ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်ကျင်းပသည့် အေးမြ သောကမ္ဘာမြေကြီးဆိုင်ရာ တီထွင်ဆန်းသစ်မှုဖိုရမ်၏ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်
(၁၂၁၀၂၀၁၅)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အေးမြသောကမ္ဘာမြေကြီးဆိုင်ရာ တီထွင်ဆန်းသစ်မှုဖိုရမ်၏ ဒုတိယအကြိမ် အစည်းအဝေး (2nd Annual Meeting of the Innovation for Cool Earth Forum ICEF) သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဖိုရမ်၏ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် Hotel Chinzanso ၌ ကျင်းပပြုလုပ်ရာ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Shinzo Abe မှ Video Message ဖြင့် လည်းကောင်း၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၊ State Minister ဖြစ်သူ Mr. DaishiroYamagiwa နှင့် အမေရိကန်နိုင်ငံ သမ္မတ၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ လက်ထောက်ဖြစ်သူ Mr. John Holdren တို့မှ လည်းကောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးပထမအစီအစဉ်အဖြစ် အနာဂတ်တွင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးနှင့်ပတ်သက်၍ အဓိကအကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယအစီအစဉ်အဖြစ် တီထွင် ဖန်တီးသူ၊ ရည်မှန်းချက်ထားဆောင်ရွက်သူနှင့် ခေါင်းဆောင်များမှ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အနာဂတ်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လည်းကောင်းဆွေးနွေးကြသည်။ ထို့နောက် စွမ်းအင်ဆိုင်ရာ၊ မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အစည်းအဝေးတတိယအစီအစဉ်အဖြစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အနာဂတ်မဟာဗျူဟာနှင့်ပတ်သက်၍ ဆွေးနွေးရာ Panelist များအဖြစ် ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ Mr. Robert N. Stavins ၊ Professor ၊ John F. Kennedy School of Government ၊ Harvard University ၊ Mr. David Victor ၊ Professor of International Relations ၊ School of Global Policy and Strategy ၊ University of California ၊ Mr. Patrick Pouyanne ၊ CEO and President of Executive Committee of Total Company ၊ Mr. John Loughhead ၊ Chief Scientific Advisor ၊ United Kingdom Department of Energy and Climate Change ၊ Mr. Peter Bakker ၊ President and CEO of World Business Council for Sustainable Development တို့က ဆောင်ရွက်ပြီး Moderator အဖြစ် Mr. Nobuo Tanaka ၊ President of Sasakawa Peace Foundation and Former Executive Director of International Energy Agency က ဆောင်ရွက်ပါသည်။
ပြည်ထောင်စုဝန်ကြီး က “Future Strategies on Climate Change in Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက် ရာတွင် စီးပွားရေး၊ အဖွဲ့အစည်းနှင့် နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ၂၀၁၁ ခုနှစ်ကတည်း က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လိုအပ်သည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အုပ်ချုပ်မှုပုံစံများကို ပြဌာန်းနိုင်ခဲ့သလို တစ်ဖက်ကလည်း အဖွဲ့အစည်း၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စွမ်းဆောင်ရည် လိုအပ်ချက်များကို ဖြည့်ဆည်းတည်ဆောက်လျက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုသည့် မိမိတို့ လူ့အဖွဲ့အစည်း၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရရှိရေးအတွက် ကမ္ဘာ့စိန်ခေါ်မှုကြီးတစ်ခု ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်မှုမြင့်မားသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အတွက် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကစိန်ခေါ်မှုဖြစ် ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ပါးစေခြင်းနှင့် လိုက်လျောညီထွေဖြစ်စေခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံအများ၏ နောက်မှာ ကျန်ရစ်ခဲ့ပြီး မိမိတို့၏ပတ်ဝန်းကျင်လည်း ယိုယွင်းပျက်စီးလာမှာဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ချမှတ်နိုင်ခဲ့သလို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာနိုင်ငံတကာသဘောတူညီချက် ရရှိရေးဆွေးနွေးညှိနှိုင်းမှာ ဖြစ် သည့်အတွက် သမိုင်းဝင် နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုလျော့ပါးရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံချက် (၂၀၁၁၂၀၃၀) ၌ ရာသီဥတုပြောင်းလဲမှုအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအား မဟာဗျူတစ်ရပ်အဖြစ် ထည့်သွင်းထားပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကိုရေးဆွဲထားခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အပူပိုင်းသစ်တောများပေါက်ရောက်မှုမြင့်မားသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မှန်လုံအိမ်ဓာတ်ငွေ့စုတ်ယူမှုအားကောင်းသည့်နိုင်ငံအဖြစ် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု တိုက်ဖျက် ရေးအတွက် သိသာစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး အတွက် လျှပ်စစ်မီးရရှိမှုတိုးမြှင့်ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ စက်မှုဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် မြို့ပြဖွံ့ဖြိုးလာခြင်းတို့ကြောင့် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမြင့်တက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ပြောင်းလဲမှုကိုတုန့်ပြန်နိုင်ရန်၊ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းရန်၊ သယံဇာတကို အကျိုးရှိစွာ သုံးစွဲရန်နှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် မျှော်မှန်းချက်များဖြင့် မဟာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၅) ရပ်ကို ချမှတ်ထားပြီး ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မဟာ ဗျူဟာနှင့် လုပ်ငန်းစီမံချက်များကို ရေးဆွဲလျက် ရှိပါကြောင်း၊ ထို့အပြင် အစိမ်းရောင် စီးပွားရေး ဆိုင်ရာ မဟာဗျူဟာမူဘောင်နှင့် လုပ်ငန်းစီမံချက်များကို ရေးဆွဲနေပါကြောင်း၊ အလားတူ မြန်မာနိုင်ငံအနေဖြင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် တာဝန်ယူမှု တစ်ခုအနေဖြင့် Intended National Determined Contribution (INDC) ကို ရေးဆွဲ၍ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်းသို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် စွမ်းအင်ကိုထိရောက်စွာနှင့် အကျိုးရှိစွာသုံးစွဲရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် မူဝါဒနှင့် ပင်မစီမံချက်မူကြမ်းများရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေမှုဆိုင်ရာ ဦးစားပေးလုပ်ငန်းရပ်များကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန်နှင့် လိုက်လျော ညီထွေဖြစ်စေမှုဆိုင်ရာလုပ်ငန်းများအတွက် အရေးကြီးသည့် စဉ်ဆက်မပြတ် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများအတွက် လိုအပ်ချက်များ၊ လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍများ၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သည့် ကလေးသူငယ်များနှင့် လူငယ်များအစုအဖွဲ့အတွက် လုပ်ပိုင် ခွင့်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ထည့်သွင်း ပေါင်းစပ်ခြင်းစသည်တို့ကို မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်ပြုလက်ခံပါကြောင်း၊ မြိုပြကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာလျော့ပါးစေခြင်းနှင့် လိုက်လျောညီထွေဖြစ်စေခြင်း လုပ်ငန်းများကိုဆောင်ရွက်ရာတွင် နည်းပညာ၊ ရန်ပုံငွေနှင့် စွမ်းဆောင်ရည် အကန့်အသတ်ရှိပါကြောင်း၊ ထို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေမှုလုပ်ငန်းများတွင် နည်း ပညာပံ့ပိုးမှုနှင့် လွှဲပြောင်းပေးမှု၊ ရန်ပုံငွေနှင့် စွမ်းဆောင်ရည်တည်ဆောက်ပေးရန် လိုအပ် ပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါအကန့်အသတ်များ ရှိသော်လည်း ရာသီဥတုပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းစဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ Panelist များမှ ပဲရစ်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှု ဆိုင်ရာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများအစည်းအဝေး (COP 21) နှင့်ပတ်သက်၍ အမြင်များ၊ မျှော်မှန်းချက်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာနည်းပညာ ဦးစားပေးလိုအပ်ချက်များ၊ မှန်လုံ အိမ်ဓာတ်ငွေ့ လျှော့ချရေးအတွက် စွမ်းအင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တီထွင်ဖန်တီးမှု အသစ်များစသည်တို့နှင့်ပတ်သက်၍ တစ်ဦးချင်းစီအလိုက်အမြင်များကိုဆွေးနွေးကြပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှိုင်မင်းမောင်နှင့် မြန်မာ့သစ်လုပ်ငန်းမှ မန်နေဂျာ ဦးမျိုးညွန့်တို့ တက်ရောက် ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြိုသို့ ပြန်လည် ရောက်ရှိကြောင်းသတင်းရရှိသည်။