ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အီကွေဒေါနိုင်ငံ ဂါလာပါဂို့စ် (Galapagos) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အမျိုးသားဥယျာဉ်သို့ လေ့လာရေး ခရီးသွားရောက် (၁၆-၅-၂၀၁၅၊ နေပြည်တော်)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါလျှက် မြန်မာနိုင်ငံ၏ သဘာဝနယ်မြေများ စီမံအုပ်ချုပ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူပြုစေရန်အတွက် အီကွေဒေါနိုင်ငံ၊ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဂါလာပါဂို့စ် (Galapagos) အမျိုးသားဥယျာဉ်သို့ ၂၀၁၅ ခုနှစ် မေလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ လေ့လာ ရေးခရီးသွားရောက်ခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း သဘာဝနယ်မြေများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည် တည်တံ့သော သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ပြောကြားရာ၌ ယနေ့ကမ္ဘာနှင့်အဝှမ်းတွင် သဘာဝထိန်းသိမ်းရေး နယ်မြေများသတ်မှတ်၍ ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တည်ထောင်ဆောင်ရွက်လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ သဘာဝနယ်မြေများကို သတ်မှတ်ဖွဲ့ စည်းလျက်ရှိရာ လက်ရှိတွင် သဘာဝနယ်မြေ(၃၉) ခု၊ ဧရိယာအားဖြင့် နိုင်ငံဧရိယာ၏ ၅.၇၅ ရာခိုင်နှုန်းကို သတ်မှတ် တည်ထောင်ထားပြီးဖြစ်ကြောင်း၊ သဘာဝနယ်မြေ (၇) ခုမှာ အာဆီယံ အမွေအနှစ်ဥယျာဉ်များအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အင်းလေးကန် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးနယ်မြေအား ကမ္ဘာ့အမွေ အနှစ်အဖြစ် သတ်မှတ် နိုင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ သဘာဝ နယ်မြေ (၂၁) ခု ကိုလည်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် သတ်မှတ်ထိန်းသိမ်းဆောင် ရွက်လျှက်ရှိကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဂါလာပါဂို့စ် (Galapagos) အမျိုးသားဥယျာဉ် သည် မီးတောင်ကျွန်းစုပေါင်း ၁၈ ခုဖြင့် ဖွဲ့စည်းထားပြီး သစ်တောများ၊ ကုန်းတွင်းဇီဝမျိုးစုံမျိုးကွဲ များ၊ တောရိုင်းတိရစ္ဆာန်များ၊ အဏ္ဏဝါဂေဟစနစ်နှင့် ရေတိမ်ဒေသဆိုင်ရာ သဘာဝအလျောက် ဆင့်ကဲဖြစ်စဉ် အဆင့်ဆင့်ကို သုတေသသနပြု လေ့လာနိုင်သည့် ကမ္ဘာတွင် ထင်ရှားသည့် နေရာဒေသ တစ်ခုဖြစ်ကြောင်း၊ အဆိုပါ သဘာဝရေမြေ၊ တော၊တောင်၊ တောရိုင်း တိရစ္ဆာန်များနှင့် ဂေဟဗေဒ ဖြစ်စဉ်များကို သဘာဝအတိုင်း သိမြင်ခံစားထိတွေ့နိုင်သည့် နေရာဒေသလည်း ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိပဲ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများလည်းဖွံ့ဖြိုးလျှက် ရှိကြောင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖေါ်ဆောင်နိုင်သကဲ့သို့ လူမှု စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အပြန်အလှန်ထိန်းကျောင်းပြီး ထာဝစဉ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုလျှက်ရှိသည်ကိုတွေ့မြင်ရကြောင်း၊ သဘာဝနယ်မြေ များတည်ထောင်ခြင်း၊ ငါးလုပ်ငန်းနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်း မှုများ တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသာမက သဘာဝအရင်းအမြစ်များ ထာဝစဉ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက်ဖေါ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဆန်တာခရုစ်ကျွန်း (Santa Cruz Island) ရှိ လိပ်သား ဖေါက်မွေးမြူရေးစခန်း၌ လိပ်သားဖေါက်ခြင်း လုပ်ငန်းနှင့် အရွယ်ရောက်လိပ်များကိုမူရင်းဒေသ ကျွန်းစုများသို့ ပြန်လည်လွှတ်ခြင်း လုပ်ငန်းများ၊ ဂါလာပါဂို့စ် (Galapagos) အမျိုးသားဥယျာဉ်အား ဂြိုဟ်တု ဆက်သွယ်ရေး စနစ်အသုံးပြု၍ ကုန်းတွင်း၊ ရေပြင်စောင့်ကြည့်ကြီးကြပ်ခြင်း လုပ်ငန်း၊ စွန့်ပစ်ပစ္စည်းပြန်လည် အသုံးချခြင်းလုပ်ငန်းများ (Recycling)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိ ပညာပေးလုပ်ငန်းများနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများအား သွားရောက်လေ့လာခဲ့ပြီး မြောက်ပိုင်း စိုင်မာ ကျွန်းစု (North Seymour Island) တွင် ရှားပါးငှက်မျိုးစိတ်များ၊ ကုန်းနေရေနေ Iguana တွားသွား သတ္တဝါများ၊ ရှားပါးငါးမျိုးစိတ်များ သဘာဝအလျောက် နေထိုင်ကျက်စား လျက် ရှိသည့် အခြေအနေများ၊ သန္တာကျောက်တန်းနှင့် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်မှု အခြေ အနေများကို သွားရောက်လေ့လာခဲ့သည်။ နှစ်နိုင်ငံသဘာဝအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားဥယျာဉ်ဆိုင်ရာ စီမံအုပ်ချုပ်ခြင်း လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ် အဖြစ် လိပ်သားပေါက်တစ်ကောင်အား “ရွှေလိပ်” ဟု ကင်ပွန်းတပ် အမည်ပေးမင်္ဂလာ အခမ်းအနား ကျင်းပခဲ့ပါသည်။
ဂါလာပါဂို့စ် အမျိုးသားဥယျာဉ်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း တည်ရှိ၍ မီးတောင်ကျွန်းစု ပေါင်း ၁၈ ခု ဖြင့် ဖွဲ့စည်းထားပြီး ၄၅၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ သဘာဝသိပ္ပံပညာရှင် ချားစ်ဒါဝင်၏ သဘာဝအတိုင်းရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာသော ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ် (Evolutionary Theory) သီအိုရီ ဖေါ်ထုတ်ရာတွင် အထောက်အကူပြုခဲ့သော နေရာလည်းဖြစ် သည်။ သဘာဝပတ်ဝန်းကျင်၊ ကုန်းတွင်းနှင့် အဏ္ဏဝါဂေဟစနစ်ကို သဘာဝအလျောက် ထိမ်းသိမ်း ထားရှိပြီး တောရိုင်းတိရစ္ဆာန်များနှင့် လူသားများ သဟဇာတဖြစ်တည်စွာ နေထိုင်လျှက်ရှိသည့်် ကမ္ဘာ တစ်ဝှမ်းမှ အသိအမှတ်ပြုကြသည့် စံပြုနေရာဒေသတစ်ခု ဖြစ်သဖြင့် လည်းကောင်း၊ ရှားပါးအပင်နှင့် တောရိုင်းတိရစ္ဆာန် မျိုးစိတ်များစွာ၏ နေရင်းဒေသဖြစ်သဖြင့်လည်းကောင်း၊ ၁၉၇၈ ခုနှစ်မှ စတင်၍ UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားဥယျာဉ် စွမ်းအင်လိုအပ်ချက်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို နေရောင်ခြည်နှင့် လေစွမ်း အင် စသည့် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အသုံးပြုခြင်း၊ စွန့်ပစ်ပစ္စည်းများ ပြန်လည်ပြုပြင် အသုံးပြုခြင်း (Recycling, Reduce, Reuse-3Rs) လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုအပေါ် မူတည်၍ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် အချိုးအစားလိုက် အခွန်ပေးဆောင်စေခြင်း တို့ကိုလည်း အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခရီးစဉ်အတွင်း သဘာဝနယ်မြေများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ရေး၊ ငါးလုပ်ငန်းဖွံ့ဖြိုးရေး နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနယ်ပယ်များ ဖွံ့ဖြိုးရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအား နှစ်ရက်ကြာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ လေ့လာရေးအဖွဲ့ဝင်များ၊ ဂါလာပါဂို့စ် အမျိုးသားဥယျာဉ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ World Wildlife Fund for Nature (WWF) နှင့် Fauna and Flora International (FFI) အဖွဲ့အစည်းများမှ သုတေသီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
မိမိနိုင်ငံရှိ သဘာဝအရင်းအမြစ်များဖြစ်သော မြိတ်ကျွန်းစုကဲ့သို့ ကျွန်းစုများကို သဘာဝ နယ်မြေများ တည်ထောင်၍ ခရီးသွားလုပ်ငန်းများ ဖေါ်ဆောင်ရာတွင် ဒေသခံပြည်သူများ၏ လူမှု စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။