ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား သြစတြေးလျနိုင်ငံ University of Queensland တက္ကသိုလ်မှ Principal Research Fellow ဖြစ်သူ Ms. Jennifer Bellamy ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှလာရောက်တွေ့ဆုံဆွေးနွေးသည့်သတင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား သြစတြေးလျနိုင်ငံ၊ University of Queensland တက္ကသိုလ်မှ Principal Research Fellow ဖြစ်သူ Ms. Jennifer Bellamy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လည် ၁:၃၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ တည်ရှိသော အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ရေဝေ ရေလဲဒေသများ ထိန်းသိမ်းရေးနှင့် ရေစီးရေလာကောင်းမွန်ရေး၊ အင်းလေးကန် ရေပြင်ဧရိယာ ပုံမှန်တည်တံ့ရေး၊ မြေပြိုတိုက်စားမှု ကာကွယ်တားဆီးရေးနှင့် နုန်းပို့ချမှု ကာကွယ်ထိန်းသိမ်း ရေး၊ ဒေသခံ ပြည်သူလူထုအား အသိပညာပေးရေး၊ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒေသခံပြည်သူလူထု၏ လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ အင်းလေးကန်အား လူသားနှင့် ဇီဝအဝန်းကြိုးဝိုင်း ဖွဲ့စည်း တည်ထောင်ရေး၊ သဘာဝအခြေခံခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးရန်ပုံငွေ တစ်ရပ် ထူထောင်ရေး၊ သောက်သုံးရေရရှိရေး၊ အင်းလေးကန်ဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေ ရေး ဆောင်ရွက်နေမှုများ၊ အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနှင့်ပတ်သက်၍ ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့ UNDP ၊ UN-Habitat ၊ UNESCO ၊ FAOတို့ ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ကချင်ပြည်နယ် ကုန်းမြင့် ရေအိုင်ဖြစ်သည့် အင်းတော်ကြီးကန် ထိန်းသိမ်း စောင့်ရှောက်ရေးစသည်တို့နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ဆက်လက်၍ အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အနာဂတ်တွင် University of Queensland တက္ကသိုလ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေသနနှင့်ဖွံ့ဖြိုးရေး၊ ဘွဲ့လွန်ပညာသင် စေလွှတ်ရေး အစီအစဉ်များကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။