ကမ္ဘာ့လုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်အဆင့်အတွင်းရှိ မျိုးစိတ်များ

IUCN/SSC (၁၉၉၄)၏ စံချိန်စံညွှန်းများအရ မြန်မာနိုင်ငံအတွင်းရှိ အပင်နှင့်တိရစ္ဆာန် မျိုးစိတ်အများအပြားမှာ ကမ္ဘာ့လုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်အဆင့်အတွင်းရှိ မျိုးစိတ် များအဖြစ် တွေ့ရှိရပါသည်။ သို့သော်လည်း အင်ဒို-မြန်မာဒေသတွင် ပြီးပြည့်စုံသော ကမ္ဘာ့လုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်အဆင့်အတွင်းရှိ မျိုးစိတ်များအား လေ့လာ ဆန်းစစ်ချက်များမှာ နို့တိုက်သတ္တဝါများ၊ ငှက်များ၊ ကုန်းနေရေနေ သတ္တဝါများ နှင့် အချို့သော တွားသွားသတ္တဝါအုပ်စုများအတွက်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံ မျိုးကွဲများနှင့် ပတ်သက်သည့် အခြေခံသတင်းအချက်အလက်များမှာ မျိုးစိတ်အုပ်စု အများစုအတွက် ပြည့်စုံခြင်းမရှိပါ။ နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ လက်ရှိ ရရှိနိုင်သော အချက်အလက်များမှာ အဓိကအားဖြင့် IUCN ၏ ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်ထားသော IUCN RedList of Threatened Species version 2011 တွင် ဖော်ပြထားသည့် ကမ္ဘာ့လုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်အဆင့်အတွင်းရှိ မျိုးစိတ်များမှ  ရရှိပါသည် ။

နို့တိုက်သတ္တဝါများ

မြန်မာနိုင်ငံ၌  ၂၀၁၀ ခုနှစ်တွင် အဏ္ဏဝါနို့တိုက်သတ္တဝါမျိုးစိတ်မဟုတ်သည့် နို့တိုက် သတ္တဝါ (၄၅)မျိုးမှာ ကမ္ဘာ့လုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်အဆင့်အတွင်းရှိ မျိုးစိတ်များအဖြစ် မှတ်တမ်းတင်ခံရပါသည်။ ၎င်းတို့အနက် မျိုးစိတ်(၂)မျိုးမှာ မြန်မာနိုင်ငံအတွင်း၌သာ တွေ့ရသည့် Anthory’s Pipistrelle နှင့် Ioffre’s Pipistrelle လင်းနို့မျိုးစိတ်တို့ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံရှိ ဒေသရင်းမျိုးစိတ်ကွဲ တစ်မျိုးဖြစ်သည့် ရွှေသမင် (Eld’s Deer -Rucervus eldii thamin) သည် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော မျိုးစိတ် (Endangered) စာရင်းထဲတွင် ပါရှိပါသည်။ ၎င်းမျိုးစိတ်အား မြန်မာ့ရွှေသမင်ဟု သိရှိကြပြီး မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် အင်ဒို-မြန်မာ ဒေသတွင်း ကျယ်ပြန့်စွာ ကျက်စားလျက်ရှိသော မျိုးစိတ်များအား ကမ္ဘာ့လုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်အဆင့်ရှိ မျိုးစိတ်များအဖြစ် တွေ့ရှိရပြီး ၎င်းတို့တွင် မျိုးသုဉ်းရန် အန္တရာယ် ရှိနေသော မျိုးစိတ်များဖြစ်သည့် အာရှဆင် (Elephas maximus) နှင့် ကျား (Panthera tigris)၊ မျိုးသုဉ်းရန် အန္တရာယ် ကျရောက် နိုင်သောမျိုးစိတ် (Vulnerable) များဖြစ်သည့် ပြောင် (Gaur - Bos gaurus)၊ အင်းကျား (Clouded Leopard - Neofelis nebulosa)၊ ​ကြောင်တံငါ (Fishing Cat- Prionailurus viverrinus)၊ တောခွေး (Dhole - Cuon alpinus) နှင့် ဟိမဝန္တာဝက်ဝံ (Himalayan Black Bear- Ursus thibetanus) တို့ ပါဝင်ပါသည်။ အခြားသော နေရာဒေသများကဲ့သို့ ၎င်းမျိုးစိတ် အများစုအား တစ်ဝမ်း တစ်ခါးအတွက် အမဲလိုက်ခြင်းမှ ခြိမ်းခြောက်လျက် ရှိပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသများတွင် ဟိမဝန္တာအရှေ့ပိုင်း၏ အင်္ဂါရပ်များ ဖြစ်သော မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ် (Vulnerable) များ ဖြစ်သည့် ပန်ဒါနီ (Ailurus fulgens) ၊ သားမင်း (Budorcas taxicolor) နှင့် တောင်ဆိတ်နီ (Naemorhedus baileyi) များအပါအဝင် နို့တိုက်သတ္တဝါ မျိုးစိတ် အများအပြားအား တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ၎င်းမျိုးစိတ်များ၏ လက်ရှိဦးရေ အရေအတွက်အား အနည်းအကျဉ်းသာ သိရှိရပြီး ပြီးပြည့်စုံသော အရေအတွက် စာရင်းကောက်ယူခြင်းအား ဦးစားပေးလုပ်ဆောင်ရန် လိုအပ်ပါသည်။

မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသောမျိုးစိတ် (critically endangered) များတွင် ပါဝင်သည့် ချိုတစ်ချောင်းကြံ့ (Lesser One-horned Rhinoceros - Rhinoceros sondaicus) နှင့် အမွှေးပါကြံ့ (Hairy Rhinoceros - Dicerorhinus sumatrensis) တို့အပါအဝင် အချို့သော ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်အဆင့်အတွင်းရှိ နို့တိုက် သတ္တဝါ မျိုးစိတ်များသည် လတ်တလောနှစ်များအတွင်း အတည်ပြုတွေ့ရှိ မှတ်တမ်းတင် နိုင်ခြင်း မရှိပါ။ ၎င်းမျိုးစိတ်များ မြန်မာနိုင်ငံအတွင်းရှိ နေရင်းဒေသများတွင် ကျက်စား နေထိုင်ခြင်း ရှိနေဆဲ ဟုတ်မဟုတ်အား သိရှိရန် ကွင်းဆင်းစာရင်း ကောက်ယူခြင်း ပြုလုပ် ရန် လိုအပ်ပါသည်။ ၎င်းမျိုးစိတ်များအားလုံး သို့မဟုတ် အချို့မှာ မြန်မာနိုင်ငံတွင် ဆက်လက် တည်ရှိနိုင်သောကြောင့် ကျားမျိုးစိတ်များကို အဓိကထား၍ နိုင်ငံအဆင့် စာရင်းကောက် ယူခြင်း ပြုလုပ်နေသကဲ့သို့ အခြားသော နို့တိုက်သတ္တဝါ မျိုးစိတ်များကိုလည်း နိုင်ငံအဆင့် ကျယ်ကျယ်ပြန့်ပြန့် စာရင်းကောက်ယူခြင်းပြုလုပ်ရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ မျောက်မျိုးစိတ် (၁၀) မျိုးမှာ IUCN ၏ ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်ထားသော ကမ္ဘာ့လုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်အဆင့်အတွင်းရှိ မျိုးစိတ်များ စာရင်းတွင် ပါဝင်ပြီး ၎င်းတို့အနက် မျိုးစိတ်(၄)မျိုးမှာ မျိုးသုဉ်းရန်အန္တရာယ် ရှိနေသော မျိုးစိတ်များဖြစ်ပြီး ကျန်ရှိသော မျိုးစိတ် (၆) မျိုးမှာ မျိုးသုဉ်းရန် အန္တရာယ် ကျရောက် နိုင်သော မျိုးစိတ်များ ဖြစ်ကြပါသည်။

အာရှတောဆင်ရိုင်းများအပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အိမ်မွေးဆင်အများဆုံး ပိုင်ဆိုင်သော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပါသည်။ စုစုပေါင်းအိမ်မွေးဆင် (၃၀၀၀)ခန့် ရှိပြီး ၎င်းတို့ကို အစိုးရ နှင့် ပုဂ္ဂလိကမှ ပိုင်ဆိုင်ကြပါသည်။ ၎င်းအိမ်မွေးဆင်များမှာ သစ်တောကဏ္ဍတွင် သစ်ထုတ်လုပ်ခြင်း၏ အဓိကလုပ်အားစုများ ဖြစ်ကြသည်။ မြန်မာ နိုင်ငံရှိ သစ်တောများတွင် တောဆင်ရိုင်းအကောင် (၃၀၀၀) ခန့် ရှိမည်ဟု ခန့်မှန်းထား ပါသည်။ တောဆင်ရိုင်း ဖမ်းဆီးခြင်းကို ဥပဒေအရ ကာကွယ်တားမြစ်ထားသော်လည်း မကြာသေးမီနှစ်များအတွင်း တောဆင်ရိုင်းဖမ်းဆီးမှုသည် ကျန်ရှိသော အာရှတောဆင် ရိုင်းကောင်ရေအပေါ် သိသာသော သက်ရောက်မှုများ ဖြစ်ပေါ်စေပါသည်။

ငှက်မျိုးစိတ်များ

၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကမ္ဘာ့လုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်အဆင့်အတွင်းရှိ မျိုးစိတ်များစာရင်းတွင်ပါရှိသည့် ငှက်မျိုးစိတ် (၃၆)မျိုးရှိပါသည်။ ၎င်းတို့အနက် အများစု မှာ သစ်တောဂေဟစနစ်များ၏ ဝိသေသလက္ခဏာများ ဖြစ်ကြပြီး အဓိက သစ်တော အမျိုး အစား အများစုသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်ခံနေရသော မျိုးစိတ် အများအပြားအား ထောက်ပံ့ပေးလျက် ရှိပါသည်။

မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော မျိုးစိတ်ဖြစ်သည့် မျက်ခုံးဖြူငှက်ပြာခြောက် (Sitta victoriae) နှင့် မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်များ ဖြစ်ကြသည့် Nuthatch (Sitta formosa)၊ Giant Nuthatch (S. magna) နှင့် Blyth’s Tragopan (Tragopan blythii) တို့ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်ခံ နေရသော Passerines မျိုးစိတ်များ အများအပြားအတွက် တောင်ပေါ်တောများနှင့် သမပိုင်းတော များသည် အရေးပါလှပါသည်။ အဆိုပါသစ်တောများသည် မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ်ဖြစ်သည့် အောက်ချင်းငှက်မျိုးစိတ်များ အများဆုံး ကျက်စားရာ နေရာများလည်း ဖြစ်ပါသည်။ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်သည့်  ငဟစ်ဝမ်းဖြူ (White-bellied Heron - Ardea insignis) နှင့် အရှေ့တောင်အာရှ ကုန်တွင်းပိုင်းတွင် ကောင်ရေ သိသိသာသာ ကျဆင်းလျက်ရှိပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိ နေသော မျိုးစိတ်ဖြစ်သည့် ဒေါင်း (Green Peafowl - Pavo muticus) (BirdLife International 2001) တို့အတွက် ကျက်စားရာနေရာများအား အနိမ့်ပိုင်း အမြဲစိမ်းဆန် သည့် ရွက်ပြတ်ရောနှောတောများ နှင့် အင်တိုင်းရွက်ကြွေတောများမှ ထောက်ပံ့ပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံတောင်ပိုင်းရှိ အနိမ့်ပိုင်း စိုစွတ်သော အမြဲစိမ်းတောများမှာ မျိုးသုဉ်း ရန် အန္တရာယ်ရှိနေသောမျိုးစိတ်ဖြစ်သည့် ဂါနီတောင်ငုံး (Gurney’s Pitta - Pitta gurneyi) နှင့် မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်ဖြစ်သည့် အောက်ချင်း ငှက် (Plain-pouched Hornbill - Aceros subruficollis) တို့ အပါအဝင် ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်ခံနေရသော ငှက်မျိုးစိတ် အမြောက်အမြား ကျက်စားရာနေရာများ ဖြစ်ပါသည်။ သဘာဝအရင်းအမြစ်များအား မဆင်မခြင် ထုတ်ယူသုံးစွဲမှုများကြောင့် နေရင်း ဒေသများ ပျက်စီးပျောက်ဆုံးခြင်းသည် သစ်တောများ၏ အဓိကအင်္ဂါရပ်များဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်ခံနေရသော ငှက်မျိုးစိတ်အများစုအား အဓိက ခြိမ်းခြောက် နေသောအချက် ဖြစ်ပါသည်။ ထို့အပြင် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုများသည် အကောင်ကြီးမျိုးများဖြစ်သည့် အောင်လောင်၊ ဒေါင်းနှင့် ခိုမျိုးစိတ်များအတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်ပါသည်။ 

မြန်မာနိုင်ငံ၏ ခြိမ်းခြောက်မှုအများဆုံးခံနေရသော မျိုးစိတ်အချို့အပါအဝင် ကမ္ဘာလုံး ဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသော အဆင့်အတွင်း ပါဝင်နေသော ငှက်မျိုးစိတ် အမြောက် အမြားသည် ရေတိမ်ဒေသဂေဟစနစ်များ၏ အဓိကလက္ခဏာများ ဖြစ်ကြပါသည်။ ၎င်းမျိုးစိတ်အများအပြားမှာ မျိုးသုဉ်းရန် အန္တရာယ်ရှိနေသောမျိုးစိတ်ဖြစ်သည့် ခြေစိမ်း ရေညှောင့် (Spotted Greenshank - Tringa guttifer) ကဲ့သို့ ကမ်းရိုးတန်း ကျက်စား နယ်မြေများ၏ အဓိကလက္ခဏာ ဖြစ်ပါသည်။ သို့သော် မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော မျိုးစိတ်များဖြစ်သည့် တောဘဲမန်ဒါလီ (White-winged Duck - Cairina scutulata)၊  ရေဗလုံ (Masked Finfoot - Heliopais personata) နှင့် မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်ဖြစ်သည့် Indian Skimmer (Rynchops albicollis) တို့အပါအဝင် အများစုမှာ ရေချိုဒေသ ကျက်စားနယ်မြေများ၏ အဓိကလက္ခဏာ ဖြစ်ပါ သည်။ အင်ဒို-မြန်မာဒေသအတွင်း ရေတိမ်ဒေသ ဂေဟစနစ်များမှာ ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ဆောင်ပေးခံရမှုများ နည်းပါးပြီး သစ်တောဂေဟစနစ်များထက် ခြိမ်းခြောက်ခံနေရမှု ပိုမိုများပြားပါသည်။ မြန်မာနိုင်ငံတွင် ဒေသအတွင်း ကျန်ရှိသော ရေတိမ်ဒေသဂေဟစနစ် အကောင်းဆုံးနမူနာများ ကျန်ရှိဆဲဖြစ်ပြီး သိသာထင်ရှားသော နေရာများမှာ အနိမ့်ပိုင်း ဒေသ သစ်တောများရှိ ရေသေ နှင့် ရေရှင်ရေတိမ်ဒေသများ၊ ကျယ်ပြန့်ပြီး ရေစီးဆင်းမှု နှေးကွေးသော အနိမ့်ပိုင်းမြစ်များ နှင့် ဒီရေတောတို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်ခံနေရသော ငှက်မျိုးစိတ်များတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်သည့် ရေညှောင့်နှုတ်ဝိုင်း (Spoon-billed Sandpiper - Eurynorhynchus pygmeus) ပါဝင်ပြီး မုတ္တမပင်လယ်ကွေ့တွင် တွေ့ရှိရသည့် ရွှေ့ပြောင်းကျက်စားသည့် ဆောင်းခိုငှက်တစ်မျိုး ဖြစ်ပါသည်။ သစ်တောဂေဟစနစ်နှင့် ရေတိမ်ဒေသ ဂေဟစနစ်များ အပြင် တောပါးသော ကွင်းပြင်ဂေဟစနစ်များသည်လည်း လင်းတထိပ်နီ (Red-headed Vulture - Sarcogyps calvus) ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်ခံနေရသော ငှက်မျိုးစိတ်များအတွက် အရေးပါသော နေရာများ ဖြစ်ပါသည်။ ၎င်းလင်းတမျိုးစိတ် များ၏ မြန်မာနိုင်ငံတွင်ရှိသောဦးရေမှာ တစ်ကမ္ဘာလုံးဆိုင်ရာအရ အရေးပါလှပါသည်။ အဘယ့်ကြောင့် ဆိုသော် မွေးမြူရေး လုပ်ငန်းသုံး ဆေးဝါးပစ္စည်းများ၏ အဆိပ်သင့်မှု ဆိုးကျိုးကြောင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အိန္ဒိယတိုက်ငယ်တွင် ကောင်ရေ ကျဆင်း သည့် အဖြစ်မျိုး မြန်မာနိုင်ငံတွင် မရှိသောကြောင့် ဖြစ်ပါသည်။

တောပါးသော ကွင်းပြင်ဂေဟစနစ်များ၏ အဓိကလက္ခဏာဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်ခံနေရသော ငှက်မျိုးစိတ်များသည် နေရင်းဒေသအပေါ် ထိခိုက်မှုများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်း ပါဝင်သည့် ခြိမ်းခြောက်မှုအများအပြားအား ရင်ဆိုင်နေရပါသည်။ မြန်မာနိုင်ငံတွင် ရှေးယခင်က မှတ်တမ်းတင်နိုင်ခဲ့သော ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်ခံ နေရသည့် ငှက်မျိုးစိတ် အများအပြားသည် ယခုနှစ်များတွင် အတည်ပြုမှတ်တမ်းတင်နိုင်ခြင်း မရှိတော့ပါ။ ၎င်းမျိုးစိတ်များတွင် မြန်မာနိုင်ငံ၌ ယခင်က တွေ့ရှိခဲ့ရပြီး ၁၉၄၁ ခုနှစ်မှစ၍ မှတ်တမ်းတင်နိုင်ခြင်း မရှိဘဲ ပါကစ္စတန်၊ နီပေါ နှင့် အိန္ဒိယ မြောက်ပိုင်းတို့ရှိ ရှည်လျားသော မြစ်ကမ်းမြက်ခင်းများတွင် တွေ့ရှိရပြီး မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်စာရင်း ဝင်ဖြစ်သည့်  စွေ့ (Jerdon’s Babbler - Chrysomma albirostre) နှင့် မြန်မာ နိုင်ငံမြောက်ပိုင်း နှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတို့ရှိ သစ်တောများ၏ ရေတိမ်ဒေသများနှင့် ရွှံ့နွံမြေများ၊ မြက်ခင်းများတွင် ယခင်က ကျက်စား ခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၉၁၀ ပြည့်နှစ်မှစ၍ လည်းကောင်း၊ အခြားဒေသများတွင်  ၁၉၄၁ ခုနှစ်မှ စ၍လည်းကောင်း အတည်ပြု မှတ်တမ်းတင်နိုင်ခြင်း မရှိတော့သော၊ ကမ္ဘာပေါ်ရှိ ဆန်းကြယ်သော ငှက်မျိုးစိတ်များတွင် ပါဝင်ပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်သည့် ဘဲခေါင်းပန်းရောင် (Pink-headed Duck - Rhodonessa caryophyllacea) တို့ ပါဝင်ပါသည်။

ဘဲခေါင်းပန်းရောင်ငှက်များ တွေ့ရှိရကြောင်း လတ်တလောတွင် အထောက်အထား ခိုင်ခိုင် မာမာ မတင်ပြနိုင်သော်လည်း ချင်းတွင်းမြစ် အထက်ပိုင်းနှင့် ၎င်း၏ အဓိက မြစ်လက်တက် များ ဖြစ်သည့် တနိုင်းမြစ်၊ တဝမ်မြစ်၊ ပလောင်လဘန်မြစ်တို့မှာ ၎င်းငှက်မျိုးများအတွက် လက်ကျန် ကျက်စားနယ်မြေများဟု ဒေသခံများ၏ အဆိုအရ ယူဆရပါသည်။

တွားသွားသတ္တဝါများ

၂၀၁၀ ခုနှစ် ထုတ်ဝေသော ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသော အဆင့် အတွင်းရှိ တွားသွားသတ္တဝါမျိုးစိတ်များတွင် မြန်မာနိုင်ငံမှ(၂၄)မျိုး ပါရှိပြီး အများဆုံးမှာ လိပ်မျိုးစိတ် များ ဖြစ်ပါသည်။ အာရှတိုက်ရှိ အခြားနေရာများကဲ့သို့ လိပ်မျိုးစိတ်များ ပျံ့နှံ့ခြင်း နှင့် နေထိုင်ကျက်စားရန် လိုအပ်ချက်များကို သိရှိမှုနည်းပါးဆဲ ဖြစ်ပါသည်။ ၎င်းမျိုးစိတ်များနှင့် ပတ်သက်သည့် လတ်တလော မှတ်တမ်းအများစုမှာ တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားသော စျေးကွက်များမှတစ်ဆင့် ရရှိခြင်း ဖြစ်ပါသည်။ သဘာဝကောင်ရေများ အတွက် အဓိက ခြိမ်းခြောက်မှုမှာ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားသော စျေးကွက်များတွင် လိပ်မျိုးစိတ်များ၏ တန်ဖိုးမြင့်မားခြင်းကြောင့် အလွန်အကျွံ ရှာဖွေ ဖမ်းဆီးခြင်း ဖြစ်ပါသည်။ လိပ်မျိုးစိတ်များသည် မျိုးပွားမှုနှုန်း အလွန်နှေးကွေးပြီး အကျိုးဆက်အားဖြင့် အလွန်အကျွံ ရှာဖွေဖမ်းဆီးသည့် အခြေအနေတွင် ရေရှည်ခိုင်မြဲ တည်တံ့နိုင်မည် မဟုတ်ပါ။  မြန်မာနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်ရှိသော အဆင့်အတွင်းရှိ လိပ်မျိုးစိတ်များ အရေအတွက်အား သိရှိရန်နှင့် ရေရှည်တည်တံ့ရေး အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံရှိ အခြားသော တွားသွား မျိုးစိတ်များအတွက် ပြီးပြည့်စုံသော ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်ခံရမှု ဆန်းစစ်ချက်အား မပြုလုပ်ရသေးပါ။ မြန်မာနိုင်ငံတွင် တွေ့ရသော အခြားတွားသွားသတ္တဝါ မျိုးစိတ်များကို သုတေသနပြု ဆန်းစစ် နိုင်ခြင်း မရှိသေးပါ။ IUCN မျိုးစိတ် ကော်မတီ (IUCN- Species Survival Committee -SSC) မှ ဆောင်ရွက်သော ကမ္ဘာလုံးဆိုင်ရာ တွားသွားသတ္တဝါ မျိုးစိတ်များ လေ့လာဆန်းစစ်ခြင်းတွင် မြန်မာနိုင်ငံ မပါရှိသေးပါ။ သို့စေကာမူ မြန်မာနိုင်ငံ အနေဖြင့် IUCN RedList of Threatened Species ver. 2011 တွင် ဖော်ပြထားသော ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်ရှိသော အဆင့်အတွင်း ပါဝင်နေသည့် တွားသွား သတ္တဝါမျိုးစိတ်များထက် ပိုမိုများပြားသော အရေအတွက်အား ရှိနိုင်ပါသည်။

ကုန်းနေရေနေမျိုးစိတ်များ

မြန်မာနိုင်ငံရှိ ကုန်းနေရေနေ မျိုးစိတ်များသည် IUCN RedList of Threatened Species ver. 2011 ၏ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုခံနေရသော မျိုးစိတ်များ စာရင်း တွင် ပါဝင်ခြင်း မရှိပါ။ သို့သော် ကုန်းနေရေနေ မျိုးစိတ်(၄)မျိုးဖြစ်သော ဖားပြုတ်မျိုးစိတ် များမှာ ခြိမ်းခြောက်မှုခံရလုနီးပါး အဆင့်သို့ရောက် ရှိနေပြီး ကောင်ရေမှာလည်း ကျဆင်း လျက် ရှိပါသည်။ ၎င်းမျိုးစိတ်များမှာ Giant Asian River Frog (Limnonectes blythii)၊ Bufo pageotiGlyphoglossus  molossus နှင့် Nanorana arnoldi တို့ဖြစ်ကြပါသည်။ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုခံနေရသော ကုန်းနေရေနေ သတ္တဝါ မျိုးစိတ်များ စာရင်းတွင် မြန်မာနိုင်ငံမှ မပါရှိခြင်းသည် နိုင်ငံရှိ ကုန်းနေရေနေ သတ္တဝါ မျိုးစိတ်အား ထိရောက်စွာ ထိန်းသိမ်းကာကွယ်ထားခြင်းထက် စနစ်တကျ စာရင်းကောက် ယူမှုနည်းပါးခြင်းကို ပေါ်လွင်စေပါသည်။ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်ရှိသော အဆင့်အတွင်းပါဝင်သည့် ကုန်းနေရေနေမျိုးစိတ်များ ရှိနိုင်သော်လည်း လက်ရှိအချိန်အထိ မှတ်တမ်းမှတ်ရာ လိုအပ်ဆဲဖြစ်ပါသည်။ သုတေသနလုပ်ငန်းများနှင့်​ စာရင်းကောက် လုပ်ငန်းများမှ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ခံနေရသော မျိုးစိတ်များအဖြစ် သတ်မှတ် နိုင်မည့် ဒေသရင်းမျိုးစိတ် အများအပြား ဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။ မြန်မာ့ကုန်းနေ ရေနေ နှင့် တွားသွားမျိုးစိတ် စာရင်းကောက် စီမံကိန်းမှ အမည်မဖော်ပြနိုင်သော ကုန်းနေ ရေနေသတ္တဝါမျိုးစိတ်များ အများအပြား ပါရှိနိုင်ပြီး ဆန်းစစ်လေ့လာရန် ပြင်ဆင်လျက် ရှိသည်ဟု ယူဆနိုင်ပါသည်။

ငါးမျိုးစိတ်များ

ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းကာကွယ်ခြင်း ဦးစားပေးမှု သတ်မှတ်ရန် မြန်မာနိုင်ငံရှိ အခြားသော မျိုးစိတ်အုပ်စုများကဲ့သို့ပင် ငါးမျိုးစိတ်များအတွက် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်ခံရမှု အကဲဖြတ်ချက်အား ပြုလုပ်ရန် လိုအပ်ပါသည်။ စနစ်မကျသော ငါးဖမ်း မှုများ၊ ဆည်တာတမံများ တည်ဆောက်ခြင်း၊ ရေထုညစ်ညမ်းမှု နှင့် မျိုးစိတ်များ ကျူးကျော် ဝင်ရောက်လာမှုတို့ကြောင့် မြန်မာ့ရေချိုငါးမျိုးစိတ်များ၏ နေရင်းဒေသများမှာ ပြင်းထန်စွာ ခြိမ်းခြောက်ခံနေရပါသည်။ ငါးမျိုးစိတ် အမြောက်အမြားသည် ကမ္ဘာလုံးဆိုင်ရာ မျိုးတုံး သွားမှုနှင့်အတူ အန္တရာယ်ကျရောက်နေပြီး အထူးသဖြင့် ထိခိုက်လွယ်ပြီး ဒေသမျိုးရင်း ငါးမျိုးများ အမြောက်အမြားရှိသော အင်း​လေးကန်အတွင်းရှိ မျိုးစိတ်များသည် ယင်းကဲ့သို့ သော ပြဿနာမျိုးကို ရင်ဆိုင်နေရသည်။ သို့သော် ယနေ့အချိန်အထိ မြန်မာနိုင်ငံရှိ ရေချို နေရင်းဒေသများတွင် တွေ့ရှိရသော ငါးမျိုးစိတ်များအား ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ခံနေရသော မျိုးစိတ်များ စာရင်းတွင် ပါဝင်ကြောင်း အတည်မပြုနိုင်သေးပါ။

ကျောရိုးမဲ့သတ္တဝါများ

မြန်မာနိုင်ငံရှိ ကျောရိုးမဲ့ သတ္တဝါမျိုးစိတ်များနှင့် ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်မှု အဆင့်အား စနစ်တကျ လေ့လာအကဲဖြတ်နိုင်ခြင်း မရှိသေးသဖြင့် နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ ကျောရိုးမဲ့သတ္တဝါမျိုးစိတ်များ ထိန်းသိမ်းကာကွယ်ခြင်းအတွက် မျိုးစိတ်အလိုက် ဦးစားပေးရန် ခက်ခဲပါသည်။ မြန်မာနိုင်ငံတွင် ကျောရိုးမဲ့သတ္တဝါ မျိုးစိတ် များအနက် လိပ်ပြာမျိုးစိတ် (Adaman Crowd - Euploea adamensis) တစ်မျိုးတည်း သာ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန်အန္တရာယ်ရှိသော အဆင့်အတွင်းရှိ မျိုးစိတ်များ စာရင်း တွင် ပါဝင်ပါသည်။ ၎င်းလိပ်ပြာမျိုးစိတ်သည် အက်ဒမန် archipelago တွင် ဒေသရင်း မျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုကိုးကျွန်းစု၌ တွေ့ရှိရပါသည်။

အပင်များ

ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်ရှိမှု အဆင့်အား အကဲဖြတ်ခြင်းတွင် မြန်မာ နိုင်ငံ၏ အပင်မျိုးစိတ် အနည်းငယ်မျှသာ ပါဝင်ပါသည်။ အထူးသဖြင့် မျိုးစေ့ဝှက် အမျိုးအစား နှင့် အချို့မျိုးစေ့ဖေါ်အမျိုးအစား မျိုးရင်းများကိုသာ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ IUCN ၏ ၂၀၁၁ ခုနှစ် စာရင်း၌ မြန်မာနိုင်ငံ၏ အပင်မျိုးစိတ် (၄၃) မျိုးကိုသာ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်ရှိသော အဆင့်အတွင်းရှိ မျိုးစိတ် များအဖြစ် သတ်မှတ်ထားပါသည်။ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ကျရောက်နေသော မျိုးစေ့ဖေါ်ပင်အားလုံးသည် သစ်ပင်ကြီးများ ဖြစ်ပြီး သုံးပုံနှစ်ပုံကျော်သည် Dipterocarpaceae မျိုးရင်းများ ဖြစ်ပါသည်။ ကမ္ဘာလုံး ဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်ရှိသော အဆင့်အတွင်းရှိ မျိုးစေ့ဝှက်ပင်များတွင် မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နိုင် သော မျိုးစိတ်များဖြစ်သည့် Cycas siamensis Calocedrus macrolepis နှင့် Cephalotaxus mannii ၊ Taiwania cryptomerioides နှင့် မျိုးသုဉ်းရန် အန္တရာယ် ရှိသောမျိုးစိတ်ဖြစ်သည့် Picea farreri မျိုးစိတ်များ ပါဝင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းရန် အန္တရာယ်ရှိသော အဆင့်အတွင်း ပါဝင်သော မျိုးစိတ်များ အတွက် အဓိက ခြိမ်းခြောက်နေသော အချက်များမှာ သယံဇာတ အရင်းအမြစ်များကို စည်းကမ်းမဲ့ ထုတ်ယူသုံးစွဲခြင်းကြောင့် သစ်တောများပျက်စီးမှု နှင့် အဆင့်အတန်း ကျဆင်း မှုတို့ ဖြစ်ပါသည်။ စီးပွားရေးအရ တန်ဖိုးရှိပြီး မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်ဖြစ်သည့် Aquilaria malaccensis သည်လည်း အလွန်အကျွံ ထုတ်ယူခြင်း ကြောင့်  အန္တရာယ်ကျရောက်နေပြီး ၎င်းမျိုးစိတ်သည် အကျော်ပင် (Agarwood) ဟု လူသိ များပြီး ရနံ့ရှိသည့် သစ်မဟုတ်သော အခြားသစ်တောထွက်ပစ္စည်း တစ်မျိုး ဖြစ်ပါသည်။

ကျူးကျော်ဝင်ရောက်လာသောမျိုးစိတ်များ (Invasive Alien Species - IAS)

IAS ဆိုသည်မှာ ဂေဟစနစ်တစ်ခုတွင် ဒေသရင်းမျိုးစိတ်မဟုတ်ဘဲ အခြားဒေသများမှ အစပျိုးဝင်ရောက်လာပြီး အခြေကျကာ နောက်ပိုင်းတွင် လူတို့၏ကျန်းမာရေး၊ ဇီဝမျိုးစုံ မျိုးကွဲများ/ တိရစ္ဆာန်များ၊ စိုက်ပျိုးရေး နှင့် စီးပွားရေးတို့အပေါ် ဆိုးကျိုးသက်ရောက် စေသော မျိုးစိတ်များကို ခေါ်ဆိုပါသည်။ ၎င်းမျိုးစိတ်များတွင် တိရစ္ဆာန်များ၊ အပင်များ၊ မှိုများ နှင့် အလွန်သေးငယ်သော သက်ရှိများပါဝင်ပြီး ၎င်းတို့၏ မူလနေထိုင် ကျက်စားရာ ဒေသများမှ တင်သွင်းလာပြီး ဒေသရှိ မူလမျိုးစိတ်များ၊ အစားအစာများ နှင့် ကျက်စား နေရာတို့၌ ယှဉ်ပြိုင်နိုင်သော စွမ်းရည်များ ရှိကြပါသည်။ မြန်မာနိုင်ငံတွင် IAS နှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိရှိနိုင်သော်လည်း အချို့ IAS များမှာ ကုန်းလမ်း၊ ရေလမ်း နှင့် လေကြောင်းလိုင်း များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ IAS များ၏ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာမှုများအား မြန်မာ နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်နေသော နယ်နိမိတ် တစ်လျောက်တွင် အများဆုံး တွေ့ရှိခဲ့ ရပါသည်။ IAS များသည် ကမ္ဘာလှည့် ခရီးသည်များ လာရောက်လည်ပတ်ခြင်း သို့မဟုတ် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် တိရစ္ဆာန်များ၊ အပင်အစိတ်အပိုင်းများ၊ သစ်စေ့များ၊ စွန့်ပစ်ပစ္စည်းများမှလည်း ရည်ရွယ်မှုမရှိဘဲ ဝင်ရောက်လာနိုင်ပါသည်။ ၎င်းအပြင် သုတေသနလုပ်ငန်းများ၊ ဆေးဝါးများ၊ အလှဆင်အပင် နှင့် အကောင်များ၊ စက်မှုလုပ်ငန်းများအတွက် တင်သွင်းခြင်းသည် ရည်ရွယ်မှုမရှိဘဲ IAS များ တင်သွင်းမိ ခြင်းမျိုး ဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံရှိ သစ်တောသုတေသနဌာနမှ မှတ်တမ်းများအရ IAS များဖြစ်ကြသော ကန္တာစိမ်းမျိုးစိတ်များ (Prosopis spp:)၊ အော်ရီးရှား (Acacia auriculiformis)၊ Ageratum conyzoidis၊ ဘောစကိုင်း (Leucaena leucocephala)၊ ယူကလစ် မျိုးစိတ် များ (Eucalyptus spp;)၊ ပင်လယ်ကဗွီး (Casuarica equisetifolia)၊ ဘိစပ် (Chromolaena odorata)၊ ပင်စိမ်း ရိုင်း(Hyptis suaveolens) Lantana camara ၊ ထိကရုန်း (Mimosa diplotricha)၊ Mikania micrantha၊ မြက်ရိုင်း (Sorghum halepeuse)၊ ပြောင်းမြက် (Paspalum conjugatum)၊ သက်ကယ် (Imperata cylindrica)၊ မြက်ချို (Echinochloa crus-galli)၊ ဆင်ငိုမြက်(Eleusine indica)၊ Pennisetum polystachion နှင့် အခြားသောမျိုးစိတ်တို့ကို ယေဘုယျအားဖြင့် သစ်တော စိုက်ခင်းများ၊ စိုက်ပျိုးမြေများ၊ မြို့ပြများ၊ ရေတိမ်ဒေသများ နှင့် သဘာဝကုန်းမြေများတွင်  တွေ့ရှိရပါသည်။

IAS မျိုးစိတ်များသည် သစ်တောဂေဟစနစ်များ နှင့် စိုက်ပျိုးရေး ဇီဝမျိုးစုံမျိုးကွဲများကို ခြိမ်းခြောက်လျက်ရှိသဖြင့် အထက်ဖော်ပြပါ နေရာများတွင် IAS မျိုးစိတ်များ ရှိနေခြင်း သည် ဒေသရင်းမျိုးစိတ်များကို ပျောက်ကွယ်စေသည့် အန္တရာယ်ရှိစေပါသည်။ ဗေဒါပင် (Water Hyacinth - Eichhornia crassipe) ကို အလှအပအတွက် ရည်ရွယ်ပြီး ရေကန်များနှင့် ရေအိုင်များတွင် ထည့်သွင်းစိုက်ပျိုးခဲ့ကြပါသည်။ သို့ရာတွင် ဗေဒါပင်များ သည် သဘာဝရေပြင်တစ်လျောက် အဆမတန်ပွားများ ပျံ့နှံ့ပါသည်။ ရေကန်များ၊ ရေအိုင်များ နှင့် ချောင်းများတွင်  ဗေဒါပင်များဖြင့် ပိတ်ဆို့လာကာ အကျိုးဆက်အဖြစ် မူရင်းရေနေပင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ခြိမ်းခြောက်လျက်ရှိပါသည်။ အခြားဥပမာ တစ်ခုအနေဖြင့် IAS တစ်မျိုးဖြစ်သော အာဖရိက ခရုမျိုးစိတ်သည် (Giant African Snail - Achatina fulica) သည် မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်မှုများမှတစ်ဆင့် ရောက်ရှိ လာခဲ့ပါသည်။ အာဖရိကခရုမျိုးစိတ်သည် စိုက်ပျိုးမြေများသို့ ရောက်ရှိလာပြီး ကပ်ပါး သယ်ဆောင်သူ ဖြစ်လာပါသည်။ ထို့နောက် မူရင်းဒေသ ခရုမျိုးစိတ်များကို တိုက်ခိုက်ကြ ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် အဆိုပါ ခရုမျိုးစိတ် ဦးရေသည် တဖြေးဖြေး လျော့နည်း လာပြီ ဖြစ်ပါသည်။ ၁၉၇၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပျားမွေး မြူရေးဦးစီးဌာနသည်  အစ္စရေးနိုင်ငံမှ ပျားမျိုးစိတ် တစ်မျိုးဖြစ်သည့် Apis mellifera ligustica အား တင်သွင်းခဲ့ရာ အကျိုးဆက်အဖြစ် ကပ်ပါးမွှား (Varroa jacobsoni) ပါရှိလာပါသည်။ ၎င်းမွှားများသည် (Giant Honey Bee ၊ Hollow Hived Honey Bee နှင့် Bush Hony Bee) အပါအဝင် ပြည်တွင်း နှင့် ပြည်ပမှ တင်သွင်းလာသော ပျားမျိုးစိတ်များကို တိုက် ခိုက် ဖျက်ဆီးကြပါသည်။