ဦးခင်ချို (လှိုင်းဘွဲ့ မဲဆန္ဒနယ်)၏ မန်ဂျန်းရှားလို့ခေါ်သည့် ဂျပန် ပိတောက်သစ်အမျိုးအစားကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်ရေး ဗဟုသုတဖြန့်ဖြူးပေးခြင်း၊ အားပေးကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းများနှင့်ပတ်သက်သည့်မေးခွန်း

သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုဖောက်ပြန်မှုများ၊ သဘာဝကပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများ၊ ဂေဟစနစ်ပျက်စီးမှုများ၊ သစ်တောသစ်ပင်ရှားပါးလာမှုကြောင့် နေအိမ်ဆောက်လုပ်ရန်နှင့် သစ်ဈေးနှုန်း ကြီးမြင့်မှု၊ အိမ်ဆောက်သစ်အမျိုးအစားရှားပါး လာခြင်းနှင့် အိမ်သုံးပစ္စည်းပြုလုပ်ရန် ခက်ခဲမှု၊ ချက်ပြုတ်ရန် သစ်တောသစ်ပင်များရှားပါးလာမှုစသည့် အခက်အခဲများကို အထိုက်အလျောက်ပြေလည်လာစေနိုင်ရန် သြစတေးလျ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် စီးပွားဖြစ် စိုက်ပျိုးနေကြသည့် Acacia ဂျပန်ပိတောက်ခေါ် မန်ဂျန်းရှား Acacia mangium ဟုခေါ်သည့် အကြီး မြန်သည့်သစ်ပင် သစ်အမျိုးအစားသည် ညိုဝါရောင်ရှိပြီး ကျွန်းလိုသစ်ခွဲသားတွင် အကွက်လေး များပါပြီး တစ်နှစ်ကို ၁၀ ပေလောက်ထိ ကြီးထွားနှုန်းမြန်ပြီး ၁၀ နှစ်လောက်ဆိုပါက ‌ရောင်းတန်းဝင်သည့် သစ်အမျိုး အစားဖြစ်သည်ဟု သိရပါကြောင်း၊ ကိုင်းတက်များကို များများခုတ်ပေးခြင်းအားဖြင့် ကြီးထွားနှုန်း ပိုမြန်ပြီး ထင်းလိုအပ်ချက်ကို သစ်ပင်ကိုခုတ်လှဲရန်မလိုဘဲ ကိုင်းတက်များကိုခုတ်ပြီး အသုံးပြုနိုင်သည့်အတွက် သစ်ပင်သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်ပါကြောင်း၊ ၎င်းသစ်ပင်အမျိုးအစားများသည် မကြာခဏ အရွက်ကြွေလိုက်၊ ပြန်ထွက်လိုက်ဖြစ်သည့်အတွက်ကြောင့် မြေဆီလွှာကိုထိန်းအား ပိုကောင်းပြီး မြေ အမျိုးအစားမရွေးစိုက်ပျိုးနိုင်သည်ဟု သိရပါကြောင်း၊ သို့သော် အအေးလွန်ကဲသည့်နေရာများတွင် စိုက်ပျိုး၍ မရနိုင်ကြောင်း၊ အပူချိန် ၁၅ ဒီဂရီနှင့် ၂၂ ဒီဂရီစင်တီဂရိတ် ရှိသည့်ဒေသများတွင် ပိုပြီးဖြစ် ထွန်း ပါကြောင်း၊ အမြင့်မီတာ ၃၀ ရှိပြီး ၁၀ နှစ် အရွယ်တွင် သစ်လုံး၏အချင်းတစ်ပေ၊ တစ်ပေခွဲ လောက်ရှိနိုင်ပြီး အပင်မှဖြောင့်တန်းသည့်အတွက် သစ်ခွဲသားပြုလုပ်ပါက အလွန်ကောင်း ကြောင်း နှင့် ခုနစ်ပေခြားလောက်စိုက်နိုင်မည်ဆိုပါက တစ်ဧက ကို အပင်ရေ ၉၀၀ လောက်ထိ စိုက်နိုင်ပါကြောင်း၊ အပင်စိပ်လို့ အပင်လှီခြင်း၊ သေးခြင်း မရှိဘဲဖြောင့်တန်းပြီး ရှင်သန်နိုင်သည့်အတွက် အကိုင်းအခက်များ ခုတ်ပေးရန်လိုပါကြောင်း၊ ရွှံ့မြေတွင် စိုက်ပျိုး၍မရပါကြောင်း၊ ၎င်းသစ်စေ့၊ မျိုးစေ့ တစ်ကီလိုလျှင် အစေ့ တစ်သိန်းကျော်လောက်ရှိကြောင်း၊ အပင်ပျိုးသည်အခါ နှစ်စေ့လောက်ထည့်ပြီး ပျိုးရကြောင်း၊ အပင်ပျိုးရန် အတွက် အစေ့ကိုရေနွေးဆူဆူတွင်ထည့်ပြီး ချက်ချင်းပြန်ဆယ်၍ ရေအေးအေးတွင် ချက်ချင်းပြန်စိမ်ပြီး သုံးကြိမ်လောက် ပြုလုပ်၍ စိုက်ပျိုးရပါကြောင်း၊ တချို့မှ ညပိုင်းရေစိမ်၍ နေ့ပိုင်းတွင် လေသလပ်ခံပြီး စိုက်ပျိုးကြကြောင်း၊ ၎င်းသစ်မျိုးကို နယူဂီနီမှာစပြီး စိုက်ပျိုးကြောင်း၊ မိမိတို့မြို့နယ်တွင် ကုမ္ပဏီတစ်ခုမှ ဒေါနတောင်ခြေတွင် ဧက ၅၀၀၀ လောက် စမ်းသပ်စိုက်မည်ဟု သိရပါကြောင်း၊ သစ်မာအမျိုးအစား ဖြစ်သည့်အတွက် နေအိမ်ဆောက်လုပ်ခြင်း၊ အိမ်ဆောက်ပရိဘောဂများ ဆောက်လုပ်ခြင်းနှင့် ချက်ပြုတ် ရန် ထင်းများအတွက် သစ်ပင်ကိုခုတ်လှဲရန် မလိုဘဲ အကိုင်းအခက်များကို ခုတ်ပြီး သုံးရသည့် အတွက် ကြောင့် ကျေးလက်နေပြည်သူများအတွက် အသုံးဝင်သည့်အတွက် ကျေးရွာသုံးစိုက်ခင်းများ၊ နေအိမ် ခြံဝင်းများနှင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်များတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်မည်ဆိုပါက နိုင်ငံ ၏ သစ်တောပြုန်းတီးမှုများကို အထိုက်အလျောက်အမြန်ဆုံးကာကွယ် ဖြည့်ဆည်းပေးနိုင်မည့်အပြင် ကျေးလက်နေပြည်သူများအတွက် အကျိုးများပြီး အကြီးမြန်သည့် မန်ဂျန်းရှားလို့ခေါ်သည့် ဂျပန် ပိတောက်သစ် အမျိုးအစားကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်ရေး ဗဟုသုတဖြန့်ဖြူးပေးခြင်း၊ အားပေးကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ တို့ကို သိလိုပါကြောင်း ဖြင့် မေးမြန်းပါသည်။

ဦးခင်ချို (လှိုင်းဘွဲ့ မဲဆန္ဒနယ်)

အကေးရှားသစ်ပင်မျိုး၏မူလ ဒေသမှ သြစတြေးလျအရှေ့မြောက်ပိုင်း၊ ပါပူရာနယူဂီနီနှင့် အင်ဒိုနီးရှား အရှေ့ပိုင်း မိုလူကာ ကျွန်းစုများတွင် အပူပိုင်းစွတ်စိုသည့်သစ်တောများ (humid tropical forests)ဖြစ်ပြီး ၎င်း၏မျိုးရင်းမှ Leguminoseae ဖြစ်ပါကြောင်း၊ မျိုးစုမှ Acacia ၊ မျိုးစိတ် mangium Willd ဖြစ်ပါပြီး ၁၉၆၀ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ဆာဘာပြည်နယ်နှင့် တောင်အာဖရိကနိုင်ငံမှာ စတင်စိုက်ပျိုးပြီး ယခု အခါ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါပူရာနယူဂီနီနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလာပါကြောင်း၊ မြေဆီအဟာရချို့တဲ့ပြီး အက်ဆစ်ဓာတ်ပေါက်သည့် မြေအမျိုးအစားနှင့် မြေအတန်း အစားကျသည့် နေရာ မျိုးတွင် သံဓာတ်နှင့် အလူမီနီယံအောက်ဆိုဒ်ဓာတ်များ များပြားစွာပါဝင်သည့် မြေအမျိုးအစားတွင် ကောင်းစွာဖြစ်ထွန်းသည့်အပင်ဖြစ်ပါကြောင်း၊ ခြောက်သွေ့သည့် ရာသီဥတု၊ တိုတောင်းသည့် အပူပိုင်း မြေနိမ့် ဒေသများတွင် အဓိကတွေ့ရပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၀၀ ပေ ၂၅၀၀ ခန့်တွင် ကောင်းစွာပေါက်နိုင်ပါကြောင်း၊ နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၅၅ လက်မမှ ၁၁၈ လက်မလောက်ထိ ပေါက်နိုင်ပြီး အနိမ့်ဆုံးအပူချိန် ၁၂ မှ ၁၆ ဒီဂရီစင်တီဂရိတ်၊ အမြင့်ဆုံးအပူချိန် ၃၁ မှ ၃၄ ဒီဂရီစင်တီဂရိတ် အထိ ပေါက်နိုင်ပါကြောင်း၊ အာရှနှင့် ပစိဖိတ်ဒေသတစ်လျှောက် သစ်တောစိုက်ခင်းများ တည်ဆောက်ခြင်း အကြီးမြန်သည့် သစ်မျိုးဖြစ်ပြီး ကျွဲ၊ နွားစာ၊ ထင်း၊ မီးသွေးလောင်စာ၊ စက္ကူပျော့ဖတ်၊ အဆောက်အအုံ၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သား များပြုလုပ်ရာမှာ အသုံးပြုပါကြောင်း၊ အထူးအားဖြင့် ဘက်စုံအသုံးဝင် သည့် အပင် (Multi Purpose Tree) MPT ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်နှင့် မွန်ပြည်နယ်၊ မုဒုံမြို့ တာပတွန်ပျိုးဥယျာဉ်တွင် စမ်းသပ်စိုက်ပျိုး ထားပါကြောင်း၊ ၎င်းရှားမျိုးစိတ်များအနက် မန်ဂျန်းရှား(Acacia Mangium) မှ ဒေသ၏စိမ်းလန်းစိုပြည် ရေး နှင့် ဒေသခံပြည်သူများ၏ ထင်းလိုအပ်ချက်ကို ဖြည်‌့ဆည်းပေးရန်အတွက် အကြီးမြန်သည့် သစ်ပင် အဖြစ် ရွေးချယ်ပြီး သစ်တောဦးစီးဌာနမှ နှစ်စဉ်မျိုးရာသီလူထုဖြန့်ပျိုးပင် ဖြန့်ဝေစိုက်ပျိုးခြင်း၊ ကျေးရွာ ထင်းစိုက်ခင်းများ၊ ရေဝေရေလဲစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောများ တည်ထောင်ခြင်း မှာ မန်ဂျန်းရှားကို အခြားသစ်မျိုးများနှင့်အတူ ရောနှောဖြန့်ဝေပြီး ပုဂ္ဂလိကစိုက်ခင်းများတွင် ပျဉ်းကတိုး၊ ပိတောက်၊ ယမနေ၊ ယင်းမာ၊ မဟော်ဂနီ စသည့်သစ်မျိုးများနှင့် ရောနှောစိုက်ပျိုးပါကြောင်း၊
အစိုးရသစ်လက်ထက်တွင် သစ်တောသယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့ရေးနှင့် သစ်တော ဖုံးလွှမ်းမှု ကောင်းမွန်လာစေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သစ်တောများပြန်လည်တည်ထောင်ခြင်း အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်း လုပ်ငန်းများ(CF)၊ လူထုဖြန့်ပျိုးပင် များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများအပါအဝင် စီမံကိန်းကာလတွင် နိုင်ငံပိုင်သစ်တော စိုက်ခင်း ၁၀ နှစ်အတွင်း ၃၅၂၀၀၀ ဧကနှင့် ပုဂ္ဂလိကကဏ္ဍအနေဖြင့် သစ်တော စိုက်ခင်း ၂၈၅၁၀၀ ဧကကို တည်ထောင်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ စိုက်ခင်းများမှာ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်သစ်မျိုး အပြင် မန်ဂျန်းရှားသစ်မျိုး တို့ကို တိုးမြှင့်ပြီးဖြန့်ဝေရန်အတွက် စည်းရုံး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
၂၀၀၀-၂၁ ခုနှစ်တွင် မန်ဂျန်းရှားမျိုးကို ၁၅၀၄၁၄၈ ပင်ဖြန့်ဝေပြီး ကျေးရွာထင်းစိုက်ခင်း ၁၃၅၂ ဧက၊ ရေဝေရေလဲစိုက်ခင်း ၁၄၂၀ ဧကတွင် အခြားသစ်မျိုးများနှင့် ရောနှောစိုက်ပျိုးခဲ့သလို ၂၀၁၄-၁၅ ခုနှစ် မှစပြီး ယခုအချိန်ထိ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်းလုပ်ငန်းများတွင်လည်း ၅၈၉၉၈၅ ပင်ကို ဖြန့်ဝေစိုက်ပျိုးခဲ့ပါကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင် ၉၇ ဦးမှ ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်း ဧကပေါင်း ၉၄၉၇ ဧကတွင် မန်ဂျန်းရှားသစ်မျိုးကို ပျဉ်းကတိုး၊ ပိတောက်၊ ယမနေ၊ ယင်းမာ၊ မဟော်ဂနီ စသည့် သစ်မျိုးများနှင့်ရောနှောဆောင်ရွက်ခဲ့ပြီး ဖားကန့်၊ လုံးခင်း၊ ခန္တီး အစရှိသည့် ကျောက်စိမ်း တူးဖော်သည့်နေရာများ၊ ရွှေနှင့်အခြားသတ္တုတူးဖော်သည့် နေရာများတွင်လည်း ၂၀၁၆ ခုနှစ် မိုးရာသီမှ စပြီးစိုက်ပျိုးလျက်ရှိပါကြောင်းနှင့် နိုင်ငံအနှံ့ကျယ်ပြန့်စွာ ဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် မန်ဂျန်းရှား သစ်မျိုး၏ သွင်ပြင်လက္ခဏာ၊ ကြီးထွားမှု၊ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်နှင့် အသုံးဝင်ပုံ၊ ထုတ်ယူ သုံးစွဲမှုများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများသိရှိရန် ပညာပေးဟောပြော စည်းရုံးခြင်း များ ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း