“ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများရေးဆွဲရာတွင် အမြဲတမ်းသစ်တော နယ်မြေများနှင့် လက်ရှိမြေအသုံးချမှုများ လေ့လာရန်လိုအပ်၊ သဘာဝသစ်တောများအား ခုတ်လှဲပြီး နှစ်ရှည်စိုက်ခင်းများ၊ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲခြင်းတို့ကို တားဆီးကာကွယ်သွားမှာဖြစ်”

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် (၂၅-၅-၂၀၁၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ အင်းကြင်းခန်းမ၌ ကျင်းပသော “၂၀၁၆- ၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၆ ခုနှစ်အထိ ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများပြုစုရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစားအရာရှိကြီးများ၊ သစ်တော ဦးစီးဌာန၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် သစ်တောသယံ ဇာတပေါကြွယ်ဝပြီး နိုင်ငံဧရိယာ၏ (၄၆.၉၆)% သည် သဘာဝတောများနှင့် ဖုံးလွှမ်းလျက်ရှိ ကြောင်း၊ ၁၈၅၆ ခုနှစ်မှစ၍ သိပ္ပံနည်းကျစီမံအုပ်ချုပ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်ပါကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ပဓာနအချက်(၆)ချက်ပါ မြန်မာ့သစ်တောမူဝါဒကို ပြဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသယံဇာတ ထိန်းသိမ်းရေး နှင့် သစ်တောထွက်ပစ္စည်းများ ထာဝစဉ်ထုတ်လုပ်နိုင်ရေးဆိုသည့် အချက်(၂)ချက်ကို ဟန်ချက် ညီညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို စနစ်တကျ ပြဌာန်းသတ်မှတ်ပြီးဖြစ်ပါကြောင်း၊
သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (Forest Management Plan)အဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၅-၂၀၀၆ ခုနှစ်အထိ ရေးဆွဲခဲ့ပြီး ၂၀၀၆-၂၀၀၇ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ (၁၀)နှစ် စီမံကိန်းများကို သစ်တောခရိုင် (၆၄)ခရိုင်တွင် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းတွင်ပါရှိသော လုပ်ငန်းစဉ်များအား ပြန်လည် သုံးသပ်၍ လက်ရှိအခြေအနေနှင့်ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်လျက်ရှိပါ ကြောင်း၊ နိုင်ငံတကာတွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် သစ်တောများ ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ ထာဝစဉ်တည်တံ့သော သစ်တောအုပ်ချုပ်လုပ်ကိုင်မှုနည်းစနစ် (Sustainable Forest Management)များ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် သတ် မှတ်ပြဌာန်းပြီးဖြစ်ပါကြောင်း၊ သစ်ထုတ်ရာတွင်လည်း နိုင်ငံတကာမှ သတ်မှတ်ထားသည့် စံနှင့် အညွှန်းကိန်းများ(C&I for S.F.M) နှင့်အညီ လက်တွေ့ကျင့်သုံးလုပ်ကိုင်နိုင်စေရန် မိမိနိုင်ငံ၏ C&I ကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လည်း နိုင်ငံ့အတွင်း လက်ရှိသစ်တောများ မပြုန်းတီးရေးနှင့် စိုက်ခင်းများ တိုးတက်အောင်မြင် ရေးအတွက်လည်း ရည်မှန်းချက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ကမ္ဘာ ကြီးပူနွေးလာမှု လျော့ချရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့နိုင်ငံအသီးသီးမှ အလေးထား ဆောင်ရွက် နေကြရာတွင် သစ်တောများထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အရေးကြီးသည့် လုပ်ငန်းဖြစ်ပါ ကြောင်း၊ သစ်တောဖုံးလွှမ်းသည့်နိုင်ငံများနှင့် သစ်တောစိုက်ခင်းတည်ထောင်သည့် နိုင်ငံများအနေ ဖြင့်လည်း ကာဗွန်ရောင်းချခြင်းစီးပွားရေးလုပ်ငန်းတစ်ခုကို နောင်တစ်ချိန်တွင် နိုင်ငံ့စီးပွားရေး အဖြစ် ဆောင်ရွက်လာနိုင်ကြမည်ဟု မျှော်လင့်ရပါကြောင်း၊
နိုင်ငံ့လူဦးရေ၏ ၇၀% ရှိသော ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များ အတွက် ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောများကို ၁၉၉၅ ခုနှစ်နောက်ပိုင်းမှစ၍ တည်ထောင် ခွင့်ပြုပေးလျက်ရှိပြီး ၂၀၁၅ ခုနှစ် မတ်လကုန်အထိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဧရိယာ (၂၀၄၈၁၀)ဧက တည်ထောင် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် နှင့်အညီ သစ်တောကြိုးဝိုင်းကျူးကျော် အိမ်ခြေ(၅၀)အထက်နှင့်အောက်ရှိ ရွာမြေ၊ လယ်မြေ၊ သာသနာ/ အများပိုင်မြေများကို သစ်တောမြေဧရိယာမှ ပယ်ဖျက်ပေးခဲ့ပြီး ကျူးကျော်ယာမြေများ အား ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအဖြစ် တည်ထောင်လုပ်ကိုင် ခွင့်ပြုပေးလျက်ရှိပါ ကြောင်း၊ ဖွဲ့စည်းထားသည့် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအပြင် သစ်တောဖုံးလွှမ်းလျက် ရှိသော အစိုးရစီမံခန့်ခွဲသည့်မြေ၊ တောရိုင်းမြေများတွင်လည်း သစ်တောများတည်ရှိနေသည့် အတွက် ပြဌာန်းထားသည့် သစ်တောဥပဒေ၊ နည်းဥပဒေများအရ ပတ်ဝန်းကျင်နှင့် သစ်တောသယံ ဇာတထိန်းသိမ်းရေးအတွက် စီမံအုပ်ချုပ်ရန်လိုအပ်ပါကြောင်း၊ သဘာဝသစ်တောများအား ခုတ်လှဲရှင်းလင်းပြီး နှစ်ရှည်စိုက်ခင်းပြန်လည်စိုက်ပျိုးခြင်း၊ အခြားမြေအသုံးချမှုအဖြစ်ပြောင်းလဲ ခြင်းများအား တားဆီးကာကွယ်သွားရမှာဖြစ်ကြောင်း၊
ယခုရေးဆွဲမည့် စီမံကိန်းများသည် ၂၀၂၅-၂၀၂၆ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွက် ရည်မှန်းရေးဆွဲရခြင်းဖြစ်သဖြင့် ပြောင်းလဲလာသည့်ခေတ်စနစ်အခြေအနေအရ သစ်တောစီမံ အုပ်ချုပ်ရာတွင် PPP ဟုခေါ်သည့် Public Private Partnership ဖြင့် ပြောင်းလဲစီမံအကောင် အထည်ဖော်ရမှာဖြစ်ကြောင်း၊ ရေးဆွဲမည့် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းကို လက်ရှိဖြစ်ပေါ် နေသည့် အခြေအနေပေါ်မူတည်ပြီး အဖြေရလဒ်ကောင်းများရရှိရေးအတွက် မျှော်မှန်းဆောင်ရွက် ပြီး သစ်တောများထာဝစဉ်တည်တံ့သော အုပ်ချုပ်လုပ်ကိုင်မှုနည်းစနစ်များနှင့်အညီ ဆောင်ရွက် သွားနိုင်ရေးအတွက် အားလုံးက အလေးနက်ထားဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။