ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်း ကျရောက် နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို မူလကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ

ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်း ကျရောက် နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို မူလကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း ကျေးသီးမြို့နယ်ရှိ ဝမ်ဖွီး သစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်းအတွင်းပါရှိသွားသော ဒေသခံတောင်သူများ၏ ကျေးရွာများ၊ သာသနာမြေများ၊ ယာမြေများ၊ လယ်မြေများ၊ သုသာန်မြေများကို ဒေသခံတောင်သူ လယ်သမားများလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်ထားမှု အခြေ အနေကို သိရှိလိုပါကြောင်း၊ အဆိုပါသစ်တောကြိုးဝိုင်းသည် ကျေးသီး မြို့မြေနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေပါကြောင်း၊ အဆိုပါ သစ်တောကြိုးဝိုင်းမသတ်မှတ်မီကပင် ဒေသခံတောင်သူများသည် နှစ်ပေါင်းရာချီနေထိုင်လျက်ရှိပြီး ၎င်းဧရိယာအတွင်း၌ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေကြရပါသည်။ ကြိုးဝိုင်းအဖြစ်မသတ်မှတ်မီကပင် စိုက်ပျိုးမြေဧရိယာအတွင်း ရာသီအလိုက် သီးနှံပင်များ စိုက်ပျိုး လာခဲ့သည့်အတွက် သစ်တောသစ်ပင်များပေါက်ရောက်နေခြင်း မရှိပါကြောင်း၊ စိုက်ပျိုးမြေအပြင် ကျေးရွာများသည်လည်း နှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့ကြသည့်အပြင် သမိုင်းဝင်ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာမြေများ၊ သုသာန်များသည်လည်း ရှေးယခင်ကာလမှ ယနေ့အထိ အသုံးပြုနေ သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၂ ခုနှစ်တွင် သစ်တောဦးစီးဌာနမှ သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်စဉ်ကာလ၌လည်း နယ်မြေလုံခြုံရေးအခြေအနေအရနှင့် ဝန်ထမ်းအင်အား မလုံလောက်ခြင်း တို့ကြောင့် ဦးစီးဌာနအနေဖြင့် မြေပြင်သို့ ကွင်းဆင်း စစ်ဆေးခြင်းမရှိဘဲ ရုံးပေါ်၌သာ မြေပုံကြမ်းရေးဆွဲကာ အတည်ပြုခဲ့ခြင်းကြောင်းကို သိရှိရပါကြောင်း၊ ပြည်သူများသို့ မည်သည်မျှအသိပေးဆောင်ရွက်ခြင်းမရှိဘဲ း သစ်တော ကြိုးဝိုင်းအဖြစ် သတ်မှတ်ခြင်းကြောင့် နောက်ဆက်တွဲကြုံရမည့် အကျိုးအပြစ်များလည်း နားလည်မှု မရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့အချိန်အခါတွင် လူဦးရေတိုးတက်များပြားလာခြင်း၊ နယ်မြေအခြေအနေ တည်ငြိမ် အေးချမ်းလာခြင်းတို့ကြောင့် ဒေသခံပြည်သူများသည် မိမိတို့နေထိုင်သည့်ရပ်ကွက်နှင့် ကျေးရွာနှင့် နီးကပ်လျက်ရှိသည့်မြေနေရာများတွင် ဘိုးဘွားဘီဘင်လက်ထက်ကတည်းက စိုက်ပျိုးလုပ်ကိုင် စားသောက်နေကြသော်လည်း ယနေ့အချိန်အခါတွင် ၎င်းတို့၏ လယ်ယာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများ၊ မြေယာပိုင်ဆိုင်ခွင့်အခွင့်အရေးများ ဆုံးရှုံးလျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တော ကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်းရောက်ရှိသော ရွာမြေ၊ သာသနာမြေ၊ ယာမြေ၊ လယ်မြေများကို မူလကတည်းက စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည့် ဒေသခံတောင်သူလယ်သမားများလက်ဝယ်သို့ ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။ သစ်တောနယ်မြေများ ဖွဲ့စည်းဆောင်ရွက်ရာတွင် ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၃၊ ၄၊ ၅၊ ၆ နှင့် ၁၉၉၅ ခုနှစ်၊ နည်းဥပဒေ ၃ မှ ၁၉ တို့အရ ကြိုးဝိုင်းတောကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကြိုးပြင်ကာကွယ်တောကို သစ်တောဦးစီးဌာနတို့မှ ကြေးတိုင်အရာရှိများခန့်အပ်ပြီး သစ်တောနယ်မြေ ဖွဲ့စည်းခြင်းလုပ်ငန်းစဉ်အဆင့်ဆင့် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများနစ်နာမှုမရှိစေရန် ကြေးတိုင်အရာရှိနှင့် သစ်တောဦးစီးဌာနတို့မှ ဒေသခံပြည်သူများအခြေချနေထိုင်မှု၊ စိုက်ပျိုးရေးလုပ်ကိုင်မှုများကို စနစ်တကျကွင်းဆင်းစစ်ဆေးပြီး သစ်တောနည်းဥပဒေ ၇(က)၁အရ မိရိုးဖလာလုပ်ပိုင်ခွင့်ရှိသည့်မြေကို ဖွဲ့စည်းမည့်သစ်တော နယ်မြေ များအတွင်း ထည့်သွင်းခြင်းမရှိဘဲ ချန်လှပ်ကွက်များဖြင့် သစ်တောမြေဖွဲ့စည်းထားသည့် အမိန့် ကြော်ငြာစာတွင် တစ်ပါတည်းဖော်ပြပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် ဒေသခံပြည်သူများ သစ်တောထွက်ပစ္စည်းထုတ်ယူသုံးစွဲခွင့်၊ မွေးမြူထားသည့် တိရစ္ဆာန်များ၏ စားကျက်မြေအပါအဝင် မြေအသုံးချခွင့်ပြုခွင့်တို့ကို ပမာဏ၊ အမျိုးအစား၊ ဧရိယာ၊ နယ်နိမိတ်၊ အချိန်ကာလ၊ ခွင့်ပြုမယ့်နည်းလမ်းများဖြင့် အဆိုပါအမိန့်ကြော်ငြာစာမှာ အတိအကျ ဖော်ပြထုတ်ပြန်ပါ ရှိပါကြောင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောဖွဲ့စည်းရန်ရည်ရွယ်ကြောင်း ကြေညာ ပြီးပါက ဒေသခံ ပြည်သူများကို နစ်နာမှုမရှိစေရန် သစ်တောဥပဒေ၊ နည်းဥပဒေ၊ ဌာနဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အောက်ပါအတိုင်း စနစ်တကျဆက်လက်ဆောင်ရွက်နေပါကြောင်း၊ သစ်တောကြေးတိုင်အရာရှိက ရက်ပေါင်း ၃၀ အတွင်း ကြိုးဝိုင်းတောဖွဲ့စည်းမည့် ဒေသ၏ တည်နေရာ၊ နယ်နိမိတ်များကိုဖော်ပြပြီး သက်ဆိုင်ရာဒေသရှိ အများပြည်သူတို့သိရှိစေရန်ကြေညာခြင်း ဖြစ်ပါကြောင်း၊ သက်ဆိုင်သူများက တောင်းဆိုလိုသည့် အခွင့်အရေးများနှင့် တင်ပြလိုသောဆိုင်ရာဆိုင်ခွင့်များကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း တင်ပြခြင်းဖြစ်ပါကြောင်း၊ သစ်တောကြေးတိုင် လုပ်ငန်းများအားလုံးပြီးစီးလျှင် သစ်တောကြေးတိုင်အရာရှိ၏ အစီရင်ခံစာပြုစု၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံပေးပို့ပြီး ညွှန်ကြားရေးမှူးချုပ်ကတစ်ဆင့် တင်ပြလာသော ကြေးတိုင် အစီရင်စာ များကို စိစစ်ပြီးပါက အမိန့်ကြော်ငြာစာ(မူကြမ်း)ကိုပြုစု၍ ကြေးတိုင်အစီရင်ခံစာနှင့်အတူ ပြည်ထောင်စု ဝန်ကြီးထံတင်ပြခြင်း၊ ပြည်ထောင်စုဝန်ကြီးသည် အစီရင်ခံစာများကို စိစစ်သုံးသပ်၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြကာ သဘောတူညီချက်ရရှိလျှင် သစ်တောဥပဒေပုဒ်မ ၆ ပုဒ်မခွဲ(ဃ)အရ ကြိုးဝိုင်း တောအဖြစ်သတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်း ဖြစ်ပါကြောင်း၊ ပြီးလျှင် အမိန့်ကြော်ငြာ စာထုတ်ပြန်ပြီးနောက် အပြီးသတ်နယ်နိမိတ်သတ်မှတ်ခြင်းကို မြို့နယ်သစ်တောဦးစီး ဌာနက တစ်နှစ်အတွင်းအပြီးသတ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဝမ်ဖွီးကြိုးဝိုင်းတောနှင့် လွိုင်တောင်းကြိုးဝိုင်းတောတို့သည် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အတွင်းတည်ရှိပြီး ဝမ်ဖွီးကြိုးဝိုင်း (၁၂၇၀၀ ဧက)အား ဤဝန်ကြီးဌာန၏ ၉-၁-၂၀၀၂ ရက်စွဲပါ အမိန့် ကြော်ငြာစာဖြင့်လည်းကောင်း၊ လွိုင်တောင်းကြိုးဝိုင်း (၁၀၅၆၀ဧက) အား ၉-၁-၂၀၀၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း တောတောင်ရေမြေတို့ကို ထိန်းသိမ်းကာကွယ်ရန်၊ သစ်တောထွက် ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးရည်ရွယ်၍ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်း များနှင့် အညီ ဖွဲ့စည်းခဲ့ပါကြောင်း၊ လွိုင်တောင်းကြိုးဝိုင်းတော ဖွဲ့စည်းသတ်မှတ်စဉ်က ခွင့်ပြုခဲ့သည့် ဆိုင်ရာဆိုင်ခွင့်နှင့် အခွင့်အရေး များ တောင်းခံမှုမရှိသည့်အပြင် သစ်တောဦးစီးဌာနအနေဖြင့် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများနှင့် သဘာဝ နယ်မြေများအတွင်း နှစ်ကာလအတိုင်းအတာတစ်ခုအထိ တရားမဝင်ကျူးကျော် အခြေချနေ ထိုင်သော ရွာစုနှင့်အိမ်ထောင်စုများအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် ၂၀၁၃ ခုနှစ်က တိုင်း ဒေသကြီး/ ပြည်နယ်အလိုက် စာရင်းကောက်ယူခဲ့ပြီး ကောက်ယူရရှိသောစာရင်းများအရ အဆင့်အလိုက် ပယ်ဖျက် ပေးခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ဝမ်ဖွီးကြိုးဝိုင်းအတွင်း ကျူးကျော်စာရင်းကောက်ယူမှုအရ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်ပေါက် ရွာမြေ ၄၁ ဧက၊ လယ်မြေ ၁၃ ဧက၊ ယာမြေ ၂၃၁ ဧက၊ နှစ်ရှည်စိုက်ခင်း ၄၈ ဧက၊ သာသနာ/အများပိုင်မြေ ၁၀ ဧက စုစုပေါင်း ၃၄၃ ဧကနှင့် အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည်မပေါက်သော်လည်း အခိုင်အမာတည်ရှိပြီးဖြစ်သည့် ကျေးရွာ ငါးရွာ၏ ရွာမြေ ၂၉၅.၅ ဧက၊ လယ်မြေ ၁၃၆.၅ ဧက၊ ယာမြေ ၅၆၉ ဧက၊ ဥယာဉ်ခြံမြေ ၂၆ ဧက၊ နှစ်ရှည်စိုက်ခင်း ၁၄၂ ဧက၊ သာသနာ/အများပိုင်မြေ ၇၄ ဧက စုစုပေါင်း ၁၂၄၃ ဧက၊ ပြန့်ကျဲနေသော အိမ်စု/ရွာစုများစာရင်းမှ ပြင်ပကျူးကျော်လုပ်ကိုင်သည့် လယ်မြေ ၂၇၇.၅၆ ဧက၊ ယာမြေ ၁၆၄.၇၂ ဧက၊ သာသနာ/အများပိုင်မြေ ၈၀ ဧက စုစုပေါင်း ၅၂၂.၂၈ ဧက စုစုပေါင်းချုပ် ၂၁၀၈.၂၈ ဧကကို စာရင်း ကောက်ယူရရှိခဲ့ပြီး ၎င်းစာရင်းအနက် ပြည်ထောင်စုဝန်ကြီးရုံး၏ ၆-၄-၂၀၁၅ ရက်စွဲပါ အမိန့် ကြော်ငြာစာအရ နမ့်စလက် ကျေးရွာ၊ နားလွယ်ကျေးရွာ၊ နားဟမ်းကျေးရွာ၊ ကုန်းပက်ကျေးရွာ၊ နားကျိုင်းကျေးရွာ၊ နောင်ကားကျေးရွာ ခြောက်ရွာ၏ ရွာမြေ ၃၃၆.၅ ဧက၊ လယ်မြေ ၁၄၉.၅ ဧက၊ သာသနာ/အများပိုင်မြေ ၈၄ ဧက စုစုပေါင်း ၅၇၀ ဧကကို သစ်တောနယ်မြေအဖြစ်ကနေ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အလားတူ လွိုင်တောင်းကြိုးဝိုင်းအတွင်း စာရင်းကောက်ယူမှုအရ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေး အမည်ပေါက် ကျေးရွာ သုံးရွာ၏ ရွာမြေ ၁၅၆ ဧက၊ လယ်မြေ ၁၅၅.၅ ဧက၊ ယာမြေ ၅၉၉ ဧက၊ ဥယာဉ်ခြံမြေ ၃၁၄.၅ ဧက၊ နှစ်ရှည်စိုက်ခင်း ၁၃၉ ဧက၊ သာသနာ/အများပိုင်မြေ ၁၉၈.၃၅ ဧက စုစုပေါင်း ၁၅၆၂.၃၅ ဧက စာရင်းကောက်ယူရရှိခဲ့ပြီး ၎င်းအနက် ပြည်ထောင်စုဝန်ကြီးရုံး၏ ၆-၄-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပါတက်ကျေးရွာ၊ ကောင်းမူးကျေးရွာ၊ ဟွေမောင်ကျေးရွာ သုံးရွာ၏ ရွာမြေ ၁၅၆ ဧက၊ လယ်မြေ ၁၅၅.၅ ဧက၊ သာသနာ/အများပိုင်မြေ ၁၉၈.၃၅ ဧက စုစုပေါင်း ၅၀၉ ဧကအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနဟာ သစ်တောသယံဇာတ အရင်း အမြစ်များ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးနှင့် သစ်တောဖုံးလွှမ်းမှုကောင်းမွန်လာစေရေးအတွက် သစ်တောများပြန်လည်တည်ထောင်ခြင်းအစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ရာသီဥတု‌ပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ နိုင်ငံအလိုက်ဆောင်ရွက်ရမည့် ကတိကဝတ်များကို လက်မှတ်ရေးထိုးပြီးဖြစ်၍ ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများအား ၃၀ ရာခိုင်နှုန်း၊ သဘာဝ နယ်မြေများအား ၁၀ ရာခိုင်နှုန်းတိုးချဲ့ဖွဲ့စည်းရန်စီစဉ်လျက်ရှိရာ လက်ရှိအချိန်မှာ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောကို ၂၅.၁၉ ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို ၅.၇၉ ရာခိုင်နှုန်း ဖွဲ့စည်းပြီး ကျန်ရှိသော ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ၄.၈၁ ရာခိုင်နှုန်းနှင့် သဘာဝနယ်မြေ ၄.၂၁ ရာခိုင်နှုန်းကို ထပ်မံ ဖွဲ့စည်း ရန်နှင့် ဖွဲ့စည်းပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောနဲ့ သဘာဝနယ်မြေများအား လျော့ပါးမှု မရှိအောင် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံတကာကတိကဝတ် ပြည့်မီရေးအတွက် သစ်တောကြိုးဝိုင်း ဖွဲ့စည်းရေး ကိုသာ ဦးစားပေးဆောင်ရွက်နေရပြီး ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့သည် ကြိုးဝိုင်းကျူးကျော် စာရင်းများ အနက် အိမ်ခြေ ၅၀ အောက်စာရင်းများကို ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ သစ်တော ကြိုးဝိုင်းအတွင်း ဝင်ရောက်လုပ်ကိုင်နေသည့် ယာမြေနှင့် ဥယျာဉ်ခြံမြေများအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခြင်း မပြုသော်လည်း ဆက်လက်လုပ်ကိုင်ခွင့်ပြုထားပြီး ၎င်းယာမြေများအား သီးနှံသစ်တော ရောနှော စိုက်ပျိုးသည့် စနစ်ကိုအခြေခံသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း တည်ထောင်ခြင်းအား နှစ် ၃၀ တိုင်လုပ်ကိုင်ခွင့်ပြုခြင်း၊ ဥယျာဉ်ခြံမြေများအား နှစ်ရှည်မြေငှားရမ်းစနစ်ဖြင့် ခွင့်ပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဝမ်ဖွီးကြိုးဝိုင်းတောအတွင်း မူလလုပ်ကိုင်သူ တောင်သူ ၂၂ ဦးကို လယ် ၁၅ ဧကနှင့် ယာ ၈၅ ဧကဆိုင်ရာဆိုင်ခွင့်ပေးထားပြီးဖြစ်ခြင်း၊ ဝမ်ဖွီးကြိုးဝိုင်း အတွင်း ကောက်ယူခဲ့သည့် ၂၀၁၃ ခုနှစ် ကျူးကျော်စာရင်းအနက် ကျေးရွာခြောက်ရွာ၏ ရွာမြေ၊ လယ်မြေ၊ သာသနာ/အများပိုင်မြေ စုစုပေါင်း ၅၇၀ ဧကနှင့် လွိုင်တောင်းကြိုးဝိုင်းအတွင်း ကျေးရွာ သုံးရွာ၏ ရွာမြေ၊ လယ်မြေ၊ သာသနာ/အများပိုင်မြေ စုစုပေါင်း ၅၀၉.၈၅ ဧကတို့အား ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ခြင်းတို့ကြောင့် သစ်တောမြေအဖြစ်မှ ထပ်မံစွန့်လွှတ်ပယ်ဖျက်ပေးရန် အစီအစဉ်မရှိသေး ပါကြောင်း ပြန်လည်ဖြေကြားပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး