ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ဆိုင်ရာ ၂၀၃၀ အစီအစဉ်အား အကောင်အထည်ဖော်ရေးဆိုင်ရာအဆင့်မြင့်အစည်းအဝေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်

(၂၆­၄­၂၀၁၆)(အင်္ဂါနေ့)

၁။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင်ကျင်းပသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ဆိုင်ရာ ၂၀၃၀ အစီအစဉ်အား အကောင်အထည်ဖော်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးနှင့် ၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာပါရီသဘောတူညီချက်လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။
၂။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက် ၂၀၃၀ အစီအစဉ်အား အကောင်အထည်ဖော်ရေး ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဌဖြစ်သူ Mr. Mogens Lykketoft မှလည်းကောင်း၊ ကုလသမဂ္ဂဒုတိယထွေထွေအတွင်းရေးမှူးချုပ် Mr. Jan Eliasson မှလည်းကောင်း အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ဆိုင်ရာ ၂၀၃၀ အစီအစဉ်အား အဆင့်ဆင့် အားလုံးပါဝင်အကောင်အထည်ဖော်ရန်၊ (၂၁)ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုညီလာခံ ကတိကဝတ် များအားဖြည့်ဆည်းရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဘဏ္ဍာရေးအရင်းအမြစ် မူဘောင်များချမှတ် ရန်၊ သင့်တော်သည့် သတင်းအချက်အလက်နှင့် အရည်အသွေးမြင့်မားသည့် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်ရန်၊ အကောင်အထည်ဖော်ရာတွင်ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ အားလုံးပါဝင်မှုတို့ အပေါ် အခြေခံသည့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတွင် ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှုများ အား ပေါင်းစပ်သွားရန် အဓိကကဏ္ဍ(၅)ခုဖြင့် ဆွေးနွေးခဲ့ကြပါသည်။
၃။ ဒုတိယနေ့ (၂၂-၄-၂၀၁၆) ရက်နေ့၌ ကျင်းပပြုလုပ်သည့် ပါရီသဘောတူညီချက် လက်မှတ် ရေးထိုးပွဲအထိမ်းအမှတ်အဆင့်မြင့်အခမ်းအနားဖွင့်ပွဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့်အတူ ကုလသမဂ္ဂအထွေထွေညီလာခံသဘာပတိ၊ ပြင်သစ်နိုင်ငံသမ္မတ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ဒုတိယဝန်ကြီးချုပ်၊ ကနေဒါနိုင်ငံဝန်ကြီးချုပ်၊ ပီရူးနိုင်ငံ သမ္မတ၊ အီတလီနိုင်ငံ ဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ မော်ရိုကိုနိုင်ငံ မင်းသမီးတို့အပါအဝင် နိုင်ငံအကြီးအကဲများနှင့် ဝန်ကြီးအဆင့် သက်ဆိုင်ရာနိုင်ငံ ကိုယ်စားလှယ် ခေါင်းဆောင်များမှ မိန့်ခွန်းအသီးသီးပြောကြားခဲ့ပါသည်။
၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရာသီဥတုပြောင်းလဲခြင်းသည် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး နိုင်ငံအသီးသီးမှ လျင်မြန်စွာအရေးယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု ၏အကျိုးဆက်များဖြစ်သည့် ဆိုက်ကလုန်းမုန်တိုင်းများ၊ မိုးခေါင်ခြင်း၊ ရေရှားပါးခြင်း၊ ရေကြီး ခြင်းတို့ကြောင့် ပြည်သူများအသက် အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အတွက် ရာသီဥတုပြောင်းလဲခြင်းသည် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်သည်ဟုအလေးထားပါကြောင်း၊ ယခုလို ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက် ပါရီသဘော တူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းကို ဂုဏ်ယူပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ်အတွင်းနှင့် နောက်ပိုင်းကာလများအတွက် ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်း၊ လိုက်လျောညီထွေရှိစေခြင်း ဆိုင်ရာလုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်ရန်အတွက် အမျိုးသားမဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ်ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ ၂၀၃၀ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက် ရေးဆိုင်ရာ ရည်မှန်းချက်မှာ ရာသီဥတုတည်ငြိမ်ရေး၊ မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိရေးတို့ပင်ဖြစ်ပါကြောင်း၊ ပါရီသဘောတူညီချက်၏ ၂၀၂၀ ခုနှစ်နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Kyoto Protocol သည် ဥပဒေအရ အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံမှ မိမိနိုင်ငံ ၏အခြေအနေနှင့်သင့်လျော်မည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ် (Intended Nationally Determined Contributions-INDC)အား တင်ပြခဲ့ပြီး မြန်မာနိုင်ငံ၏ သစ်တောနှင့် စွမ်းအင်ကဏ္ဍတို့ကို အဓိက ထား၍ ကာဗွန်ဓာတ်ငွေ့လျှော့ချရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးသည် မြန်မာနိုင်ငံ၏ အဓိကဦးစားပေးပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကဲ့သို့ ရာသီဥတုပြောင်းလဲမှုထိခိုက်လွယ်သည့် နိုင်ငံများအနေဖြင့် ပျောက်ဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု များ (Lost and Damage) ဆိုင်ရာ အထောက်အပံ့သည် အရေးကြီးပါကြောင်း၊ ဘဏ္ဍာငွေထောက်ပံ့ မှုသည် ပါရီသဘောတူညီချက်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်လျှော့ချမည့် ရည်မှန်းချက်ကို အောင်မြင်အောင်အကောင်အထည်ဖော်ခြင်းအတွက် အရေးပါသည့်ကဏ္ဍဖြစ်သဖြင့် ၂၀၂၀ ခုနှစ်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံ ထည့်ဝင်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ LDCF နှင့် Adaptation Fund တို့ အတွက် ပြည့်စုံလုံလောက်သည့် ဘဏ္ဍာငွေအရင်းအမြစ် ရရှိရေးအတွက် အရေးတကြီးလိုအပ်လျက် ရှိနေပါကြောင်း၊ မြန်မာနိုင်ငံသည် နည်းပညာ၊ ငွေကြေးနှင့် စွမ်းဆောင်ရည်ဆိုင်ရာတို့တွင် အကန့် အသတ်စိန်ခေါ်မှုများဖြင့် ကြုံတွေ့နေရသော်လည်း မိမိနိုင်ငံ၏အခြေအနေနှင့် သင့်လျော်မည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်(INDC) အကောင်အထည်ဖော်ခြင်းဆိုင်ရာ လမ်းပြမြေပုံအား သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများနှင့်ညှိနှိုင်း၍ ရေးဆွဲလျက်ရှိပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု ထိခိုက်လွယ် သည့် နိုင်ငံများအား နည်းပညာ၊ စွမ်းဆောင်ရည်မြှင့်တင်မှု၊ ဘဏ္ဍာငွေများ ကူညီထောက်ပံ့ပေးရန် ဖွံ့ဖြိုးပြီးနိုင်ငံများအား အလေးအနက်တိုက်တွန်း ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်အတူလက်တွဲ၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာလုပ်ငန်းများကို ကမ္ဘာနိုင်ငံ များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၅။ သမိုင်းဝင် ပါရီသဘောတူညီချက်လက်မှတ်ရေးထိုးပွဲအစီအစဉ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၇၁) နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ လက်မှတ်ရေးထိုးခဲ့ပါသည်။
၆။ အဆိုပါ အစည်းအဝေးနှင့် လက်မှတ်ရေးထိုးပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဦအုန်းဝင်းနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်းသတင်းရရှိသည်။