သစ်တောတက္ကသိုလ် (ရေဆင်း)တွင် ပြုလုပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်းသတင်း (၁၁-၆-၂၀၁၅) နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သစ်တောတက္ကသိုလ် ရေဆင်းတွင်(၁၁-၆-၂၀၁၅)ရက်နေ့ နံနက်(၉:၀၀)နာရီ၌ ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှ အမှာစကားပြောကြားရာတွင် အသိပညာရှင်၊ အတတ် ပညာရှင်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အရည်အသွေးရှိသည့် ပညာ ရေးကို ဖော်ဆောင်ရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးပွားလာပြီး လူတစ်ဦးချင်းစီ၏ ကောင်းမွန်သည့်အမူအကျင့်များ၊ လေ့ကျင့်သုံးစွဲသွားနိုင်ရန် ရည်ရွယ်၍ ယနေ့ ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ၁၇၀၀ ပြည့်နှစ်အလယ်ပိုင်း စက်မှုတော်လှန်ရေးကာလမှစတင်၍ လူသားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင်အသုံးပြုမှုနှင့် သန့်ရှင်းမှုဆိုင်ရာကိစ္စများတွင် တိုးတက်မှုများ ဖြစ်ပေါ်လာသကဲ့သို့ ရေ၊ လေ၊ အပင်စသည့် သဘာဝစွမ်းအင်အရင်းအမြစ်များ ကိုလည်း ပိုမိုသုံးစွဲလာရပါကြောင်း၊ ထိုသို့လူနေမှုအဆင့်အတန်းနှင့် ခေတ်မီဆေးဝါးများ တိုးတက် ကောင်းမွန်လာသောကြောင့် လူဦးရေတိုးပွားနှုန်းသည်လည်း လျင်မြန်စွာဖြစ်ပေါ်လာခဲ့ပြီး အစား အစာ ၊ စွမ်းအင်နှင့်အိမ်ရာအတွက် မြေလိုအပ်ချက်နှင့်စွန့်ပစ်ပစ္စည်း ထုတ်လွှတ်မှုသည်လည်း သိသိသာသာများပြားလာခဲ့ပါကြောင်း၊
အကန့်အသတ်နှင့်ရရှိနိုင်သော သဘာဝသယံဇာတများ လိုအပ်ချက်သည်လည်း သဘာဝ အလျောက်ပြန်လည်ပြည့်ဖြိုးနိုင်မှု ပမာဏထက်ကျော်လွန်လာခဲ့ပါကြောင်း ၊ ထိုသို့အခြေအနေတစ် စတစ်စယိုယွင်းလာမှုနှင့်အတူ ၁၉၅၀ နှစ်များမှစ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကိုလည်း သိသိ သာသာကြုံတွေ့ခံစားလာရပါကြောင်း ၊ လန်ဒန်၊ နယူးယောက်မြို့ကြီးများ၏ တစ်မြို့လုံးအမှောင် ဖုံးခဲ့သည့် လေထုညစ်ညမ်းမှုဖြစ်စဉ်၊ ဂျပန်နိုင်ငံ၏ Minamata Disease ဖြစ်စဉ်၊ ပြင်သစ်နိုင်ငံ၏ ရေနံယိုဖိတ်မှုဖြစ်စဉ်၊ ဆိုဗီယက်ပြည်ထောင်စု၏ ချာနိုဘိုင်းနျူကလီးယား ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်စဉ်၊ အိန္ဒိယနိုင်ငံ၊ ဘိုပါးဓာတုဗေဒစက်ရုံ အဆိပ်ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်စဉ် အမေရိကန် ပြည်ထောင်စု Exxon Valdez ရေနံတင်သင်္ဘော ယိုဖိတ်မှုဖြစ်စဉ် စသည့်ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ကိစ္စရပ်များကို အထူးအလေးစား ဆောင်ရွက်ရန်လိုအပ်နေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ၁၉၇၂ ခုနှစ်တွင် ကုလသမဂ္ဂ မှ ကြီး မှူးကျင်းပသည့် လူသားပတ်ဝန်းကျင် ညီလာခံမှ အစပြု၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း များကို ဆောင်ရွက်လာခဲ့ကြပြီး ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံများမှလည်း ကျယ်ကျယ် ပြန့်ပြန့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်လာခဲ့သည်ကို တွေ့ရမှာဖြစ်ပါကြောင်းပြောကြားကာ လက်ရှိကမ္ဘာ့ ပတ်ဝန်းကျင် အခြေအနေနှင့် ယခင်အခြေအနေတို့အားနှိုင်းယှဉ်၍၊ ပတ်ဝန်းကျင် အခြေအနေများ ပိုမိုယိုယွင်းပျက်စီးလာမှုများ၊ ထိုသို့ယိုယွင်းပျက်စီးမှု အကြောင်းအရင်းများနှင့် အဆိုပါ ယိုယွင်း ပျက်စီးမှုများမှ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ လျော့နည်းသွားစေရေးအတွက် ဆက်လက်ဆောင် ရွက်ရမည့်ကိစ္စရပ်များနှင့် နည်းလမ်းများကို ဆွေးနွေး ဟောပြောခဲ့ပါသည်။
အခမ်းအနားသို့ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်တို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ အင်အားစုစုပေါင်း(၆၆၄)ဦးတက် ရောက်ခဲ့ကြပြီး နံနက်(၁၁:၀၀) နာရီတွင်ဟောပြောပွဲအခမ်းအနား ရုတ်သိမ်းလိုက်ကြောင်း သိရှိရ ပါသည်။ အဆိုပါအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခင်းကျင်းပြသ ထားသော အထိမ်းအမှတ်ဓာတ်ပုံနှင့် ဗီနိုင်းပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိပါသည်။