရှိပါသည်။ ဤသုတေသနစာတမ်း၏ ရည်ရွယ်ချက်မှာ ၂၀၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပုံစံနှင့် ပြုန်းတီးမှုနှုန်းထားများအား နားလည်သိရှိ ပြီး မြန်မာ့သစ်တော စီမံအုပ်ချုပ် လုပ်ကိုင်မှု ဖွံ့ဖြိုးတိုးတက်စေရန် သင့်လျော်သော မူဝါဒများချမှတ်ခြင်း အတွက် အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပါသည်။ ၂၀၀၅၊ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်တို့အတွက် ဂြိုလ်တု ဓါတ်ပုံများမှ ရရှိသောမြေ အသုံးချမှုဆိုင်ရာမြေပုံများအား မြန်မာနိုင်ငံ၊ သစ်တောဦးစီးဌာနမှ ရယူသုံးစွဲ ခဲ့ပြီး သုတေသန စာတမ်းများ၊ အစီရင်ခံစာများကို လေ့လာဖတ်ရှု ပြုစုခဲ့ပါသည်။ သစ်တော ဖုံးလွှမ်းမှု ပြောင်းလဲခြင်း၊ လျော့နည်းခြင်းများ ဆန်းစစ်ခြင်းအား ArcGIS (10.6) software အသုံးပြုဆောင်ရွက်ခဲ့ပါ သည်။ သုတေသနရလာဒ်များအရ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ ခုနှစ် အတွင်း သစ်တောဖုံးလွှမ်းမှု ၂.၅၈ ရာခိုင် နှုန်းနှင့် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း ၀.၉၇ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း တွေ့ရှိ ခဲ့ပါ သည်။ သုတေသနဆန်းစစ်ချက်များအရ သစ်တောအပြောင်ရှင်းလင်း၍ ပြုန်းတီးခြင်းထက် သစ်တောရွက်အုပ် ဖုံး လွှမ်းမှုလျော့ကျပြီး သစ်တောအတန်းအစား ကျဆင်းခြင်းမှတဆင့် အခြားမြေ အသုံးချမှုများ ဝင်လာ ပြီး ပျက်စီးခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သုတေသနစာတမ်းမှ အကြံပြုချက်များမှာ အဓိက ဇီဝ မျိုးစုံမျိုးကွဲများတည်ရှိပြီး ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း မရှိသေးသောနေရာ များအတွက် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းခြင်းအား ဦးစားပေး ဆောင်ရွက်သင့်ပါ ကြောင်း၊ မြန်မာ့သစ်တော ထိန်းသိမ်းကာကွယ်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်းတို့အတွက် ဒေသခံပြည်သူ လူထုပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် အလေးထားဆောင်ရွက် သင့်ပါကြောင်း၊ မြန်မာ့သစ်တော စီမံအုပ်ချုပ်မှုတွင် ပြည်ထောင်စုအစိုးရမှ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသို့ လုပ်ပိုင်ခွင့် အာဏာ များခွဲဝေ တိုးမြှင့် ပေးသင့်ပါကြောင်း၊ သစ်ကုန်သွယ်မှုကဏ္ဍတွင် အဂတိလိုက်စားမှု စနစ်မှ ရုန်းထွက် နိုင်ရန်အတွက် ဒေသခံအသေးစားနှင့်အလတ်စား ရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေ ရန်အားပေးကူညီဆောင်ရွက်သင့်ပါကြောင်းနှင့် မြန်မာ့သစ်တောစောင့်ကြည့် အကဲဖြတ်ခြင်းတွင်အဆင့် မြင့် Remote Sensing and GIS နည်းပညာများ အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေး ဆောင်ရွက်သင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။
Primary Document
Zaw Naing Tun.pdf
Publication Type

ဩစတြေးလျမြောက်ပိုင်းရှိ တူးဖော်ပြီး ဘော့ဆိုက်သတ္တုတွင်းအား ပြန်လည်ထူထောင်ခြင်း၊ အပူပိုင်းသစ်တော (Wet/Dry tropics) ၏ ဒေသမျိုးများ ပြန်လည်ပေါက်ရောက်မှုအပေါ် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း နည်းစနစ်၊ စူပါဖော့စဖိတ်မြေဩဇာသုံးစွဲခြင်းနှင့် မြေပြုပြင်ခြင်း တို

Summary
သတ္တုတူးဖော်ခြင်းသည် အပင်များနှင့် မြေဆီလွှာများ ရှင်းလင်းခြင်း ဆောင်ရွက်ခြင်း ကြောင့် ဂေဟစနစ်များစွာအပေါ်တွင် တိုက်ရိုက်ဆိုးကျိုးများ သက်ရောက်လျှက်ရှိပါသည်။ အကျိုး ဆက် အနေဖြင့် မြေဆီလွှာဖွဲ့စည်းပုံကို ပြောင်းလဲစေပြီး မြေသြဇာဓါတ်များ အဏုဇီဝ ပိုးမွှားများ ဆုံးရှုံးခြင်း၊ မြေဆီလွှာထုတ်လုပ်နိုင်စွမ်း လျော့ကျခြင်းနှင့် မြေအာဟာရ လည်ပတ် မှုအား အနှောက် အယှက်ပေးခြင်းတို့ ဖြစ်ပွားစေပါသည်။ အဆိုပါ ဆိုးကျိုးများကို ကျော်လွှား နိုင်ရန်အတွက် ထိရောက်သော ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို သစ်တောပြုစုထိန်း သိမ်းရေး ဂေဟဗေဒ အသိပညာများအပေါ် အခြေခံ၍ စနစ်တကျ စီမံဆောင်ရွက် ရန်လိုအပ်ပါ သည်။ယခုလေ့လာမှု၏ ရည်ရွယ်ချက်မှာ မြေဆီလွှာပြုပြင်ခြင်း၊ မြေဩဇာထည့်ခြင်း၊ တိုက်ရိုက် အစေ့ချခြင်းဖြင့် ဩစတြေး လျမြောက်ပိုင်းရှိ အပူပိုင်းဒေသ ဘော့ဆိုက် ဒ်(ဒန်) သတ္တု တွင်းတူး ဖော်ပြီးစီးသည့်မြေတွင် မျိုးရင်းအပင်များ ပြန်လည်ထောင်ရာတွင် ထိရောက်မှုအရှိဆုံး နည်း လမ်းကို ရှာဖွေဖော်ထုတ်ရန်ဖြစ်ပါသည်။ သုတေသနမှာ ဘော့ဆိုက် သတ္တုတွင်း အား ဒေသ မျိုးရင်းများဖြင့် ပြန်လည်ထူထောင်ရာတွင် အဆိုပါနေရာမှ မတူညီသော မြေ စုပုံမြေနှင့် ချန်မြေ များပေါ်တွင် တိုက်ရိုက်အစေ့ချနည်းစနစ်(၂) မျိုး(မြေမြှုပ်နှင့် ကျဲဖြန့်) နှင့် စူပါဖော့် စဖိတ် မြေဩဇာကျွေးခြင်းဖြင့် သစ်မျိုး(၅)မျိုး၏ အပင် ပေါက် ရောက်မှု အပေါ် အမျိုးမျိုးသော သက်ရောက်မှုအား လေ့လာခြင်းဖြစ်ပါသည်။ သုတေ သနရလဒ်များ အရ စူပါဖော့စဖိတ် မြေဩ ဇာကျွေးခြင်းမှာ အပင်ပေါက်ရောက်မှုအပေါ်တွင် ချက်ချင်း အကျိုးသက် ရောက်မှုမရှိပါ။ စုံပုံမြေနှင့်ချန်မြေများတွင်လည်း သိသာသော ကွဲပြားခြားနားမှုမရှိပါ။ သို့ရာတွင် စိုက်ပျိုး နည်း စနစ်မှာ အပင်တည်ထောင် အောင်မြင်မှု အပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည် ကို တွေ့ရှိ ရပါသည်။ Erythrophlem chlorostachys နှင့် Acacia rothii သစ်မျိုးများမှာ သစ်စေ့ မြေမြှုပ် စိုက်ပျိုးလျှင် အောင်မြင်မှု ပိုမိုကောင်းမွန် သည်ကို တွေ့ရှိရပါသည်။ မြေမျက်နှာပြင်တွင် ဖြန့်ကျဲစိုက်ပျိုးသော သစ်စေ့များမှာ အပြင်ကြမ်းတမ်းသော ပတ်ဝန်းကျင်အခြေအနေနှင့် တိုက်ရိုက်ထိတွေ့ရခြင်း၊ ရေခမ်း ခြောက်ခြင်း ကြောင့် ခြောက်၍ သေဆုံးသွားသည်ကို တွေ့ရပါ သည်။ Corymbia ferruginea သစ်မျိုးမှာ ယေဘူယျအားဖြင့် စိုက်နည်း(၂)မျိုးလုံးတွင် ကောင်းစွာ ဖြစ်ထွန်းသည်ကို တွေ့ရှိရသော်လည်း Eucalyptus tetrodonta မှာ ပေါက်ရောက် ရှင်သန်မှု နည်းပါးသည်ကို တွေ့ရပါသည်။ Adenanthera pavonina သစ်မျိုးအတွက် ရှင်သန်မှုကောင်းမွန် စေရန် အစေ့မချမီ သင့်လျှော်သော ဒေါ်မန်စီပြုစုမှု နည်းလမ်းပေးရန် (Dormancy treatment) လိုအပ်ပါသည်။ အစေ့အရွယ်အစားနှင့်အောင်မြင်မှုသည် စိုက်ပျိုး နည်းစနစ်အပေါ်မူတည်၍ ဆက်စပ်မှုရှိသည်ကို လေ့လာတွေ့ရှိရပြီး အစေ့ကြီးသော သစ်မျိုး များ အတွက် ဖြန့်ကျဲစိုက်ပျိုးပါက မအောင်မြင်ရန် အလားအလာများကြောင်းတွေ့ရှိရပါသည်။ အစေ့သေးသော သစ်မျိုးများအတွက် မြေဝင်အနက်မှာ အလွန်အရေးကြီးပြီး အစေ့မချခင် ဖော်ထုတ်ရန် လိုအပ်ပါမည်။ သုတေသနရလဒ် များအရ တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းသည် ဒေသသစ်မျိုးများ တည်ထောင်ရန်အတွက် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရပြီးစုပုံမြေတွင် အစေ့ချပမာဏအား တိုးမြှင့်သင့်ပါသည်။သို့ရာတွင် မြေဩဇာ ကျွေးခြင်း ၏ ရေရှည်/လယ် အကျိုး သက်ရောက်မှုအား အဆိုပါဒေသတွင် သုတေသနပြုလုပ်၍ စဉ်ဆက် မပြတ်စောင့်ကြည့်သင့်ပါသည်။
Primary Document
Htin Lin Aung.pdf
Publication Type

Remote sensing နည်းပညာအား အသုံးပြု၍ မြန်မာပြည်တောင်ပိုင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုအတွင်း နေရာဒေသနှင့် အချိန်ကာအလိုက် သစ်တောဖုံးလွှမ်းမှုပြောင်းလဲနေမှုအခြေအနေအား ဆန်းစစ်လေ့လာခြင်း

Summary
မြန်မာနိုင်ငံတောင်ဘက်ပိုင်းတွင် လူဦးရေများ တိုးပွားလာသည့်အတွက်ကြောင့် သစ် တောဧရိယာသည် တဖြည်းဖြည်းလျော့နည်းလာပြီး အခြားသော မြေအသုံးချမှုနှင့် မြေဖုံးလွှမ်း မှုအခြေအနေသို့ ပြောင်းလဲလျက်ရှိနေပါသည်။ ဤသုတေသနသည် တနင်္သာရီ သဘာဝကြိုး ဝိုင်းတော(Tanintharyii Nature Reserve- TNR)အမည်ရှိ ဧရိယာ ၁၇၀၀ စတုရန်း ကီလိုမီတာ ခန့်ကျယ်ဝန်းသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ၏နှစ်ပေါင်း၂၇နှစ်အတွင်း သစ်တောဖုံးလွှမ်း မှုပြောင်းလဲနေမှု အခြေအနေတို့ကို Landsat ဂြိုဟ်တု ဓာတ်ပုံများ အသုံးပြု၍ လေ့လာ ထားပြီး ထိန်းသိမ်းရေးနယ်မြေအဖြစ် မသတ်မှတ်ခင်နှင့်သတ်မှတ်တည်ထောင်ပြီးနောက်အချိန် ကာလ နှစ်မျိုးအတွင်းရှိ သစ်တောများတည်ရှိမှု အနေအထားနှင့် ခြားနားချက်အခြေအနေတို့ကို လေ့လာ ထားခြင်းဖြစ်ပါသည်။
Primary Document
Thant Zin Maw.pdf
Publication Type

မြန်မာနိုင်ငံတွင်သဘာဝပေါက်ပင်များလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လေ့လာဆန်းစစ်ခြင်း

Summary
သဘာဝပေါက်ပင်များလောင်ကျွမ်းခြင်းမှ ဖြစ်ပေါ်သော မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် အာဆီယံဒေသအတွင်းတွင် လတ်တလောဖြစ်ပေါ်နေသည့် အဓိကပြဿနာ တစ်ရပ်ဖြစ်ပါ သည်။ ထိုပြဿနာကြောင့် ၂၀၀၂ ခုနှစ်တွင် အာဆီယံနိုင်ငံများမှ သဘာဝပေါက်ပင်များ လောင် ကျွမ်းမှုကို တားဆီးကာကွယ်ရန်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျှောချရန်စတင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် အဆိုပါအကြောင်းအရာနှင့် ပတ်သတ်၍ သုတေ သနပြုလေ့လာ ထားသောအချက်အလက်များရှားပါးခြင်းကြောင့် ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်းမြန်မာနိုင်ငံတွင်ဖြစ်ပေါ်ပွားခဲ့သော မီးလောင်ကျွမ်းမှုအခြေအနေများ၊ အဓိက လောင် ကျွမ်း သောနေရာဒေသများနှင့် လောင်ကျွမ်းရသည့်အကြောင်းအရာများကို လေ့လာ ဖော်ပြ ထားပါသည်။ အဆိုပါအချက် အလက်များအား ဂြိုလ်ထု (MODIS) သတင်းအချက် အလက် များကို အခြေခံ၍ Geographic Information System (GIS) နည်းပညာဖြင့် အဓိက လေ့လာ ဆန်းစစ်ထားခြင်းဖြစ်ပါသည်။ တွေ့ရှိချက်များအရ ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာ နိုင်ငံတွင် မီးလောင်ကျွမ်းမှု အကြိမ်ရေ ၈၁၁,၁၄၃ ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင့် MODIS ဂြိုလ်ထုမှ လေ့လာခဲ့ရပါသည်။ ၂၀၀၇ ခုနှစ်တွင် အကြိမ်ရေ ၉၅,၂၆၀ ဖြင့် မီးလောင် ကျွမ်းမှု အများဆုံး ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ နှစ်တွင် အကြိမ်ရေ ၄၇,၁၃၉ ကြိမ်ဖြင့် အနည်းဆုံး ဖြစ်ပေါ် ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ မီးလောင် ကျွမ်းမှုများ၏ ၄၆% ကို သစ်တော မြေများတွင် တွေ့ရှိရပြီး ၃၇% မှာ ရွက်အုပ်ဖုံးလွှမ်းမှု (၅-၁၀%) ခန့်သာ ရှိသော အခြားသော သစ်တောမြေများတွင် ဖြစ်ပွားပြီး ၁၆%မှာ စိုက်ပျိုးမြေများ ဖြစ်ပြီး ကျန်၁%မှာ အခြားမြေအသုံးချမှုများမှ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ခြောက် သွေ့ ကာလဖြစ်သော ဇန်နဝါရီလမှ မေလ အတွင်း တွင် မီးလောင်ကျွမ်းမှုများကို အများဆုံး တွေ့ရှိရပြီး အဓိကဖြစ်ပွားသော အချိန်မှာ မတ်လနှင့်ဧပြီလ ဖြစ်ပါသည်။ မီးလောင်ကျွမ်းမှု ထိန်းချုပ်ရန် အဓိကဆောင်ရွက်ရမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရှမ်း၊ ချင်း၊ စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ ကချင်၊ ပဲခူး၊ ကယားနှင့် ကရင်တို့ ဖြစ်ပါ သည်။ လေ့လာဆန်းစစ်မှုရလဒ်များအရ မီးလောင်ကျွမ်း မှုဖြစ်ပွားရသည့် အဓိက အကြောင်း အရင်းများမှာ မြေအပြောင်ရှင်း လင်းရန် မီးရှို့ခြင်း (စိုက်ပျိုးမြေ ဧရိယာချဲ့ထွင်ခြင်း၊ ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်း၊ စိုက်ခင်းများ တည်ထောင်ခြင်း၊ မြို့ပြ ဖွံ့ဖြိုးမှုများ ဆောင်ရွက်ခြင်း၊ အမဲလိုက်ခြင်း)၊ သစ်နှင့်သစ်မဟုတ်သော အခြားသစ်တောထွက် ပစ္စည်းများထုတ်ယူခြင်း၊ ပေါ့ဆ မီးလောင်ကျွမ်းခြင်း (စခန်းချခြင်း၊ သစ်ထုတ်ခြင်းနှင့် တရားမဝင် သစ်ထုတ်ခြင်း)၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမီးရှို့ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ခြောက်သွေ့ခြင်း၊ အပူချိန်များ ခြင်းစသည်ဖြင့် သဘာဝကြောင့်ဖြစ်ပေါ်သည့် မီးလောင်ကျွမ်းမှုများမှာ အလွန်နည်းပါးကြောင်း ကိုလည်း လေ့လာတွေ့ရှိရပါသည်။
Primary Document
May Yadanar Oo.pdf
Publication Type

နေပြည်တော်၊ မိုးစွေသစ်တောသုတေသနစခန်း၊ ဝါးသရုပ်ပြစိုက်ခင်းအတွင်း ဝါးမျိုးစိပ်(၁၀)မျိုး၏ မြေပေါ်ဇီဝဒြပ်ထုတိုင်းတာခြင်း

Summary
မြန်မာနိုင်ငံတွင် ဝါးတောများ ပျက်သုန်းလာခြင်းကြောင့် ဝါးသယံဇာတများ ရေရှည် သုံးစွဲနိုင်ရေး ဒေသခံများသည် ၎င်းတို့အိမ်ခြံဝင်းများအတွင်း တနိုင်တပိုင် ဝါးစိုက်ပျိုးခြင်းနှင့် စီးပွားဖြစ် အသေးစားဝါးစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို ဆောင်ရွက် လာကြ ပါသည်။ ယခုစာတမ်းတွင် မြန်မာနိုင်ငံ၊ နေပြည်တော်၊ မိုးဆွေရှိ ဝါးစိုက်ခင်းတွင် စိုက်ပျိုးထားသည့် စီးပွားရေးအရ အရေးပါ သည့် ဝါးမျိုးစိပ်(၁၀)မျိုး၏ မြေပေါ်ဇီဝဒြပ်ထုကို လေ့လာတင်ပြထား ပါသည်။ ဝါးပင်၏ ရင်စို့လုံး ပတ် တန်ဖိုးကို အသုံးပြု၍ ၎င်း၏ ပင်စည်၊ အကိုင်း၊ အရွက်နှင့် ဝါးပင်မြေပေါ်ဇီဝဒြပ်ထုကို ခန့်မှန်း ရန် ခုတ်လှဲနမူနာကောက်ယူခြင်းစနစ်ကို အသုံးပြုခဲ့ပါ သည်။ ဝါးရုံတစ်ရုံ၏ မြေပေါ်ဇီဝဒြပ်ထုကို ပိုမို လွယ်ကူစွာခန့်မှန်းနိုင်ရန် ဝါးရုံတစ်ရုံရှိ ဝါးပင် အရေအတွက်နှင့် အဆိုပါဝါးရုံ၏ မြေပေါ်ဇီဝဒြပ်ထု တို့၏ ဆက်စပ်မှုကို ဖော်ထုတ်ခဲ့ပါသည်။ သို့ရာတွင် ဝါးရုံဇီဝ ဒြပ်ထုညီမျှခြင်းကိုအသုံးပြု၍ ဝါးရုံ၏ ဇီဝဒြပ်ထုကို ခန့်မှန်းတွက်ချက် ခြင်းသည် ဝါးပင်တစ်ပင်ချင်း၏ ရင်စို့လုံးပတ်တန်ဖိုးကို အသုံးပြု၍ တွက်ချက်ခြင်းထက် တိကျမှုလျော့နည်းသည်ကို တွေ့ရှိရပါသည်။ ဝါးမျိုးစိပ်(၁၀)မျိုး၏ မြေပေါ်ဇီဝဒြပ်ထုကို ခန့်မှန်းရန် ဝါးရုံများကို ကျပန်းနမူနာရွေးချယ်၍ ဝါးရုံတစ်ရုံရှိ ဝါးပင်အရေအတွက်နှင့် ဝါးပင်များ၏ ရင်စို့လုံးပတ်တို့ကို တိုင်းတာ ကောက်ယူခဲ့ပါသည်။ ဖော်ထုတ်ရရှိသည့် ဝါးပင် ဇီဝဒြပ်ထုညီမျှခြင်းတွင် ရင်စို့လုံးပတ် တန်ဖိုးများကို ထည့်သွင်း တွက်ချက်ခြင်းဖြင့် ဝါးပင် တစ်ပင်ချင်း၏ မြေပေါ်ဇီဝဒြပ်ထုကို တွက်ချက် ခဲ့ပါသည်။ အဆိုပါ ဝါးပင် ဇီဝဒြပ်ထုများကို ပေါင်းခြင်းဖြင့် ဝါးရုံဇီဝဒြပ်ထုကို တွက်ချက်ခဲ့ပါသည်။ ဝါးမျိုးစိပ်(၁၀)မျိုး၏ဝါးရုံ ဇီဝဒြပ်ထုကို နှိုင်းယှဉ်ရာတွင် သိသာစွာ ခြားနားမှု ရှိသည် ကို တွေ့ရပါသည်။ Bambusa sp သည် မြေပေါ်ဇီဝဒြပ်ထုအများဆုံးရှိပြီး ကျလို့ဝါး၊ Bambusa nutans၊ သိုက်ဝါး၊ ဝါးနက်၊ မျှင်ဝါး၊ ထီးရိုးဝါး၊ ကျသောင်းဝါး၊ ဝါးပါး၊ တင်းဝါး အစဉ်အတိုင်း တွေ့ရှိရပါ သည်။ ဝါးရုံ မြေပေါ် ဇီဝဒြပ်ထုသည် ဝါးရုံရှိ ဝါးပင်အရေအတွက်နှင့် ဝါးပင်ရင်စို့လုံးပတ် တို့အပေါ်တွင် မူတည်၍ ပြောင်းလဲပါသည်။ ဝါးရုံတစ်ရုံ တွင် ပါဝင်သည့် ဝါးပင်အရေ အတွက် နှင့် မြေပေါ်ဇီဝ ဒြပ်ထု အများဆုံးဖြစ်သည့် Bambusa sp. သည် စိုက်ပျိုး ရန် အသင့်တော်ဆုံးဖြစ်ပါသည်။
Primary Document
Su Myat Hnin.pdf
Publication Type

မြန်မာ့ရွေးချယ်ခုတ်လှဲခြင်းစနစ်၏ သစ်ထုတ်လုပ်ငန်းစဉ်များတွင်ပါဝင်သည့် သစ်ဆွဲလမ်း၊ သစ်တိုင်းဆိပ်၊ သစ်တိုက်ကားလမ်းများတွင် မြေပြင်ထိခိုက်မှုများအား အကဲဖြတ်ခြင်း

Summary
ရွေးချယ်ခုတ်လှဲခြင်းစနစ်အား ကျင့်သုံးလျက်ရှိသော သမပိုင်းသစ်တောများတွင် ဂေဟ စနစ်ဆိုင်ရာ ပံ့ပိုးမှုများ တိုးမြင့်လာစေရန်ရည်သန်၍ ပတ်ဝန်းကျင်ထိခိုက်မှုသက်သာ စေသော သစ်ထုတ် နည်းစနစ်ကို ပိုမိုကျင့်သုံးရန် စိတ်ပါဝင်စားမှုတိုးတက်လာချိန်ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးမျိုးသော သစ်ထုတ် နည်းစနစ်များကို နှိုင်းယှဉ် အကဲဖြတ်ရန်သည်လည်း အရေးကြီးလာပါ သည်။ ၁၉ ရာစုခန့်မှ စတင်ကျင့်သုံးလာသော မြန်မာ့ရွေးချယ်ခုတ်လှဲခြင်းစနစ်၏ ထူးခြား ဝိသေ သဖြစ်သည့် ဆင်ကို အသုံးပြု၍ သစ်ဆွဲခြင်းသည် ပတ်ဝန်းကျင်ထိခိုက်မှုသက်သာစေသော သစ် ထုတ်နည်းစနစ်၏ စံစနစ်တချို့နှင့် ကိုက်ညီနိုင်သည်ကြောင်း ယူဆချက်များကိုလဲ တွေ့ရှိရပါ သည်။ သို့ရာတွင် ဆင်ကိုအသုံးပြုသော မြန်မာ့ ရွေးချယ်ခုတ်လှဲခြင်း စနစ်နှင့် အခြားနိုင်ငံများ တွင့် ကျင့်သုံးလျက်ရှိသော ယန္တရား တစ်မျိုးတည်းသာလျှင် အသုံးပြုသော အခြားနည်း စနစ်များ ၏ ခြားနားချက်မှာ ယခုအချိန်ထိ သေချာစွာသိရှိရခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။ ယခု သုတေ သနသည် သစ်ဆွဲလမ်း၊ သစ်တိုင်းဆိပ်နှင့် သစ်တိုက်လမ်းများ တလျှောက်ရှိ မြေပြင် ထိခိုက်မှုကို သစ်ထုတ်လုပ်ငန်းဆောင်ရွက်လျက်ရှိသော အကွက် ၄ကွက်အတွင်း တိုင်းတာအကဲ ဖြတ်ထားခြင်း ဖြစ်ပါသည်။ ပျမ်းမျှ မြေပြင်ထိခိုက်မှု ရာခိုင်နှုန်းမှာ သစ်တိုက်လမ်းများတွင် ၂.၁ %၊ သစ်တိုင်း ဆိပ် များတွင် ၀.၄ % ဖြစ်ပြီး ရလဒ်များမှာ အခြား သုတေသနများနှင့် များစွာ ကွာခြား မှုမရှိသည်ကို တွေ့ရှိရပါသည်။ နှိုင်းယှဉ်အကဲဖြတ်သည့် အခြားမှီငြမ်းနှိုင်းယှဉ်သည့်သုတေသန ၂၇ခု၏ သစ်တိုက် လမ်း တလျှောက်ထိခိုက်မှုမှာ၂.၃% ဖြစ်ပြီး၊ အခြားမှီငြမ်းနှိုင်းယှဉ်သည့် သုတေသန၂၁ခု၏ သစ်တိုင်းဆိပ် ပတ်ဝန်းကျင်ထိခိုက်မှုမှာ၀.၇%အသီးသီးဖြစ်ကြပါသည်။ အခြား တဖက်တွင်မူ သစ်ဆွဲလမ်းတလျှောက် ထိခိုက်မှုအနေဖြင့် ၀.၉% သာလျှင်တွေ့ရှိရပြီး အခြား မှီငြမ်းနှိုင်းယှဉ်သည့် သုတေသနများထက် များစွာ လျော့နည်းနေသည်ကို (၇.၃%၊ အရေအတွက် အားဖြင့်၄၅) တွေ့ရှိရပါ သည်။ အဓိကကွာခြားချက်မှာ ဆင်အသုံးပြုရာတွင် သစ်ဆွဲလမ်း အကျယ် မှာ ၁.၀ မီတာရှိပြီး ယန္တရားအသုံးပြုသည့် သုတေသန ၁၈ ခု၏ သစ်ဆွဲလမ်းအကျယ်မှာ ၅.၄ မီတာ အသီးသီးဖြစ်ကြရာ ဆင်ကိုအသုံးပြု သစ်ဆွဲခြင်းသည် ယန္တရားကို အသုံးပြုခြင်းထက် မြေပြင် ထိခိုက်မှုကို ပိုမိုသက်သာ စေကြောင်း နိဂုံးချုပ်ယူဆရပါသည်။ ယခုသုတေသနအရ သစ်ဆွဲကြိုး အရှည်ကို အသုံးပြု၍ သစ်ဆွဲစက်များကို အသုံးပြုခြင်းသည် သစ်ဆွဲလမ်းတလျှောက် ယန္တရား ရွေ့လျားမှုကို လျော့နည်း စေပြီးမြေပြင်ထိခိုက်မှုကို သက်သာစေသဖြင့် ပိုမို အသုံးပြု သွားသင့်ပါကြောင်း အကြံပြု အပ်ပါ သည်။
Primary Document
Si Thu Min.pdf
Publication Type

“အသေးစားရွှေသတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများတွင် မြေထုတွင်းပါရှိသည့် Heavy Metal များနှင့် လုပ်သားများ၏ အရေးပြား ထိတွေ့မိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုပ်ငန်းခွင် ကျန်းမာရေးအခြေအနေများကို မြန်မာနိုင်ငံ၊ ဗန်းမောက်မြို့နယ်၌ လေ့လာခြင်း”

Summary
သတ္တုတူးဖော်ခြင်းလုပ်ငန်းများတွင် သတ္တုတူးဖော်ရေးလုပ်သားများသည် လုပ်ငန်း ဆောင်ရွက်စဉ် အတွင်း Heavy Metals များနှင့်ထိတွေ့မှုများသည် ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပါသည်။ဤစာတမ်းနှင့်ပတ်သက်သည့် လေ့လာမှုကို မြန်မာနိုင်ငံ၊ ဗန်းမောက်မြို့နယ်၊ မော်ဘုံကာကွယ်တောနှင့် နန့်ကျင်ကြိုးဝိုင်းအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ကွက် (၃)ကွက် ဆောင်ရွက်ခဲ့ပါသည်။ ဤလေ့လာမှု၏ ရည်ရွယ်ချက်မှာ Placer ရွှေသတ္တု တူးဖော်ရေး လုပ်ငန်း စဉ်များဖြစ်သည့် ရွှေပါဝင်သောမြေကို ရေစုပ်စက်ဖြင့်ရေဖျော်ခြင်း၊ မျှောစဉ်ပေါ်သို့ ရွှေပါဝင် သော မြေကို တင်ပို့ခြင်း၊ ရွှေဝိုင်းခြင်းနှင့် ပြဒါးဖမ်းခြင်း အဆင့်တို့တွင် လုပ်ငန်း ဆောင်ရွက် စဉ်အတွင်း မြေကြီးအတွင်းရှိ Arsenic (As)၊ Cadmium (Cd)၊ Mercury (Hg)၊ နှင့် Lead (Pb) တို့အား ခန္ဓာကိုယ်အရေပြားနှင့် ထိတွေ့မိသည့် အသေးစားရွှေသတ္တုတူးဖော်ရေး လုပ်သားများ ၏ ကျန်းမာရေးအခြေအနေကို လေ့လာဆန်းစစ်ရန် ဖြစ်ပါသည်။
Publication Type

GFED Data ကို အသုံးပြု၍ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများရှိ အပင်မီးလောင်မှုများ၏ Spatio-temporal ပြောင်းလဲမှုဆိုင်ရာ မီးလောင်မှုဧရိယာနှင့် ကာဗွန်ထွက်ရှိမှုများကို လေ့လာခြင်း

Summary
မီးလောင်မှုသည် အာဆီယံဒေသတွင်းနိုင်ငံများအပါအဝင် တစ်ကမ္ဘာလုံး၏ ဂေဟစနစ်များ အပေါ်တွင် သက်ရောက်မှုရှိနေသည့် အဓိကအရေးကြီးသောအချက်များထဲမှတစ်ခုဖြစ်ပါသည်။ မီးလောင်မှုမှတဆင့် လူသားတို့၏ ကျန်းမာရေးနှင့် လေအရည်အသွေးအပေါ် ထိခိုက်မှုရှိစေသည့် ကာဗွန်နှင့် အခြား trace ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို ဖြစ်ပေါ်စေပါသည်။ ယခုလေ့လာချက်တွင် Global Fire Emission Database (GFED) မှ ရရှိသည့် သတင်းအချက်အလက်များကို အခြေခံ၍ အာဆီယံဒေသတွင်းနိုင်ငံများ၏ အပင် မီးလောင်မှုများမှ Temporal Variations ဆိုင်ရာ မီးလောင် ဧ ရိယာများနှင့် ကာဗွန်ထုတ်လွှတ်မှုများကို လေ့လာ သွားမည်ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ တွင် ၂၀၀၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ သည့် မီးလောင်ဧရိယာများနှင့် ကာဗွန်ထုတ်လွှတ် မှုများကို အသေးစိတ်လေ့လာသွားမည်ဖြစ်ပါသည်။ အပင်မီးလောင်မှုများအပေါ် သက်ရောက်နိုင်မှု အလားအလာရှိသည့် ရာသီဥတုဆိုင်ရာအခြေအနေများ အထူးသဖြင့် El Nino နှင့် La Nina နှစ်များ ကိုလည်း ထည့်သွင်းလေ့လာဆန်းစစ်ခဲ့ပါသည်။
Primary Document
Nway Ei Aung.pdf
Publication Type

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဇော်ဂျီကြိုးဝိုင်းအတွင်း အခြေချနေထိုင်သူများ၏ သစ်တောသယံဇာတအပေါ် မှီခိုအသုံးပြုမှုများကြောင့် သစ်တောကြိုးဝိုင်းများအပေါ် သက်ရောက်မှုများအားလေ့လာခြင်း

Summary

သစ်တောနယ်မြေများအတွင်း အခြေချနေထိုင်သူ ဒေသခံပြည်သူတို့၏ လူဦးရေတိုးတက်မှု နှင့် လူမှုစီးပွားရေးအခြေအနေများသည် သစ်တောမြေအသုံးချမှုနှင့် သယံဇာတများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ သစ်တောသယံဇာတများ စနစ်တကျ စီမံအုပ်ချုပ် နိုင်ရေးအတွက် ဇော်ဂျီကြိုးဝိုင်းအတွင်းရှိ ကျူးကျော်အိမ်ထောင်စုများ၏ မြေအသုံးချမှု ပြောင်းလဲ လာပုံနှင့် သယံဇာတ ထုတ်ယူသုံးစွဲမှုများ၊ ၎င်းတို့အပေါ် သက်ရောက်သည့် အခြေအနေများနှင့် တိုးပွားလာသည့် လူဉီးရေနှင့် စားဝတ်နေရေးအတွက် မြေယာချဲ့ထွင်နိုင်မှုနှင့် သစ်တောသယံဇာတ များအပေါ် မှီခိုမှု အလားအလာများအား လေ့လာခဲ့ပါသည်။ သုတေသနလေ့လာတွေ့ရှိချက်များအရ စာရင်းကောက်ယူခဲ့သည့် ကျေးရွာများသည် ကြိုးဝိုင်းမဖွဲ့စည်းမီ အချိန်ကပင် တည်ရှိခဲ့သည့်အတွက် ကြိုးဝိုင်းဖွဲ့စည်းချိန်၌ ဆိုင်ရာဆိုင်ခွင့်သတ်မှတ်ပေး၍ ရွာမြေနှင့် လယ်မြေများအား ကြိုးဝိုင်း ဧရိယာအတွင်းမှ ချန်လှပ်ခဲ့သော်လည်း လူဦးရေ တိုးပွားမှုလာမှုကြောင့် ကျေးရွာမြေနှင့် လယ်မြေ များ ထပ်မံချဲ့ထွင် နေထိုင်လျက်ရှိပါသည်။ စိုက်ပျိုးရေးသည် အခြေခံစားဝတ်နေရေးလုပ်ငန်းဖြစ်ရာ မြေယာဖော်ထုတ်ခြင်း၊ သစ်တောဧရိယာအချို့ ခုတ်ထွင်ရှင်းလင်း၍ ကော်ဖီစိုက်ပျိုးခြင်းနှင့် ယခင် ဆိုင်ရာဆိုင်ခွင့်သတ်မှတ်ချက်များထပ်ပိုမို၍ တရားမဝင်သစ်ထုတ်ယူခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။ တောင်ကျချောင်းရေစီးဆင်းမှုအပေါ် မူတည်၍ လယ်မြေတည်မြဲမှုမရှိ ခြင်း၊ သွားလာရခက်ခဲခြင်းတို့ကြောင့် လူမှုစီးပွားရေးအတွက် သစ်တောဧရိယာအချို့ ခုတ်ထွင် ရှင်းလင်း၍ ကော်ဖီနှင့် ဥယျာဉ်ခြံ စိုက်ပျိုးခြင်း၊ တရားမဝင်သစ်ခုတ်ခြင်းများအပေါ် အဓိကမှီခိုလျက် ရှိရာ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းခြင်း၊ သစ်တောသယံဇာတများစနစ်တကျ ထုတ်ယူသုံးစွဲ ခြင်း စသည်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

Primary Document
Su Myat Mon.pdf
Subscribe to Research publication