၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းလျာထားချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု

အမျိုးသားစီမံကိန်း (၂၀၀၁-၂၀၀၂မှ ၂၀၃၀-၂၀၃၁ထိ)တွင် စီမံကိန်း ကာလ နှစ်(၃၀)အတွင်းဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာဧက(၂.၂၇) သန်း တည်ထောင်သွားရန် ရည်မှန်းထားရှိရာ ၂၀၂၁ခုနှစ်၊ ဖေဖောဝါရီလကုန်အထိ အသုံးပြုသူများ အဖွဲ့ဝင်ဦးရေ (၁၆၃,၇၈၈)ဦး ပါဝင်သည့် အဖွဲ့ စုစုပေါင်း (၆,၄၀၂) ဖွဲ့မှ ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တော ဧရိယာ (၈၇၃,၈၅၆) ဧကကို တည်ထောင် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် ဒေသခံတို့၏ ဘဝမြှင့်တင်ပေးနိုင်ရန်နှင့် ရေရှည်တည်တံ့၍ ဆီလျော်မှန်ကန်သည့် ဒေသခံ ပြည်သူ အခြေပြုသည့် သစ်တောစီမံအုပ်ချုပ်မှုနှင့် သစ်တောဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူ ပြုနိုင်ရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်များတွင် အသုံးပြုသူအဖွဲ့အဝင်ဦးရေ (၁၅,၄၁၃)ပါဝင်သည့် အဖွဲ့စုစုပေါင်း (၆၅၇)ဖွဲ့အတွက် ဧရိယာ (၁၂၉,၉၄၆)ဧကကို ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ်ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ဒေသခံပြည်သူများ၏ စိတ်ဝင်စားမှုအရ ဒေသခံပြညသူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းဆောင်ရွက်ခွင့် ရရှိနိုင်ရေး လျှောက်ထားလာပါက သတ်မှတ် လုပ်ငန်းစဉ်များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။