ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကျေးလက်ဒေသနေပြည်သူများနှင့် တွေ့ဆုံ ကွင်းဆင်းဆောင်ရွက် သြဂုတ် ၈ ရက်၊ နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် သြဂုတ်လ ၇ ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုကော်မတီဝင်များ၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ဘိုကလေးမြို့နယ်၊ ပြင်ဒရယ်ကြိုးဝိုင်အတွင်း နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသော ဝေးလံခေါင်ဖြာဒေသတစ်ခုဖြစ်သည့် ထော်ပိုင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာကျေးရွာသို့သွားရောက်၍ ကျေးလက်ဒေသနေပြည်သူလူထုနှင့်တွေ့ဆုံကာ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။
ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသနေပြည်သူများနှင့်တွေ့ဆုံရာ၌ ယနေ့မျက်မှောက်ကာလ၌ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုဖောက်ပြန်မှုတို့ကိုဖြစ်ပေါ်စေ၍ ကမ္ဘာတစ်ဝှမ်း၌ မမျော်မှန်းနိုင်သည့် သဘာဝ ဘေးအန္တရာယ်များ ပိုမိုတွေ့ကြုံခံစားရလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၀၈ခုနှစ်က ကြုံတွေ့ခဲ့ရသည့် နာဂစ်မုန်တိုင်းနှင့် ယခုလတ်တလော ဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များသည် ရာသီဥတု ဖောက်ပြန်မှု၏ အကျိုးဆက်များပင်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက နာဂစ် ကာလအတွင်း ဘဝနှင့်ရင်း၍ တွေ့ကြုံခဲ့မှုများအပေါ်အခြေခံ၍ သင်ခန်းစာရယူ ဆောင်ရွက်ကြရမှာ ဖြစ်ပါ ကြောင်း၊ မြန်မာ့အသံနှင့် သတင်းစာများမှ ထုတ်လွှင့်၊ ရေးသား ဖော်ပြလျက်ရှိသည့် မိုးလေဝသသတင်းနှင့် ရာသီဥတုဆိုင်ရာ အရေးပေါ်သတင်းထုတ်ပြန်ချက်များကို အလေးထား၍ နားထောင်၊ ဖတ်ရှုမှတ်သား ကြစေလိုကြောင်း၊ မိမိတို့နေထိုင်သည့် ဒေသတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်အဆင့် အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြိုတင်ချမှတ် ထားရှိရန်လိုအပ်ကြောင်း၊ သက်ကြီးရွယ်အို များ၊ ရင်သွေးငယ်များ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ကြိုတင်ရွေ့ပြောင်းမည့်အစီအစဉ်များ၊ ရွေ့ပြောင်းဆောင်ရွက်ရာတွင် အသုံးပြုမည့် ရေယာဉ်များ၊ ခရီးအကွာအဝေးနှင့် လိုအပ်သည့် အချိန်ကာလ များကို ကြိုတင်မျော်မှန်းတွက်ဆထားကြရန် လိုအပ်ကြောင်း၊ မုန်တိုင်းဒဏ်ခံအဆောက်အဦနှင့် အကာ အကွယ်များ အသုံးပြုခြင်းအပါအဝင် အရေးပေါ်အခြေအနေအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများကို ကြိုတင်လေ့ကျင့်ဇာတ်တိုက်ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း၊ ဒီရေတောများမှ ကျေးလက်ဒေသနေ ပြည်သူများအတွက် ထင်း၊ မီးသွေး၊ တိုင်၊ မျော၊ ဆေးဘက်ဝင်အပင်များနှင့် အခြားအသေးအဖွဲ သစ်တောထွက်ပစ္စည်းများ ထုတ်ယူရရှိနိုင်ကြောင်း၊ စိုက်ပျိုးမြေများအား ပင်လယ်ဆားငံရေ ဝင်ရောက် ခြင်းမှကာကွယ်ပေးသည့်အပြင် သဘာဝအခြေခံခရီးသွားလုပ်ငန်းဆောင်ရွက်ခြင်းဖြင့်လည်း ဝင်ငွေရရှိနိုင် ကြောင်း၊ ကျေးရွာအနီးဝန်းကျင်၌ ဒီရေတောများရှိခြင်းဖြင့် ဆူနာမီ၊မုန်တိုင်းကဲ့သို့သောသဘာဝဘေးအန္တရာယ် များမှလည်း ကာကွယ်ပေးနိုင်ကြောင်း၊ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်၌ ဒီရေတောများအား နေကာ၊ လေကာတန်းအဖြစ် စိုက်ပျိုးခြင်းမှသည် တစ်အုပ်တစ်မ ဝိုင်းဝန်းစိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ကမ်းရိုးတန်း နေ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုသာမက ဘဝလုံခြုံမှုကိုပါ တိုးမြှင့်ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်းတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စာသင်ကျောင်း ဆောက်လုပ်ရန်အတွက် သစ်လိုအပ်ချက်၊ စာသင်ခုံလိုအပ်ချက်နှင့် ဒေသခံပြည်သူများတင်ပြကြသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း စီမံဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။