အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာမူဘောင် ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲ" ကျင်းပခြင်း သတင်းထုတ်ပြန်ချက် (၁၂-၁၀-၂၀၁၅၊ အမရဟိုတယ်၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် "အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာ မူဘောင် ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်ရှိ အမရဟိုတယ်၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်- မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါများပြီး ယင်းတို့အနက် သစ်တော၊ သတ္တုနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် ကဏ္ဍသည် အနာဂတ်အတွက် ကြီးမားသော အလားအလာများဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုမဟာဗျူဟာအရ စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေး စနစ်မှစက်မှုဖွံ့ဖြိုးရေးနှင့် ကမ္ဘာ့စျေးကွက်နှင့်ပေါင်းစပ်ရေးစနစ်သို့ ပြောင်းလဲဖော်ဆောင်လျက်ရှိရာ သဘာဝသယံဇာတများတူးဖော်ထုတ်လုပ်သောစက်မှုလုပ်ငန်းများနှင့် ရေအားလျှပ်စစ် အပါအဝင် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ လျှင်မြန်စွာ တိုးတက်များပြားလာစေခဲ့ကြောင်း၊ ယင်းပြောင်းလဲမှုသည် ပြည်သူအများ စက်မှုလုပ်ငန်းအသစ်များတွင် ဝင်ရောက်လုပ်ကိုင်ခြင်းနှင့် ကျေးလက်၊ မြို့ပြနှင့် စက်မှုလုပ်ငန်းတည်ရှိမှုများ လိုက်လျောညီထွေဖြစ်စေမည့် ပြောင်းလဲမှုများ ဖြစ်ပေါ်စေကြောင်း၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနောက်ခံအချက်များအရ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် သဘာဝသယံဇာတများ ရေရှည်တည်တံ့မှုနှင့် ပတ်ဝန်းကျင်စနစ်တကျစီမံခန့်ခွဲမှုကို အထူးအလေးထားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ မှစ၍ မူဝါဒ၊ စံနှုန်းများ၊ ဖွဲ့စည်းမှုမူဘောင်များ ဖော်ဆောင်ခဲ့ပြီး ဖြစ်ပေါ်လာနိုင်မည့် ပတ်ဝန်းကျင်ဆိုင်ရာ ဦးတည်ရာလမ်းကြောင်းအားလေ့လာမှု များစွာကိုလည်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူတစ်ရပ်လုံး၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရေး အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စများကို ထည့်သွင်းပေါင်းစပ်ခြင်း အားဖြင့် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမျှမှုတို့ ရရှိစေရေး ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို ၁၉၉၄ ခုနှစ်တွင် ချမှတ်ခဲ့ကြောင်း၊ မူဝါဒတွင် ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးနွယ်ဆက်များ၏အကျိုးအတွက်သဘာဝသယံဇာတပစ္စည်းများကို ကာကွယ် ထိန်းသိမ်းရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကာကွယ်စောင့်ရှောက်မှုကို ပဓာန ကျသော ရည်မှန်းချက်အဖြစ် ထာဝစဉ်ထားရှိရန် အထူးပြုဖော်ပြထားကြောင်း၊ သီးခြား မူဝါဒ လမ်းညွှန်ချက်များဖြစ်သော မြန်မာနိုင်ငံ ၂၁ ရာစုအစီအစဉ်ကို ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ အမျိုးသား ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာကို ၂၀၀၉ ခုနှစ်တွင်လည်းကောင်း ချမှတ်ခဲ့ကြောင်း၊ ယင်းမူဝါဒနှင့် မဟာဗျူဟာများတွင် ဌာန၊ အဖွဲ့အစည်း ပေါင်းစုံမှ စီမံအုပ်ချုပ် နေသောကဏ္ဍပေါင်းစုံပါဝင်ပြီး သက်ဆိုင်ရာဌာနအလိုက်အကောင်အထည်ဖော်မှုများကိုအမျိုးသား အဆင့်၊ ကဏ္ဍဆိုင်ရာနှင့် ဒေသဆိုင်ရာ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်မှုများတွင် ပေါင်းစည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို အကောင်အထည်ဖော်နိုင်ရေးနှင့် ပတ်ဝန်းကျင်ကို စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ်တွင်ပြဌာန်းခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများ ကို ၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းဥပဒေမပြဌာန်းမီကပင် သဘာဝသယံဇာတများနှင့် ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး၊ မြို့ပြပတ်ဝန်းကျင် စီမံခန့်ခွဲရေးနှင့် ပြည်သူ့ကျန်းမာရေး၊ သဘာဝသယံဇာတများတူးဖော်ထုတ်လုပ်ရန်လိုအပ်ချက်များအတွက် သယံဇာတများ အသုံးပြုမှုနှင့် စွမ်းအင်အကျိုးရှိစွာ အသုံးပြုမှု စသည့် အခြားသော အခြေခံကျသည့် လုပ်ငန်းအမျိုးအစားများမှ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများအတွံက် ထိန်းကွပ်ဆောင်ရွက်နေသော ကဏ္ဍဆိုင်ရာဥပဒေများ ရှိသော်လည်း စံသတ်မှတ်ချက် မူဘောင်အနေဖြင့် အကန့်အသတ်ဖြင့်သာရှိခဲ့ကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပြဌာန်းခြင်းနှင့်အတူ စီရင်ပိုင်ခွင့်နှင့် အခြားသောကဏ္ဍဆိုင်ရာ ဥပဒေများနှင့်ဆက်စပ်မှုကို သတ်မှတ်ရန်နှင့် အမျိုသားပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး စံချိန် စံညွှန်း၊ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာဆန်းစစ်ခြင်း၊ စစ်ဆေးခြင်းနှင့် စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်း နည်းဥပဒေ၊ စည်းမျဉ်းများ ပြဌာန်းရန် လိုအပ်နေသေးကြောင်း၊ ယင်းမူဝါဒနှင့် စံနှုန်း များနှင့်အတူ ဖွဲ့စည်းမှုဆိုင်ရာ ပြောင်းလဲမှုများအနေဖြင့် သစ်တောရေးရာ ဝန်ကြီးဌာနကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအဖြစ်ပြောင်းလဲခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာတာဝန်ယူဆောင်ရွက်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနကိုလည်း ဖွဲ့စည်းခဲ့ကြောင်း၊ ကာလတို၊ ကာလလတ်နှင့် ကာလရှည် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု မူဘောင် နှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲ၍ သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အဓိကတာဝန်များအနက် တစ်ခုဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မူဝါဒ၊ စံသတ်မှတ်ချက်များ၊ အဖွဲ့အစည်းဖွံ့ဖြိုးမှုများနှင့်အတူ ပြောင်းလဲလာသည့် ပတ်ဝန်းကျင်ဆိုင်ရာအလားအလာများ၊ စိန်ခေါ်မှုများက လက်ရှိနိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအခြေအနေနှင့် လက်ရှိ ရင်ဆိုင်ကြုံ တွေ့နေရသော စွန့်ပစ်ပစ္စည်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုများ အစရှိသည့် စိန်ခေါ်မှုများနှင့် ညီညွတ်စေမည့် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မူဘောင်၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ လိုအပ်နေမှုကို ဖော်ညွှန်းနေပါကြောင်း၊ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မူဘောင်၊ မဟာဗျူဟာဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းရန် ယခုလို စုဝေးနေကြခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း များအကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးမူဝါဒကိုပေါင်းစည်းအကောင်အထည် ဖော်နိုင်ရေးအတွက် ကဏ္ဍဆိုင်ရာလုပ်ငန်း အစီအစဉ်များ ရေးဆွဲချမှတ်ရန်လည်း ရည်ရွယ်ထားပါကြောင်း ယနေ့ဆွေးနွေးပွဲတွင် တက်ရောက် လာသူများ၏အတွေ့အကြုံ၊ ဗဟုသုတများကို အခြေခံသည့်ဆွေးနွေးအကြံပြုမှုများသည် မြန်မာနိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သေချာခိုင်မာစေသည့် ယခုလို အရေးကြီးသည့် လုပ်ငန်းအတွက် အလွန်အရေးပါသည်ဟု ယူဆ ပါကြောင်း၊ ယခုဆွေးနွေးကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြ သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် တက်ရောက်လာသူအားလုံးကို ကျေးဇူးတင် ရှိပါကြောင်း၊ တက်ရောက်လာသူများ၏ ဆွေးနွေးအကြံပြုမှုများဖြင့် ပြီးပြည့်စုံသော အမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မူဘောင်၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲ ချမှတ်နိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားပါသည်။ အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများစုစုပေါင်း( ၁၀၀ )ဦး ခန့် တက်ရောက်ကြသည်။ ဆက်လက်၍အစီအစဉ်အရ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)ရုံးမှ ပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဒဏ် ခံနိုင်ရည်ရှိရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒေါ်လတ်လတ်အေးကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးတက်ရောက်လာသည့်ဒုတိယဝန်ကြီး များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်၍ ဖွင့်ပွဲအခမ်းအနားကို နံနက် (၀၉း၀၀) နာရီတွင် ရုပ်သိမ်းပါသည်။ အစီအစဉ်အရ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက မြန်မာနိုင်ငံ၏ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှု အပေါ် ခြုံငုံသုံးသပ်ချက်ကိုလည်းကောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ Mr.Carlos Linares ,International Consultant for the development of NEP ကအမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာမူဘောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ထားရှိမှု များကိုလည်းကောင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော မူဝါဒ၊ စံသတ်မှတ်မှုများနှင့် ဖွဲ့စည်းမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများကို လည်းကောင်း ဆွေးနွေး တင်ပြကြပါသည်။ နေ့လယ်ပိုင်းတွင် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် အတွက် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလ သမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အုပ်စုငယ်များခွဲကာ ဆွေးနွေးညှိနှိုင်းပြီး ဆွေးနွေးရရှိမှုများကို အုပ်စုအလိုက် ပြန်လည် ရှင်းလင်းတင်ပြကြပါသည်။ ညနေပိုင်းတွင် ဆွေးနွေးမှုရလဒ်များကို စုစည်းသုံးသပ်ဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲ ကို ညနေ (၁၇း၀၀) နာရီတွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။