တောစုကျေးရွာ စိမ့်စမ်းရေတောအား နိုင်ငံတော်မှ နယ်နိမိတ်ဧရိယာ သတ်မှတ်ပြီး ကျေးရွာပိုင်ရေထိန်းတောအဖြစ် ထိန်းသိမ်းကာကွယ် စောင်‌့ရှောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း

ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာအုပ်စု၊ တောစုကျေးရွာသည် အိမ်ခြေ ၂၁၀၊ လူဦးရေ ၁၀၀၀ နီးပါးရှိပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော ကျေးရွာဖြစ်ပါကြောင်း၊ ရေတွင်း၊ ရေကန်တူးဖော်ရန် အလွန်ခက်ခဲသောကျေးရွာတစ်ရွာဖြစ်ပြီး ကျေးရွာအနီးရှိ တောင်ပေါ်မှထွက်ရှိ သော သဘာဝစိမ့်စမ်းရေတွင်းမှရေကိုသာ အဓိကထားပြီး အသုံးပြုနေရပါကြောင်း၊ ကျေးရွာရေရှည် တည်တံ့နိုင်ရန်နှင်‌့ သောက်သုံးရေ လုံလောက်စွာရရှိစေရန် သဘာဝစိမ့်စမ်းရေတွင်းဧရိယာအား တောင်ယာခုတ်ခြင်း၊ သစ်၊ ဝါးခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်းမပြုရန် ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် စတင်တားမြစ်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် အဆိုပါသဘာဝ စိမ့်စမ်းရေထိန်းတောအား ကျေးရွာကော်မတီဖွဲ့စည်းပြီး အစဉ်အဆက်ကာကွယ်စောင်‌့ရှောက် ခဲ့ကြပါကြောင်း၊ မြို့နယ်ဌာနဆိုင်ရာများနှင်‌့ ရေထိန်းတောကော်မတီဝင်များ ကွင်းဆင်း လေ့လာချက်များအရ တောစုကျေးရွာအနီးရှိ ရေထိန်းတောဧရိယာသည် မြေမျက်နှာပြင် အနေအထားမှာ တောင်ကုန်း၊ တောင်တန်းများသာဖြစ်ပြီး မြေပြန့်များမရှိခြင်း၊ ပိတောက်၊ ပျဉ်းကတိုးနှင်‌့ အခြားသစ်မာပင်ကြီးများ အစုလိုက်ပေါက်ရောက်ခြင်း၊ အောက်ခံမြေဆီလွှာမှာ ကျောက်သားများသာဖြစ်သဖြင်‌့ အခြားမြေအသုံးချမှုပြောင်းလဲရန် မသင်‌့တော်ဘဲ သဘာဝ ရေထိန်းတောအဖြစ် ၁၂၈၅ ဧကခန့်ကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်နေကြောင်း ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်နှင်‌့ ဌာနဆိုင်ရာမှတ်တမ်းများအရ သိရှိရပါကြောင်း၊

ယခုအခါ တောစုကျေးရွာတစ်ခုလုံး အသက်သွေးကြောသဖွယ် အဓိက မှီခိုအားထားနေရသော သဘာဝရေထိန်းတောဧရိယာအတွင်း သစ်ပင်များခုတ်လှဲခြင်း၊ စိုက်ပျိုးမြေများတိုးချဲ့ခြင်း၊ မြေလွတ်၊ မြေရိုင်းလျှောက်ထားမှုကို ကျေးရွာမှအကြိမ်ကြိမ်ကန့်ကွက် တားမြစ်နေရခြင်း၊ ရေထိန်းတောအတွင်း ကျူးကျော်အဆောက်အဦ ဆောက်လုပ်ခြင်းနှင်‌့ သစ်ပင်ခုတ်လှဲဖျက်ဆီးသူများကို သွားရောက် တားမြစ်သော ကျေးရွာသူကျေးရွာသားများနှင်‌့ ရေထိန်းတောကော်မတီအဖွဲ့ဝင်များကိုပါ အသက် အန္တရာယ်ခြိမ်းခြောက်သည်အထိ ရှိနေပါကြောင်း၊ ရေထိန်းတောဧရိယာပျောက်ကွယ်ပြီး စိမ့်စမ်းရေ များခန်းခြောက်သွားမည့်အရေးကိုလည်း ကျေးရွာသူ ကျေးရွာသားများမှ များစွာပူပန်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သောက်သုံးရေတွင်း၊ ရေကန်တူးဖော်ရန်ခက်ခဲပြီး သဘာဝစိမ့်စမ်းရေကိုသာ အဓိကမှီခိုသုံးစွဲနေရသော တောစုကျေးရွာ စိမ့်စမ်းရေတောအား နိုင်ငံတော်မှ နယ်နိမိတ်ဧရိယာ သတ်မှတ်ပြီး ကျေးရွာပိုင်ရေထိန်းတောအဖြစ် ထိန်းသိမ်းကာကွယ် စောင်‌့ရှောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းနှင့် စပ်လျဉ်းပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်‌ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ တောစုကျေးရွာ သဘာဝစိမ့်စမ်းရေထိန်းတောသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မင်းဂံကျေးရွာအုပ်စု၊ တောစုကျေးရွာအနီးတွင် တည်ရှိပါကြောင်း၊ သစ်တောဦးစီးဌာနက စီမံခန့်ခွဲသော သစ်တောနယ်မြေအတွင်း ကျရောက်ခြင်းမရှိဘဲ အစိုးရစီမံခန့်ခွဲခွင်‌့ရှိသည့် မြေအတွင်းကျရောက်နေပါ ကြောင်း၊ ဧရိယာအားဖြင်‌့ ၁၂၈၅ ဧကခန့်ရှိပါကြောင်း၊ အထက်ရွက်ပြတ်ရောနှောတောခြောက် အမျိုးအစားဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်းစသည့် သစ်မျိုးများနှင့် အခြားသစ်မျိုးအပင်ကြီးများ ပေါက်ရောက်လျက်ရှိပါကြောင်း၊ မြေမျက်နှာသွင်ပြင်မှာ တောင်၊ မြောက်သွယ်တန်းနေသော တောင်ကြော၏ အနောက်ဘက် တောင်ကုန်း၊ တောင်စောင်းများနှင့် ကျောက်ဆောင်ကမ်းပါးများ ဖြစ်ပါကြောင်း၊

တောစုကျေးရွာသည် အိမ်ခြေ ၂၁၀ ကျော်၊ အိမ်ထောင်စု ၁၉၆ စု၊ လူဦးရေ ၁၀၀၀ ကျော်ခန့် နေထိုင်ကြပြီး ရေတွင်းတူးဖော်ရန် ခက်ခဲသည့်အတွက် သောက်သုံးရေရရှိရန် ကျေးရွာအနီးရှိ တောင်ပေါ်မှ သဘာဝအလျောက်ထွက်သော စိမ့်စမ်းရေတွင်းမှရေကိုသာ အဓိကအသုံးပြုရသည့် အတွက် ရေရှည်တည်တံ့စေရန် သဘာဝစိမ့်စမ်းရေထိန်းတောဧရိယာအား ကျူးကျော်ဝင်ရောက်၍ ခုတ်ထွင်မှုမရှိရေးကို ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် စတင်တားမြစ်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ကျေးရွာရေထိန်းတောအား ကော်မတီဖွဲ့စည်း၍ အစဉ်အဆက်ကာကွယ် စောင်‌့ရှောက်ခဲ့ကြပါကြောင်း၊ ယခုလက်ရှိတွင် တောစုကျေးရွာ ရေထိန်းတောစောင်‌့ရှောက်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် ဦးအောင်မင်းမှဦးဆောင်ပြီး ကော်မတီဝင်ခြောက်ဦးဖြင်‌့ ကာကွယ် ထိန်းသိမ်းစောင်‌့ရှောက်လျက်ရှိပါကြောင်း၊

စိမ့်စမ်းရေထိန်းတော ရေရှည်တည်တံ့ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ပုသိမ်ကြီးမြို့နယ်မှ (၂-၁-၂၀၁၈) ရက်စွဲပါစာဖြင်‌့ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော သဘာဝရေထွက်များတည်နေရာ ရှာဖွေမှတ်တမ်းတင်ရေးကော်မတီ၏ သတ်မှတ်ပြထားချက်အတိုင်း၊ လုပ်ငန်းတာဝန်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာနသည် ရေဝေရေလဲနှင်‌့ ရေဦးရေထွက်ဧရိယာများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး ပုသိမ်ကြီးမြို့နယ်အတွင်း ရေဝေ ရေလဲဧရိယာများထိန်းသိမ်းခြင်း၊ ကျေးရွာမှထိန်းသိမ်းစောင်‌့ရှောက်ထားသော ရေထိန်းတောများကို သစ်တောနယ်မြေအတွင်းဖြစ်ပါက ဒေသခံပြည်သူပိုင်၊ အစုအဖွဲ့ပိုင်သစ်တော (Community Forestry) တည်ထောင်ခွင်‌့ပြုခြင်း၊ သစ်တောနယ်မြေပြင်ပဖြစ်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သစ်တောနယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

သစ်တောမူဝါဒအရ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောဧရိယာကို နိုင်ငံ၏ ၃၀ ရာခိုင်နှုန်းအထိ လည်းကောင်း၊ သဘာဝနယ်မြေကို ရေတိုကာလတွင် နိုင်ငံ၏ ၅ ရာခိုင်နှုန်းနှင့် ရေရှည်ကာလတွင် ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းသွားရန် ရည်ရွယ်ထားရှိပါကြောင်း၊ သဘာဝစိမ့်စမ်းရေထိန်းတောသည် သစ်တောနယ်မြေပြင်ပတွင်တည်ရှိခြင်းကြောင့် သစ်ပင်များခုတ်လှဲခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်လာခြင်း၊ မြေလွတ်‌မြေလပနှင့် မြေရိုင်းလုပ်ကိုင်ခွင်‌့များလျှောက်ထားလာခြင်း၊ ကျူးကျော်အဆောက်အဦများ ဆောက်လုပ်ခြင်းတို့ကို သစ်တောဥပဒေအရ ထိရောက်စွာအရေးယူရန် အခက်အခဲများစွာရှိပါကြောင်း၊

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ပြဋ္ဌာန်းသော သစ်တောဥပဒေပုဒ်မ ၇(ဃ) အရ ဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင်‌့ ဒေသခံများမှ ၎င်းတို့၏ ဓလေ့ထုံးတမ်းအရ ထိန်းသိမ်းထားသည်‌့ သဘာဝသစ်တောများနှင်‌့ ဒီရေတောများကို အသိအမှတ်ပြုနိုင်သည်ဟု ဖော်ပြထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သဘောဝစိမ့်စမ်းရေထိန်းတောအား ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဒေသခံကျေးလက်ပြည်သူများ ပူးပေါင်း ဆောင်ရွက်သွားသင်‌့ပါကြောင်း၊ သစ်တောနယ်မြေအဖြစ် ဆောင်ရွက်ပြီးပါက ဒေသခံပြည်သူအစုအဖွဲ့ ပိုင် သစ်တောလုပ်ငန်းအဖြစ် တောစုကျေးရွာဒေသခံများကို သဘာဝတောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်ခွင်‌့ပြုသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

သယံဇာတနှင်‌့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင်‌့ဆွေ
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး