ညောင်ဦးမြို့နယ်အတွင်းရောက်ရှိနေသည့် တောဆင်ရိုင်းအုပ်အား ဒေသခံအပြည်သူလူထု အသက်အိုးအိမ်ထိခိုက်မှုမရှိစေရေး ဦးစားပေးလျက် မူရင်းဒေသ နတ်မောက်/မြို့သစ်နယ်မြေ ပဲခူးရိုးမတစ်ဝိုက်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ညောင်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော တောဆင်ရိုင်း (၆) ကောင်အုပ်အား ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်မှု မရှိစေရေး ဦးစားပေးကာ မူလကျက်စားရာနယ်မြေဖြစ်သော နတ်မောက်/မြို့သစ် မြို့နယ်ရှိ ပဲခူးရိုးမဒေသအတွင်းသို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အထူးအလေးထား၍ စနစ်တကျစီမံဆောင်ရွက်လျက် ရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ မြန်မာ့သစ်လုပ်ငန်း တာဝန်ရှိသူများနှင့် တောဆင်ရိုင်းထိန်းသိမ်းရာတွင် ဝါရင့်အတွေ့အကြုံရှိသော ဆင်ဆရာဝန် ဒေါက်တာစည်သူဝမ်ထွန်း ဦးစီးအင်အား (၃၅) ဦး၊ တောဆင်ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်မှု မရှိစေရေး၊ လမ်းကြောင်းပိတ်ဆို့ရေးဆောင်ရွက်ရန် ညွှန်ကြားရေးမှူး (၂)ဦး၊ ဦးစီးအင်အား (၂၈) ဦးတို့သည် သြဂုတ်လ ၂၄ ရက်မှစတင်၍ တောဆင်အုပ်ရှိရာနယ်မြေတွင် အင်အား စုဖွဲ့ပြင်ဆင်ပြီး၊ လုပ်ငန်းတာဝန်များ စတင်ဆောင်ရွက်လျက်ရှိပြီး၊ သြဂုတ်လ ၂၅ ရက်မှ စတင်ပြီး ဆင်အုပ်နှင့်အနီးကပ် စောင့်ကြည့်ထိန်းကြောင်းလျက်ရှိပါသည်။
ဆင်ထိန်းသိမ်းရေးပိတ်ဆို့ရေးအဖွဲ့နှင့်အတူ တောဆင်ရိုင်းများအား လိုအပ်သလို ထိန်းကျောင်းနိုင်ရန် တောဆင်ထိန်းသိမ်းရေးအတွက် လေ့ကျင့်သင်ကြားထားသည့် ဆင်ယဉ် ကွန်ဂျီဆင်ကြီး (၆) ကောင်၊ လိုအပ်ပါက ဒေသခံပြည်သူလူထုအား အန္တရာယ်မပြုစေနိုင်ရေး အတွက် အသုံးပြုရန် မေ့ဆေးသေနတ် (၄) လက်၊ မေ့ဆေးသေနတ်သမားများ စုဖွဲ့ထားပြီး၊ လိုအပ်ချက်ပေါ်မူတည်၍ တောဆင်ရိုင်းများအား ယာဉ်ကြီးများဖြင့် တင်ဆောင်ရွှေ့ပြောင်းနိုင် ရေးအတွက် (၁၀) ဘီးယာဉ် (၇) စီး ပါဝင်စုဖွဲ့ကာ တောဆင်အုပ် အခြေပြုရာနေရာတစ်ဝိုက်တွင် အနီးကပ်စောင့်ကြည့်ထိန်းကျောင်းလျက်ရှိပါသည်။
တောဆင်ရိုင်းအုပ်အား မူလကျက်စားရာနယ်မြေဖြစ်သည့် နတ်မောက်/မြို့သစ်နယ်မြေ ပဲခူးရိုးမအတွင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် မထိခိုက် စေဘဲ ဆင်ထိန်းသိမ်းရေးကျွမ်းကျင်သူများ၏ ကြီးကြပ်မှုဖြင့် ကွန်ဂျီဆင်များကို အသုံးပြု၍ ပြန်လည်ထိန်းကျောင်းပို့ဆောင်သွားရေး သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
တောဆင်ရိုင်းအုပ်အား မူရင်းဒေသ ပဲခူးရိုးမသို့ ပြန်လည်ရောက်ရှိရေးဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် အန္တရာယ်မကျရောက်စေရေးအတွက် အတွေ့အကြုံရှိ သည့် ဝါရင့်ဆင်ထိန်းသိမ်းရေး ကျွမ်းကျင်သူအဖွဲ့နှင့် ပိတ်ဆို့ရေးအဖွဲ့များမှ အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့် တောဆင်ရိုင်းများအား ဝိုင်းဝန်း ကြည့်ရှုခြင်း၊ ခြောက်လှန့်ခြင်းများ၊ ဓါတ်ပုံရိုက်ခြင်း၊ မပြုလုပ်ကြရန်နှင့် ဒေသအုပ်ချုပ်ရေး အဖွဲ့များ၏ ဆင်အန္တရာယ်ကင်းရှင်းရေး မေတ္တာရပ်ခံ နှိုးဆော်ချက်များအပေါ် ပါဝင်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် ထိန်းသိမ်းပို့ဆောင်ရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုများကို ပိုမို ချောမွေ့ မြန်ဆန်စေမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။