Myanmar Healthy Rivers Initiative အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းသတင်း ( ၁၆- ၆- ၂၀၁၅၊ နေပြည်တော် )

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊အင်ကြင်း ခန်းမတွင် Inception Workshop on Myanmar Healthy Rivers Initiative အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို နံနက် (၉:၀၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် စီမံအုပ်ချုပ် လုပ်ကိုင်မှုဌာန(ICEM)၊ အပြည်ပြည်ဆိုင်ရာ ရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဌာန (IWMI) အဖွဲ့၊ မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(MIID)နှင့် ဂေဟစနစ်ထိန်းသိမ်း ရေးနှင့်ပြည်သူ အစုအဖွဲ့ဖွံ့ဖြိုးရေးအသင်း(ECCDI)တို့မှ ကိုယ်စားလှယ်များနှင့် ဆက်စပ်အစိုးရ ဌာနအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။
ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် ရေနှင့်မြေ သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့ဘဏ်အစီရင်ခံစာများအရ ကမ္ဘာပေါ် တွင် စိုက်ပျိုးမြေဧရိယာအများဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း မြစ်ဝှမ်းဒေသ များအနက် ဧရာဝတီမြစ်ဝှမ်းဒေသသည် အကြီးဆုံးဖြစ်ပြီး နိုင်ငံဧရိယာ၏(၆၀%)ကျော်ရှိပါ ကြောင်း၊ ထို့ပြင်နိုင်ငံ၏ အသက်သွေးကြောဟု တင်စားခေါ်ဝေါ်ကြပြီး နိုင်ငံလူဦးရေ၏(၇၀%) ကျော် မှီတင်းနေထိုင်လျက်ရှိကြောင်း၊ ဧရာဝတီမြစ်သည် ကမ္ဘာ့အဆင့်မီမြစ်တစ်စင်းဖြစ်ပြီး နှစ်စဉ် ပျမ်းမျှရေစီဆင်းမှုပမာဏ(၄၀၀)ဘီလီယံ ကုဗမီတာရှိကာ မဲခေါင်မြစ် ရေစီးဆင်းမှု၏(၈၅%)ဖြစ် ပါကြောင်း၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် ဧရာဝတီလင်းပိုင်မျိုးစိတ်များလည်း ရှင်သန်ကျက်စား လျက်ရှိကြောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကမ္ဘာ့အကြီးမားဆုံး မြစ်ဝကျွန်းပေါ်ဒေသ "One of The World's Mega Deltas" အဖြစ် သတ်မှတ်ထားပြီး ဆောင်းခိုငှက်၊ နို့တိုက် သတ္တဝါ၊ မိချောင်း နှင့်ပင်လယ်လိပ်များ ရှင်သန်ပေါက်ပွားရာဒေသတစ်ခုဖြစ်ပါကြောင်း၊
သံလွင်မြစ်သည်လည်း အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်ဆုံး မြစ်တစ်စင်းဖြစ်ကာ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်ကယားပြည်နယ်တို့ အတွင်းဖြတ်သန်းစီးဆင်းလျက်ရှိနေပါကြောင်း၊ သံလွင်၊ မဲခေါင်နှင့်ယန်စီမြစ်တို့ စတင်စီးဆင်းရာ ကုန်းမြင့်ဒေသသည် ဇီဝမျိုးစုံးမျိုးကွဲ ကြွယ်ဝသည့်အတွက် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage Site) အဖြစ်သတ်မှတ်ထားခဲ့ပါကြောင်း၊ ထို့အပြင် သံလွင်မြစ်ဝှမ်းဒေသသည် ဒေသတွင်းလူဦးရေ(၇)သန်းခန့် အသက်မွေးဝမ်းကြောင်းပြုနေထိုင်ရာ ဒေသကြီးတစ်ခုဖြစ်ပါ ကြောင်း၊
ရေသယံဇာတများကို ရေရှည်တည်တံ့စွာအုပ်ချုပ်လုပ်ကိုင်နိုင်ရန်အတွက် သုတေသနလုပ် ငန်းများကို အခြေခံသော ခိုင်မာသည့် သတင်းအချက်အလက်များ လိုအပ်ပါကြောင်း၊ သဘာဝ ဂေဟစနစ်များသည် ရေသံသရာလည်မှုဖြစ်စဉ်တွင် အရေးပါသည့်ကဏ္ဍမှ ပါဝင်လျက်ရှိပြီး ရေဝေရေလဲဒေသ သစ်တောများထိန်းသိမ်းကာကွယ်ခြင်းနှင့် မြစ်ဝှမ်းဒေသဂေဟစနစ်တို့ကို ထိခိုက်မှုမရှိစေရန်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုအခါမြစ်ကြီးများအတွင်းရေများ ညစ်ညမ်း လာပြီး ဓာတုအဆိပ်သင့်ပစ္စည်းများ ပျော်ဝင်လာသောကြောင့် ထိန်းသိမ်းရန်လိုအပ်လာပြီဖြစ် ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေနှင့်လည်း၊ အမျိုးသားအဆင့်ရေသယံဇာတကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ထားပြီး မူဝါဒဥပဒေနှင့်လုပ်ထုံးလုပ်နည်းများရေးဆွဲပြဌာန်းရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေနှင့် နိုင်ငံအတွင်း ဘက်စုံရေသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု စနစ်တစ်ရပ် ဆယ်စုနှစ်တစ်ခုအတွင်း ခိုင်မာစွာ ပေါ်ပေါက်လာပြီး ရေသယံဇာတများကို နိုင်ငံ၏လူမှုစီးပွားရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ရရှိလာသည့်ဆွေးနွေးချက်များကိုလည်း စီမံကိန်းလုပ်ငန်းများ တွင် ထည့်သွင်းဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန (MOECAF)နှင့် မဲခေါင်မြစ်ဝှမ်းဒေသ ရေ၊ မြေနှင့်ဂေဟစနစ် သုတေသနအစီအစဉ် (WLE Greater Mekong Programme တို့ ပူးပေါင်းကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် စီမံအုပ်ချုပ်လုပ်ကိုင်မှုဌာန(IWMI)အဖွဲ့၊ မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(MIID)နှင့် ဂေဟစနစ်ထိန်းသိမ်းရေးနှင့်ပြည်သူအစုအဖွဲ့ ဖွံ့ဖြိုးရေးအသင်း(ECCDI)တို့မှ အဖွဲ့ခေါင်းဆောင် နှင့် ပညာရှင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။