အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဖွဲ့ (CFNWG)

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်ခြင်းအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် သစ်တောဦးစီးဌာန၊ အခြားသောဆက်စပ်ဌာနများ၊ ပြည်တွင်းပြည်ပမှ NGO များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSO) ပူးပေါင်းပါဝင်၍ အမျိုးသားအဆင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Community Forestry National Working Group- CFNWG) ပေါ်ပေါက် ဖွဲ့စည်းနိုင်ရေးကို ၂၀၁၂ခုနှစ်မှ စတင် ဆွေးနွေးခဲ့ပြီး CFNWG လုပ်ငန်းအဖွဲ့ကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဖွဲ့စည်း နိုင်ခဲ့ပါသည်။ အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဖွဲ့ (CFNWG) စတင်ဖွဲ့စည်းသည်မှ ယခုအချိန်အထိ (၃)လတစ်ကြိမ် အစည်းအဝေးများ ကျင်းပဆောင်ရွက် လျက်ရှိပါသည်။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မူဝါဒ၊ နည်းဥပဒေ ပြင်ဆင်နိုင်ရေးဆွေးနွေးခြင်းနှင့် အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်လက်မှတ် မြန်ဆန်စွာ ရရှိစေခြင်း၊ တိုးချဲ့ပညာပေးခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်း အစီအစဉ်၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောမှ ထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများ တန်ဘိုးမြှင့် ထုတ်လုပ်ခြင်းနှင့် စျေးကွက်ရှာဖွေခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲခြင်းနှင့် သုံးစွဲငွေများစစ်ဆေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွကလျက်ရှိပါသည်။ အမျိုးသားအဆင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းအဖွဲ့ (CFNWG)ကို သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)က ဥက္ကဌအဖြစ် ဆောင်ရွက် လျက်ရှိပြီး အဖွဲ့ဝင် စုစုပေါင်း(၂၅)ဦးတွင် သစ်တောဦးစီးဌာနမှ (၈)ဦး၊ ဆက်စပ် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ (၉)ဦး၊ CSO/ NGO/ INGOs များမှ (၈)ဦး တို့ ပါဝင်ပါသည်။ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်ဆန်လွယ်ကူစေရေးအတွက် CFNWG အားပံ့ပိုးရန်နှင့် ချိတ်ဆက်ဆောင်ရွက်ရန် သစ်တောဦးစီးရုံးချုပ်တွင် CF Unit အဖွဲ့ ဖွဲ့စည်းခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် (၁၅)ဖွဲ့၊ ခရိုင် အဆင့်များတွင် CF Unit အဖွဲ့ (၇၀)ဖွဲ့ကို သစ်တောဝန်ထမ်းဦးရေ (၁၂၀၀)ကျော်ဖြင့် ဖွဲ့စည်းတာဝန်ပေးထားရှိပါသည်။