၂၀၁၆ ခုနှစ် ကမ္ဘာ့ရေတိမ်ဒေသများနေ့ (World Wetlands Day) အခမ်းအနားနှင့် အင်းတော်ကြီးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား မြန်မာနိုင်ငံ၏ ဒုတိယမြောက် Ramsar Sites အဖြစ် သတ်မှတ်ကြေညာခြင်း အခမ်းအနားကျင်းပခြင်းသတင်း ဖေဖော်ဝါရီ(၂)ရက်၊နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ Fauna& Flora International (FFI) နှင့် Ramsar Centre Japan(RCJ) တို့ပူးပေါင်းကျင်းပသော ၂၀၁၆ ခုနှစ်၊ ကမ္ဘာ့ရေတိမ် ဒေသများနေ့ (World Wetlands Day)အထိမ်း အမှတ်အခမ်းအနား ကို ယနေ့ (၂-၂-၂၀၁၆)ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပျဉ်ပုံကြီးကျေးရွာအနီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ကမ္ဘာ့ရေတိမ်ဒေသများနေ့ အခမ်း အနားကို မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ် မှစတင်ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ရေတိမ်ဒေသများဆိုင်ရာ ရမ်ဆာ ကွန်ဗင်းရှင်း (Ramsar Convention on Wetlands) ၏ ၂၀၁၆ ခုနှစ် ကမ္ဘာ့ရေတိမ်ဒေသများနေ့ ဆောင်ပုဒ်မှာ “လူမှုဘဝ ရေရှည်ဖွံ့ဖြိုးရေး၊ ရေတိမ်ဒေသများမှ ဖြည့်ဆည်းပေး” (Wetlands for our Future: Sustainable Livelihoods )ဟု ထုတ်ပြန်ထားရှိပြီး လူသားများ၏ အနာဂတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်အသစ်များချမှတ်နိုင်ရန် ရေတိမ်ဒေသများ၏ အရေးပါပုံကို ဖော်ထုတ်ပြသလိုသောကြောင့်ရွေးချယ်ခြင်းဖြစ်ပါကြောင်း၊ ၁၉၇၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာ ရေတိမ်ဒေသများ အစည်း အဝေးကို အီရန်နိုင်ငံ၊ ရမ်ဆာမြို့၌ ကျင်းပခဲ့ရာ ကွန်ဗင်းရှင်းအဖြစ်ဖွဲ့စည်းရန် ကမ္ဘာ့နိုင်ငံများမှ တက်ရောက်လာသူများ သဘောတူလက်မှတ်ရေးထိုးခဲ့၍ ရမ်ဆာကွန်ဗင်းရှင်း စတင်ပေါ်ပေါက်လာ ခဲ့ပါကြောင်းနှင့် ကမ္ဘာ့ဒေသအသီးသီးရှိ ရေတိမ်ဒေသများကို ပူးပေါင်းထိန်းသိမ်းကာကွယ်နိုင်ရေး အတွက် ရမ်ဆာနယ်မြေများ Ramsar Sites အဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါကြောင်း၊ ကွန်ဗင်း ရှင်းစတင်ဖွဲ့စည်းနိုင်ခဲ့သည့်နေ့ရက်ကို ဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၂ရက်နေ့ကို ကမ္ဘာ့ရေတိမ် ဒေသများနေ့ (World Wetlands Day) အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းကျင်းပခဲ့ပါကြောင်း၊ ယနေ့ ကမ္ဘာ့ရေတိမ်ဒေသများနေ့ အထိမ်း အမှတ်အခမ်းအနားကို ကမ္ဘာ့အရေးပါသော ရေတိမ်ဒေသများစာရင်းဝင်ပြီး မြန်မာနိုင်ငံ၏ သဘာဝနယ်မြေတစ်ခုဖြစ်သော မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် အပြည်ပြည်ဆိုင်ရာ ရေတိမ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands) အဖွဲ့ဝင်အဖြစ် ၂၀၀၅ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးဝင်ရောက် ခဲ့ပြီး ရေတိမ်ဒေသထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ကွန်ဗင်းရှင်း သဘောတူညီချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ရေတိမ်ဒေသဂေဟစနစ် များစွာတည်ရှိနေသော်လည်း ကမ္ဘာ့အရေးပါသော ရေတိမ်ဒေသစာရင်းဝင် (Ramsar Site) အနေ အဖြစ် မိုးယွန်းကြီးအင်းဘေးမဲ့တောကို အသိအမှတ်ပြုခံရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် Ramsar Site စံချိန် စံညွှန်းများနှင့် ကိုက်ညီသော အင်းတော်ကြီးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ကိုလည်း မြန်မာနိုင်ငံ၏ ဒုတိယမြောက် Ramsar Site အဖြစ် ယနေ့ သတ်မှတ်ကြေညာသွားမည် ဖြစ်ပါကြောင်း၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ကမ္ဘာ့ရှားပါးစာရင်းဝင် ဆောင်းခို ငှက်မျိုးစိတ်ဖြစ် သောရေညှောင့်နှုတ်ဝိုင်းငှက်များ ကျရောက်ကျက်စားသော မုတ္တမပင်လယ်ကွေ့ဒေသ အတွင်းရှိ နေရာများကိုလည်း Ramsar Site များအဖြစ် သတ်မှတ်နိုင်ရေး ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို အသိပေးလိုပါကြောင်း၊ ၂၀၀၄ ခုနှစ်က ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန အထောက်အပံ့ဖြင့် သစ်တော ဦးစီးဌာန၊ Birdlife International တို့ ပူးပေါင်းကွင်းဆင်း စာရင်းကောက်ယူမှုအရ မြန်မာနိုင်ငံ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ရခိုင် ကမ်းရိုးတန်းဒေသတို့တွင် အရေးပါသည့် ရေတိမ်ဒေသ (Wetland Sites)၊ စုစုပေါင်း ၉၉ ခုကို ဖော် ထုတ်မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း၊ ရေတိမ်ဒေသများသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအတွက်သာမက ရေသယံဇာတအရင်း အမြစ်များနှင့် ဆက်စပ်ဂေဟစနစ်များ ရေရှည်တည်မြဲစေရေးထိန်းညှိပေးခြင်း၊ ရှားပါးမျိုးစိတ် များနှင့် ဒေသမျိုးရင်းမျိုးစိတ်များ တိုးပွားလာရေးနှင့် အဓိက ကျက်စားရာဒေသအဖြစ်တွေ့ရှိရ ခြင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေဖြစ်စေခြင်း စသောဂေဟစနစ် ဆိုင်ရာ အကျိုးကျေးဇူးများကိုပံ့ပိုးပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ခရီးသွား လုပ်ငန်းများစသော နိုင်ငံတော်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကျိုးကျေးဇူးများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိ ပါကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍကို အဓိကအခြေခံသော မြန်မာနိုင်ငံအနေနှင့် ရေတိမ်ဒေသ များ၏အခန်းကဏ္ဍသည် မရှိမဖြစ်အရေးပါပြီး ကမ္ဘာ့ရေချိုအရင်းအမြစ်များ၏ ၇၀%ကို လယ်ယာ ကဏ္ဍများအတွက် လက်ရှိအသုံးပြုလျက်ရှိရာ ရေအရင်းအမြစ်များ၏ ၂၀% ခန့်ကို ရေတိမ်ဒေသ များမှ အဓိကပံ့ပိုးပေးနေခြင်းဖြစ်ပါကြောင်းနှင့် ရမ်ဆာကွန်ဗင်းရှင်း၏ အဓိကဦးတည်ချက်များ အရ ရေတိမ်ဒေသများ ထိန်းသိမ်းကာကွယ်ခြင်း (Conservation) သာမက စနစ်တကျအကျိုးရှိ စွာ အသုံးချခြင်း (Wise use) ကိုလည်း အလေးထားဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ရေတိမ်ဒေသများ ရေရှည်တည်တံ့စေပြီး ဒေသခံပြည်သူများ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက် စေသော နည်းစနစ်များဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက် ခြင်း၊ ရေသွင်းရေထုတ်မြောင်းများ စနစ်တကျ တည်ဆောက်ခြင်းနှင့် စွန့်ပစ်ရေဆိုးများ ပြန်လည် သန့်စင် အသုံးချခြင်းများအပါအဝင် ရေသယံဇာတအရင်းအမြစ်များ စနစ်တကျ စီမံခန့်ခွဲခြင်း၊ ရာသီဥတု ပြောင်းလဲမှုဒါဏ်ခံနိုင်သော သီးနှံမျိုးစိတ်များ တိုးမြှင့်စိုက်ပျိုးခြင်း၊ ဓါတုပိုးသတ်ဆေးများ သုံးစွဲမှု လျှော့ချခြင်း၊ သဘာဝမြေသြဇာများ ပိုမိုအသုံးပြုစေခြင်းနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ် ကိုင်ခြင်း (Family farming) များ ပိုမိုအားပေးခြင်းတို့ကို ကျင့်သုံးဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရေတိမ်ဒေသများအား စနစ်တကျ စီမံအုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲအား ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာ ရေတိမ်ဒေသစီမံအုပ်ချုပ်မှုနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ အပေါ်တွင်အခြေခံပြီး မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ ဓလေ့ထုံးစံများ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီသော ရေတိမ်ဒေသ စီမံအုပ်ချုပ်မှုပုံစံတစ်ခုကို ချမှတ်ရေးဆွဲနိုင်ရေး၊ တက်ရောက်လာသူများမှ မိမိတို့အတွေ့အကြုံများ၊ အသိပညာများအပေါ်အခြေခံပြီး ဝိုင်းဝန်း ဆွေးနွေးအကြံပြုပေးကြပါရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှု အများဆုံးဒေသတစ်ခု ဖြစ်ပါ ကြောင်း၊ ရေလုပ်ငန်းထွက်ကုန်များကိုလည်း နိုင်ငံအနှံ့အပြားသို့ ဖြည့်ဆည်းဖြန့်ဖြူး ပေးနိုင်ခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးစစ်တောင်း မြစ်ဝှမ်းဒေသ နှင့်မုတ္တမ ပင်လယ်ကွေ့ရေဝေရေလဲ အစရှိသည့်ကုန်းတွင်းရေတိမ်ဒေသ အများအပြားကို ပိုင်ဆိုင်ထားခြင့် ကြောင့်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ရေတိမ်ဒေသဂေဟစနစ်အတွက်အရေးပါသည့် နယ်မြေ အများအပြားရှိနေသော်လည်း ကမ္ဘာ့အရေးပါသော ရေတိမ်ဒေသစာရင်းဝင် (Ramsar site) အနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးယွင်းကြီးအင်း ရေတိမ်ဒေသတစ်ခုတည်းကိုသာ ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ခံခဲ့ရပါကြောင်း၊ ရေတိမ်ဒေသများ၏ တန်ဖိုးကိုသိရှိနားလည်ပြီး ထိန်းသိမ်းကာကွယ်ခြင်း (Conservation) သာမကစနစ်တကျ အကျိုးရှိစွာ အသုံးချခြင်း(Wise use)ကိုလည်း အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ရေတိမ်ဒေသများ ရေရှည်တည်တံ့စေရန်အတွက် ဒေသခံ ပြည်သူများနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး နည်းစနစ်များ၊ ခေတ်မှီစိုက်ပျိုးရေးနှင့် မွေးမြူရေး နည်းပညာများအစရှိသည့် ရေတိမ်ဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများအား ပါဝင်ပတ်သက်သူ အားလုံးဝိုင်ဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းပြောကြားသွားခဲ့ပါသည်။¬¬ ဆက်လက်၍ Ramser Centre of Japan မှ အထွေထွေအတွင်းရေးမှူးချုပ် Ms. Reiko Nakamura နှင့် Wetland International Japan ၏ president ဖြစ်သူ Mr. Yoshihiro Natori တို့မှ အမှာစကားများအသီးသီးပြောကြားခဲ့ကြပါသည်။ အခမ်းအနားပြီးနောက် (၂)ရက်နှင့် (၃)ရက်နေ့တို့တွင် ရေတိမ်ဒေသထိန်းသိမ်းရေးဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို အစိုးရဌာနကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းအဖွဲ့များ ဒေသခံအစုအဖွဲ့ ကိုယ်စားလှယ်များတို့ဖြင့် နိုင်ငံတကာ ရေတိမ်ဒေသထိန်းသိမ်းရေးအတွေ့အကြုံ၊ နည်းစနစ်များကို မျှဝေဖလှယ်ခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြကြောင်းသိရှိရသည်။ အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ရေတိမ်ဒေသနှင့်ပတ်သက် သည့် နိုင်ငံခြားသားပညာရှင်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သတင်းမီဒီယာ များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ၊ စုစုပေါင်း(၁၃၀)ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။