ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား ဆွီဒင်နိုင်ငံသံရုံး၊ Section Office , Yangon မှ သံမှူးကြီးနှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေးသည့် သတင်း (နေပြည်တော်၊ ၆-၅-၂၀၁၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား ဆွီဒင်နိုင်ငံသံရုံး၊ Section Office, Yangon မှ သံမှူးကြီး Mr. Johan Hallenborg ဦးဆောင်သော Hennes and Mauritz (H&M) ဖက်ရှင် ကုမ္ပဏီ ဟောင်ကောင် ရုံးခွဲမှ Ms. Pernilla Halldin နှင့်အဖွဲ့သည် ယနေ့ (၆-၅-၂၀၁၅) ရက်နေ့၊ မွန်းလွဲ ၁၃:၀၀ နာရီ တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောလှနိုင်တို့ တက်ရောက်ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် Hennes and Mauritz (H&M) ဖက်ရှင်ကုမ္ပဏီမှ ပစ္စည်းထောက်ပံ့မှုပေးသည့် အထည်ချုပ်လုပ်ငန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၌ လက်ရှိရင်းနှီး မြှုပ်နှံထားရှိမှု အခြေအနေ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာ၊ မြေအသုံးချမှုဆိုင်ရာ ကိစ္စရပ်၊ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်နိုင်မည့် ဖြစ်နိုင်ချေရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေး ပုံစံများကို ဦးစွာရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ အထည်ချုပ်လုပ်ငန်းများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလေးထားဆောင်ရွက်ရေး၊ လူမှုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူများကို ထည့်သွင်းဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့်အညီဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ရှိသည့် ဓာတုပစ္စည်းများ သုံးစွဲမှုလျော့ချရေး၊ ဆက်စပ်ပတ်သက်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေး စသည် တို့နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။