ချင်းပြည်နယ်ရှိ မြေပြိုဆည်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ နိုင်ငံတော် ဒုတိယ သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ချင်းပြည်နယ်တွင် ဖြစ်ပေါ်နေသော မြေပြိုဆည် ( Landslide Dam ) များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကျင်းပနိုင်ရန်အတွက် ဆက်စပ်ပတ်သက်သည့်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ကြိုတင် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် စာတမ်းဖတ်ကြားမည့် သက်ဆိုင်ရာဌာနများ၊ ဖိတ်ကြားမည့် ကျွမ်းကျင် ပညာရှင်များ၊ ဆက်စပ်ဌာနများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးများကို ရွေးချယ်သတ်မှတ်ခဲ့ပြီး အလုပ်ရုံဆွေး နွေးပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက် (ဗုဒ္ဓဟူးနေ့) တွင် သစ်တောဦ:စီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော မြေပြိုဆည်နှင့် ပတ်သက်သည့် ပကတိအခြေအနေများအပေါ် ကွင်းဆင်းလေ့လာတွေ့ရှိချက်များအား ဂြိုလ်တုဓါတ်ပုံများဖြင့် ရှင်းလင်းတင်ပြ ခြင်း၊ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ဘေးအန္တရာယ်အခြေအနေများကို လေ့လာဖော်ထုတ်ခြင်း၊ အလားတူပြဿနာများအား နိုင်ငံတကာတွင် ဖြေရှင်း ဆောင်ရွက်ခဲ့သည့် နည်းလမ်းများကို ရှင်းလင်းတင်ပြခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြ ခြင်းနှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းမျာအား သက်ဆိုင်ရာ ဌာနများ၊ ပညာရှင်များနှင့် ဒေသ အုပ်ချုပ်ရေးမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း စသည့် အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးသွားမည် ဖြစ်ပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲရလဒ်များအရ ချင်းပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများအား အများပြည်သူသို့ ရှင်းလင်း အသိပေးနိုင်မည်ဖြစ်ပြီး ဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ မဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင်ကာကွယ်မှုများ၊ ဖြစ်ပေါ်လာပါက ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အများပြည်သူသို့ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။