အင်းလေးကန်ဒေသအားမြန်မာနိုင်ငံ၏ပထမဆုံးလူသားနှင့်ဇီဝအဝန်းနယ်မြေ (Man and the Biosphere Reserve) အဖြစ်UNESCO က အတည်ပြုသတ်မှတ် (ပဲရစ်မြို့၊ ဇွန်လ ၉ ရက်နေ့)

(၂၇)ကြိမ်မြောက်ကုလသမဂ္ဂပညာရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ လူသားနှင့်ဇီဝအဝန်းနယ်မြေ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ကောင်စီအစည်းအဝေး (27th Session of the International Coordinating Council (ICC) of the Man and the Biosphere (MAB) Programme) ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ ပြင်သစ် နိုင်ငံ၊ ပါရီမြို့ယူနက်စကိုရုံးချုပ်၌ ကျင်းပလျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဒေါက်တာ ညီညီကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဟန်သူတို့မှ တက်ရောက်ဆွေးနွေးလျက်ရှိသည်။ အဆိုပါ အစည်းအဝေး ဒုတိယနေ့ဖြစ်သော၂၀၁၅ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဇီဝအဝန်းနယ်မြေအဖြစ် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသကို အဆိုတင် သွင်းထားရှိမှုအားကောင်စီအဖွဲ့ဝင် (၃၄)နိုင်ငံတို့မှ တစ်ညီတစ်ညွတ်တည်းသဘောတူအတည်ပြု သတ်မှတ်ခဲ့သည်။ ယခုနှစ်တွင် UNESCO အဖွဲ့ဝင်နိုင်ငံပေါင်း(၁၉)နိုင်ငံတို့မှ နေရာဒေသ(၂၆)ခုကို ဇီဝအဝန်းနယ်မြေအဖြစ် အဆိုပြုတင်သွင်းခဲ့ကြပြီး အစည်းအဝေး၌ စုစုပေါင်းနယ်မြေ(၂၀)ခုကို သာအတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။၂၀၁၄ ခုနှစ်အထိကမ္ဘာတစ်ဝှမ်း၌ လူသားနှင့် ဇီဝအဝန်း နယ်မြေပေါင်း (၆၃၁) ခုရှိခဲ့ရာယခုဆိုလျင် (၆၅၁)ခုထိတိုးမြှင့် သတ်မှတ်နိုင်ခဲ့ပြီဖြစ်သည်။ UNESCO ၏ လူသားနှင့်ဇီဝအဝန်းနယ်မြေအစီအစဉ်(Man and the Biosphere Reserve Programme- MAB Programme) ကို ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့ပြီးကမ္ဘာလုံးဆိုင်ရာ လူသား နှင့်ဇီဝအဝန်းကွန်ယက်( The World Network of Biosphere Reserves) ကိုလူသားနှင့် သဘာဝ ပတ်ဝန်းကျင်တို့အကြားဆက်နွယ်မှုပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ၁၉၇၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိသဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများတည်ရှိမှု အခြေအနေထူးခြားကောင်းမွန်သည့် နေရာဒေသများတွင် လူသားများ၏ ယှဉ်တွဲနေထိုင်မှုနှင့်အတူ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းကဏ္ဍကြီးသုံးရပ်တို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက် နိုင်ရန်အတွက် ဇီဝအဝန်းနယ်မြေ (Biosphere Reserve)များအဖြစ်သတ်မှတ် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်သည့်အစီအစဉ်ဖြစ်သည်။ ဇီဝအဝန်းနယ်မြေအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွားရေးမြှင့်တင်ခြင်း၊ ဒေသတွင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း ခြင်း၊ လူသားနှင့် သဘာဝပတ်ဝန်းကျင်တို့အကြားဆက်နွယ်မှု ညီညွတ်မျှတစွာတိုးတက်လာစေရန် ထိန်းညှိစီမံအုပ်ချုပ်မည့့်် စနစ်တစ်ရပ် ချမှတ်ဆောင်ရွက်စေခြင်းတို့ ဖြစ်ပါသည်။ အင်းလေးကန်ဒေသအားလူသားနှင့်ဇီဝအဝန်းနယ်မြေ(Man and Biosphere Reserve-MAB) အဖြစ်သတ်မှတ်နိုင်ရေးအတွက်လိုအပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့်ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific and Cultural Organization - UNESCO) တို့ ၂၀၁၃ခုနှစ်မှစ၍ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၂၀၁၄ ခုနှစ် သြဂုတ်လ၊ ၂၈ ရက်နေ့တွင် (UNESCO) သို့အမည်စာရင်းပေးပို့ အဆိုပြုခဲ့ခြင်းဖြစ်သည်။ အင်းလေးကန်ဒေသအား MAB အဖြစ် သတ်မှတ်နိုင်ခြင်းဖြင့် - - ဒေသခံပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အကြားဆက်စပ်မှုကိုဟန်ချက်ညီစေရန် မူဝါဒ နှင့်လုပ်ငန်းစဉ်များ၊ စီမံအုပ်ချုပ်စနစ်များကိုပေါင်းစပ်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်း ကောင်းများရရှိနိုင်ခြင်း၊ - ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးကို ဟန်ချက် ညီညီဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ - အင်းလေးကန်ဒေသပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာရေးကိုအထောက် အကူပြုပြီး၊ အခြားသောဒေသများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးကို ဟန်ချက်ညီစွာဆောင်ရွက်နိုင်မည့် စံနမူနာ (Model) အဖြစ် အသုံးပြုနိုင်ခြင်း၊ - နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ရန်ပုံငွေပံ့ပိုးမှုများရရှိနိုင်ခြင်းအစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။ အင်းလေးကန်ဒေသတွင် ငှက်မျိုးစိတ် (၂၇၀)မျိုး၊ ငါး (၄၃)မျိုး၊ လိပ် (၃)မျိုး၊ လိပ်ပြာ (၉၄)မျိုး၊ ကုန်းနေရေနေသတ္တဝါ (၃၄)မျိုးကျက်စားနေထိုင်လျက်ရှိပြီး၊ ဆေးဘက်ဝင်အပင် (၅၂၇)မျိုး၊ သစ်ခွ မျိုး(၁၃၅) မျိုးတို့ ရှင်သန်ပေါက်ရောက်လျက်ရှိသည်။ အင်းလေးကန်ဒေသသည် ဒေသခံများ အတွက် သန့်ရှင်းလတ်ဆတ်သည့် လေ၊ ရေနှင့်အေးမြသည့် ရာသီဥတုတို့ကိုပေးစွမ်းသည့်အပြင် ပေါများ ကြွယ်ဝသည့်ငါးသယံဇာတများ၊ အခြားသောသယံဇာတအရင်းအမြစ်များနှင့် ဂေဟစနစ် ဝန်ဆောင်မှု များစွာတို့ကိုထောက်ပံ့ပေးလျက်ရှိသည့်အတွက် အင်းလေးကန်ဒေသရေရှည်တည်တံ့စေရေးထိန်း သိမ်းစောင့်ရှောက်သည့် လုပ်ငန်းများတွင် နိုင်ငံတကာမှနည်းပညာပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်း လျက် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် လူသားနှင့်ဇီဝအဝန်းနယ်မြေ(Man and the Biosphere Reserve-MAB) အဖြစ်သတ်မှတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အင်းလေးကန်ဒေသကိုဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ပြီးဖြစ်သဖြင့် ဇီဝအဝန်းနယ်မြေ၏ နယ်မြေခွဲခြားသတ်မှတ်ချက်ဖြစ်သည့် ပင်မထိန်းသိမ်းရေးဇုန်နယ်မြေ၊ ကြားခံဇုန်နယ်မြေနှင့် ဖွံ့ဖြိုး ရေးဇုန်နယ်မြေတို့ကိုစနစ်တကျ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲဆောင်ရွက်ရေး၊ ဒေသခံပြည်သူ များပူးပေါင်းပါဝင်ဆောင်ရွက်မှုတိုးတက်လာစေရန် အသိပညာပေးလုပ်ငန်းများ တိုးတက်ဆောင်ရွက် ရေး၊ ကန်အတွင်းရေချိုရေကောင်းရေသန့်များရရှိစေရန်အတွက် Organic Farming များကို ဦးစားပေးစိုက်ပျိုးနိုင်ရေး၊ ဒေသမျိုးရင်းစိုက်ပျိုးသီးနှံများကို အဓိကထားစိုက်ပျိုးရေးနှင့် ဓာတ်မြေ သြဇာနှင့် ဓာတုဆေးဝါးများအသုံးပြုမှုအနည်းဆုံးဖြစ်စေရေးတို့ကိုနိုင်ငံတော်နှင့် ဒေသခံပြည်သူတို့မှ ပူးပေါင်းလျက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းသိရှိရသည်။