ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ဒေသခွဲအတွင်း ပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးများနှင့် ညှိနှိုင်းရေးမှူးများ၏ အာရှ-ဥရောပ ပတ်ဝန်းကျင်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ"ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း (၂၆-၅-၂၀၁၅၊ နေပြည်တော်)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်း နှင့် အာရှ-ဥရောပဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် "ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ဒေသခွဲအတွင်း ပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးများနှင့် ညှိနှိုင်းရေးမှူးများ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအတွက် အာရှ-ဥရောပ ပတ်ဝန်းကျင်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ"ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
(ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်- ယခုကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည် ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးများနှင့် အစီအစဉ်ချမှတ်အတည်ပြုရေး ကုလသမဂ္ဂထိပ်သီး အစည်းအဝေးတို့အား အထောက်အကူပြုနိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို နိုင်ငံအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်၊ ဆင်းရဲမှုလျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုများအား အလေးပေးဆောင်ရွက်သွားကြရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များနှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့အကြား သက်ဆိုင်ရာ နယ်ပယ် အလိုက် ကျွမ်းကျင်ပညာရှင်များ၏ ဆွေးနွေးညှိနှိုင်းနိုင်မှုများကို မြှင့်တင်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ဆင်းရဲမှုလျှော့ချရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ တာဝန်ယူဆောင်ရွက်ပေးရေး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်နိုင်ရေးနှင် လူသားများ၏ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်နိုင်ရေးအတွက် ကမ္ဘာ့ အဆင့်ရည်မှန်းချက် (၈)ခု ပါဝင်သော ထောင်စုနှစ်ရည်မှန်းချက်များကို ကုလသမဂ္ဂက ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ခဲ့ ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အဆိုပါ ထောင်စုနှစ်ရည်မှန်းချက်များကို ပြုပြင်မွမ်းမံပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များအဖြစ် ချမှတ်မည့်အပြင် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပဲရစ်မြို့၌ ကျင်းပမည့် (၂၁) ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ များညီလာခံတွင် အတည်ပြုချမှတ်မည့် ၂၀၁၅ ခုနှစ် ကမ္ဘာ့သဘောတူညီချက်နှင့်စပ်လျဉ်းပြီး ဆွေးနွေးညှိနှိုင်းရန် သဘောတူပြီးဖြစ်ပါကြောင်း၊ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကွန်ဗင်းရှင်း အရ ကမ္ဘာ့နှင့်တစ်ဝန်း ပေါင်းစပ်ဆောင်ရွက်မှုများရရှိနိုင်ရေးအတွက် ယခု ၂၀၁၅ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများ၏ အရေးပါမှုကို အလေးပေး ပြောကြား လိုကြောင်း။ အဆိုပါ ညှိနှိုင်းမှုများသည် စက်မှုအကြိုခေတ်ကာလက တည်ရှိခဲ့သည့် ကမ္ဘာ့ပျမ်းမျှ အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်ထက် တိုးမလာစေရေးအတွက် ကန့်သတ်ထားရှိရန်နှင့် အန္တရာယ် ကြီးမားလှသည့် ရာသီဥတု ပြောင်းလဲမှုကို ရှောင်ရှားနိုင်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် တိုးတက်မှုများ ရရှိနေပြီ ဖြစ်ပြီး လူမှုစီးပွားရေးလုပ်ငန်း များကို ကမ္ဘာ့နိုင်ငံအသီးသီးနှင့် တံခါးဖွင့်ဝါဒကျင့်သုံးလျက် ရှိသလို ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကမ္ဘာ့ နိုင်ငံအသီးသီးနှင့် တက်ကြွစွာပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း။ မြန်မာနိုင်ငံသည် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို ၁၉၉၄ ခုနှစ်တွင် ချမှတ်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ၂၁ ရာစုအစီအစဉ်ကို ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို အတည်ပြု ပြဌာန်းခဲ့ပါကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိပ်သီး အစည်းအဝေးနဲ့ နောက်ဆက်တွဲအစည်းအဝေးများမှ ချမှတ်ထားသည့်လမ်းစဉ်များအရ ရေတို၊ ရေလတ်၊ ရေရှည် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့ အတွက် အမျိုးသား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို ၂၀၀၉ ခုနှစ်တွင် ရေးဆွဲခဲ့ ကြောင်း၊ အစိမ်းရောင်စီးပွားရေးဆိုသည်မှာ ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသော စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး၊ မိမိတို့ရွေးချယ်ရမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် အစိမ်းရောင်စီးပွားရေးလုပ်ငန်းများကို အလေးပေး ဆောင်ရွက်လျက်ရှိပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် လက်နက်ကိရိယာ တစ်ခုအဖြစ် အသုံးပြုလျက်ရှိကြောင်း။ သဘာဝသယံဇာတများကို လုံလောက်စွာသုံးစွဲခြင်း၊ ပြန်လည်အစားထိုးနိုင်သည့် စွမ်းအင်များကို အကျိုးရှိစွာသုံးစွဲခြင်း၊ စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ရအောင် ပြန်လည်ထုတ်လုပ်ခြင်း၊ ပြန်လည်သုံးစွဲခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းစေရေးအတွက် နည်းပညာများဆန်းသစ်တီထွင်ခြင်းများသည် မဖြစ်မနေ ဆောင်ရွက် ရမည့်နည်းလမ်းများဖြစ်ပြီး အဆိုပါနည်းလမ်းများသည် အနာဂတ်စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြောင်းလဲမှုများကို ပို၍ရွှေ့ဆိုင်း လေလေ ကုန်ကျစရိတ်တန်ဖိုးများ ပိုမိုမြင့်တက်လေလေဖြစ်ပြီး ရေတို၊ ရေရှည် ကာလတွင် လူနေမှုပုံစံသစ်များ၊ ထုတ်လုပ်သုံးစွဲမှုပုံစံသစ်များ မရှိမဖြစ်လိုအပ်လာမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတို့အနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ပြောင်းလဲဖော်ဆောင်မှုများနှင့် အစိမ်းရောင်စီးပွားရေးဖန်တီးမှုများ ပိုမို လျှင်မြန်စေရေးအတွက် အမြော်အမြင်ကြီးမားစွာဖြင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မိမိတို့ အားလုံးရင်းနှီး ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးကြရန် တိုက်တွန်းပြောကြားရင်း ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး မျှော်မှန်းချက်များအတွက် မိမိတို့အားလုံး အတူတကွ ပူးပေါင်းပြီး စည်းလုံး ညီညွတ်စွာဖြင့် ယခုပင်ဆောင်ရွက်ကြဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း ပြောကြားသွားပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးအေးမြင့်မောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးများနှင့် စေ့စပ်ညှိနှိုင်းသူအရာရှိများ၊ ဟန်ဆိုက်ဒယ်လ်ဖောင်ဒေးရှင်း မြန်မာရုံးခွဲမှ ညွှန်ကြားရေးမှူး Mr. Achim Munz၊ အာရှ-ဥရောပဖောင်ဒေးရှင်းမှ ညွှန်ကြားရေးမှူး Mr. Thierry Schwarz နှင့် ဖိတ်ကြားထားသည့် နိုင်ငံတကာကျွမ်းကျင် ပညာရှင်များ၊ ဧည့်သည်တော်များ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။
ဆက်လက်၍ အစီအစဉ်အရ ဟန်ဆိုက်ဒယ်လ်ဖောင်ဒေးရှင်း မြန်မာရုံးခွဲ ညွှန်ကြား ရေးမှူး Mr. Achim Munz နှင့် အာရှ-ဥရောပဖောင်ဒေးရှင်းမှ ညွှန်ကြားရေးမှူး Mr. Thierry Schwarz တို့က အဖွင့်အမှာစကားအသီးသီးပြောကြားပြီး တက်ရောက်လာသည့် ဒုတိယဝန်ကြီး များ၊ ဧည့်သည်တော်များ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ ပတ်ဝန်းကျင် ဆိုင်ရာ အရာရှိကြီးများ၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၊ ကိုယ်စားလှယ်များ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်၍ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပရာ အစီအစဉ်အရ စဥ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ညှိနှိုင်းရေးလုပ်ငန်းစဉ်များ၊ ဆင်းရဲနွမ်းပါးမှု၊ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာလုံခြုံမှုဆိုင်ရာ သွင်းအားစုများ၊ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များရရှိရေး နည်းလမ်းများ ဖော်ဆောင်ခြင်းတို့ကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့အစီအစဉ်ကို ညနေ ၁၇း၀၀ နာရီတွင် ရပ်နားသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၇-၅-၂၀၁၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီးရွေးချယ်ထားသည့်ဦးစားပေးနယ်ပယ်အလိုက် အဆိုပြုလုပ်ငန်းရည်မှန်းချက်များ၊ ထောင်စုနှစ် ရည်မှန်းချက်များဖော်ဆောင်မှုအတွေ့အကြုံများအပေါ် အခြေခံ၍ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရေးလုပ်ငန်းများကို လုပ်ငန်းအုပ်စုများခွဲ၍ ဆွေးနွေးကြမည် ဖြစ်ပြီး အုပ်စုလိုက်ဆွေးနွေးမှု ရလာဒ်များအပေါ် စုစည်းဆွေးနွေးဆုံးဖြတ်ခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။