မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ

ဇီဝမျိုးစုံမျိုးကွဲ ဆိုသည်မှာ ကုန်းမြေ၊ လေထု၊ ပင်လယ် နှင့် အခြားသော ရေပြင်ဆိုင်ရာ ဂေဟစနစ်များအပါအဝင် အရင်းအမြစ်များအားလုံးရှိ သက်ရှိသတ္တဝါများ ကွဲပြားခြားနား စွာ တည်ရှိမှု နှင့် ၎င်းတို့ပါဝင်သည့် ဂေဟစနစ်အမျိုးမျိုး ကွဲပြားတည်ရှိမှုပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ကွဲပြားခြားနားသော ဒေသကြီး (၃) ခု ဖြစ်သည့် မြောက်ဘက်တွင် ဟိမဝန္တာဒေသ၊ အရှေ့ဘက်တွင် အင်ဒိုချိုင်းနားဒေသ နှင့် တောင်ဘက် တွင် မလေးကျွန်းဆွယ်ဒေသတို့အကြားတည်ရှိပါသည်။ ၎င်းကဲ့သို့ ဒေသကြီး (၃)ခု နှင့် ဆက်စပ်တည်ရှိသည့်အပြင် နိုင်ငံတွင်းရှိ ကွဲပြားခြားနားသော မိုးရေချိန်၊ မြေမျက်နှာ သွင်ပြင်အနေအထား နှင့် ပေါများသော မြစ်ချောင်းများသည် မြန်မာနိုင်ငံတွင် အမျိုးအစား စုံလင်လှသော သဘာဝသစ်တောများကို ဖြစ်ပေါ်တည်ရှိစေပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအား အာရှ နှင့် ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်သတ်မှတ်ထားပြီး သဘာဝတောအမျိုးအစား အများအပြားအား အောက်ပါအတိုင်း တွေ့ရှိရပါသည်။

အမျိုးအစားစုံလင်လှသော မြန်မာ့သစ်တောများတွင် ကျား၊ ဆင်၊ ကျားသစ်၊ ပြောင်၊ စိုင် အပါအဝင် နို့တိုက်သတ္တဝါ (၂၅၂) မျိုး၊ မိကျောင်း၊ စပါးကြီးမြွေ အပါအဝင် တွားသွား သတ္တဝါ (၂၉၃)မျိုး၊ ငှက်မျိုးစိတ် (၁၀၅၆) မျိုး၊ ကုန်းနေရေနေသတ္တဝါ (၁၃၉) မျိုး၊ ရေချို နှင့် ရေငံငါးမျိုးစိတ် (၇၇၅)မျိုး နှင့် ဝါး၊ ကြိမ်၊ သစ်ခွ နှင့် ဆေးဘက်ဝင်အပင် အပါအဝင် မျိုးစိတ်ပေါင်း (၁၁၈၂၀) ကျော်တို့အား မှတ်တမ်းတင်ထားပါသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ဒေသရင်းမျိုးစိတ် (Endemic Species) များကို ပိုင်ဆိုင် လျက်ရှိပြီး ၄င်းဒေသရင်းမျိုးစိတ်များတွင် နို့တိုက်သတ္တဝါ (၁) မျိုး၊ တွားသွားသတ္တဝါ (၂၂) မျိုး၊ ကုန်းနေရေနေမျိုးစိတ် (၆) မျိုး၊ ငှက်မျိုးစိတ် (၆) မျိုး နှင့် အပင် မျိုးစိတ် (၈) မျိုး တို့ပါဝင်ပါသည်။