“အင်းလေးကန်ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခြင်း ဧပြီလ ၂၈ ရက်၊ တောင်ကြီးမြို့
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP တို့ ပူးပေါင်း၍ အင်းလေးကန်ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောဦးစီးဌာန၊ ရတနာ သစ်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်အမတ် များ၊ နော်ဝေနိုင်ငံ သံအမတ်ကြီး၊UNDP နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ မြန်မာ့သစ်လုပ်ငန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အရာရှိကြီးများ၊ ဆက်စပ်ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ဒေသခံအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ရေသယံဇာတအခြေခံ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာအလွန်ကောင်းသည့် အနေအထား တွင်ရှိကြောင်း၊ သဘာဝဂေဟစနစ်များသည် ရေသံသရာလည်မှုဖြစ်စဉ်တွင် အရေးပါသည့် အခန်း ကဏ္ဍမှပါဝင်လျက်ရှိပြီး ရေ၏အရည်အသွေးနှင့်ပမာဏတို့ကို အကျိုးသက်ရောက်မှုရှိစေကြောင်း၊ ရေဝေရေလဲဒေသများတွင် မြေအသုံးချမှုလုပ်ငန်းများကြောင့် မြစ်၊ ချောင်း၊ အင်းအိုင်နှင့်ရေကန် များ၏ ဂေဟစနစ်များကို ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေသယံဇာတ များ ရေရှည်တည်တံ့စေရန်အတွက် စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် ရေဝေရေလဲဒေသ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ပြန်လည်စိုက်ပျိုးပြုစုခြင်း၊ ရေဝေရေလဲဒေသများတွင် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ခြင်းမပြုမီ ရရှိလာမည့် အကျိုးကျေးဇူးနှင့် ပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်နိုင်မှုများကို ကြိုတင်ဆန်းစစ်ပြီးမှဆောင်ရွက်ခြင်း၊ ပျက်စီးယိုယွင်းနေသည့် ရေတိမ် ဒေသများ ပြန်လည်ထူထောင်ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများသည် အရေးပါသောလုပ်ငန်း များဖြစ်ကြောင်း၊
ကန်များအတွင်း ရောက်ရှိလာသည့်ရေသည် ၎င်းတို့၏ရေဝေရေလဲနှင့် ရေဦးရေဖျားဒေသ များမှ စီးဆင်းလာခြင်းဖြစ်သည့်အတွက် ၎င်းဒေသများ၌ ပတ်ဝန်းကျင် အခြေအနေပြောင်းလဲမှု များကြောင့် ကန်အတွင်းရှိ ရေသယံဇာတများနှင့်သက်ရှိများကို ကောင်းကျိုးဆိုးကျိုး သက်ရောက် စေနိုင်ကြောင်း၊ ရေကန်များ ရေရှည်တည်တံ့စေရန် ရေကန်အတွင်းသာမက ရေဝေရေလဲဒေသ များကိုပါ ထည့်သွင်းပေါင်းစပ် စီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အင်းလေးကန် ရေရှည် တည်တံ့စေရေးဆောင်ရွက်ရာတွင် ၎င်း၏ကြီးမားကျယ်ပြန့်သည့် ရေဝေရေလဲဒေသကြီး တစ်ခုလုံး ကိုလည်း ထည့်သွင်း စဉ်းစားစီမံခန့်ခွဲရမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတကာရှိ ရေကန်ကြီးများ ပျက်စီးယိုယွင်းမှု ဖြစ်ပွားရာတွင် အများစု ကြုံတွေ့ရသည့် ပြဿနာရပ်များမှာ ရေဝေရေလဲဒေသများ၌ရှိသည့် သစ်တောများပြုန်းတီး ပျက်စီး လာသည့် အတွက် မြေဆီလွှာတိုက်စားပြီးကန်အတွင်း နုန်းပို့ချခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည်ရာ နေရင်းဒေသများ ပျက်စီးခြင်းနှင့် ဇီဝမျိုးများ လျော့နည်း လာခြင်း၊ ကန်အတွင်းနှင့်ကန်အပြင်မှ ကျဆင်းလာသည့် အညစ်အကြေးများ၊ အဆိပ်သင့်ပစ္စည်းများကြောင့် ရေအရည်အသွေးပျက်စီးခြင်းနှင့် ကန်အတွင်း မလိုလားအပ်သော ရေပေါင်းပင်များ ပွားများလာ ခြင်း၊ ရေသယံဇာတများ စီမံခန့်ခွဲရာတွင် အားနည်းခြင်း၊ ရာသီဥတုပြောင်းလဲမှု ပြဿနာနှင့် ရင်ဆိုင်ရခြင်း၊ ရေသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးနည်းများ အားနည်း ခြင်း၊ ဌာနဆိုင်ရာများအတွင်း စီမံခန့်ခွဲမှုအရည်အချင်း အားနည်းခြင်း စသည်တို့ကြောင့်ဖြစ်ပြီး အင်းလေးကန်နှင့် ရေဝေရေလဲဒေသများအတွင်းတွင်လည်း အလားတူပြဿနာများ ကြုံတွေ့ရ လျက်ရှိသည်ကို အားလုံးသိရှိပြီး ဖြစ်ကြောင်း၊
အင်းလေးကန် ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန် ဘေးမဲ့တောအဖြစ် ဖွဲ့စည်း စီမံအုပ်ချုပ်ခဲ့ပြီး အင်းလေးကန်၏ ထူးခြားသည့် ဂုဏ်အင်္ဂါရပ်များကြောင့်လည်း အာဆီယံ အမွေ အနှစ်ဒေသ(ASEAN Heritage Site) အဖြစ် သတ်မှတ်ခံခဲ့ရသည့်အပြင် ၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်းက "လူသားနှင့်ဇီဝအဝန်းနယ်မြေ" အဖြစ် သတ်မှတ်အတည်ပြု ကြေညာခဲ့ကြောင်း၊
ယခု အလုပ်ရုံဆွေးနွေးပွဲတွင် UNDP နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး"ရေကန်နှင့် ၄င်း၏ ရေဝေရေလဲဒေသများ ဘက်စုံစီမံအုပ်ချုပ်မှုစနစ်" (Integrated Lake Basin Management-ILBM) အယူအဆအပေါ်တွင် အခြေခံရေးဆွဲထားသည့် "Inlay Lake Conservation Plan (2015-2019) "အကောင်အထည်ဖော်နိုင်ရေးကို ဆွေးနွေးမှာဖြစ်ပြီး လူသားနှင့်ဇီဝအဝန်းနယ်မြေ အကြောင်းကိုလည်း အသေးစိတ်ဆွေးနွေးမှာဖြစ်ကြောင်း၊ ရေကန် ကြီးများ စီမံခန့်ခွဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည့် မန်နေဂျာများ၊ ပညာရှင် များနဲ့ အကျိုးဆက်စပ်ပတ်သက်သူ များအားလုံးက ရေကန်များရေရှည်တည်တံ့အောင် ထိန်းသိမ်း ရာတွင် အသုံးပြုရမည့် ခေတ်မှီစီမံခန့်ခွဲမှုစနစ်တစ်ရပ်ဖြစ်ကြောင်း၊ UNDP မှ ယခုကဲ့သို့ ပြီးပြည့်စုံသည့် စီမံကိန်းတစ်ရပ် ရေးဆွဲရာတွင် ကျွမ်းကျင်မှုအကူအညီ၊ UNESCO မှလည်း အင်းလေးကန်ဒေသအား မြန်မာနိုင်ငံ၏ပထမဆုံး လူသားနှင့်ဇီဝအဝန်းနယ်မြေတစ်ခုအဖြစ် သတ်မှတ်နိုင်ရန် အကူအညီများပေးခဲ့ကြသည့်အတွက် အထူးကျေးဇူး တင်ကြောင်း ၊ အထူးသဖြင့် နော်ဝေနိုင်ငံအစိုးရ နှင့် ပြည်သူများကို အင်းလေးကန်ထိန်းသိမ်းရေးအပြင် မြန်မာ တစ်နိုင်ငံလုံး၏ ပတ်ဝန်းကျင်နှင့်သဘာဝသယံဇာတများ ထိန်းသိမ်းရေးအတွက် စဉ်ဆက်မပြတ် အကူအညီပေး နေမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ (၁၇)ဦး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ(၁၂)ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦး၊ ဆက်စပ် ဌာနဆိုင်ရာများမှ(၂၁)ဦး၊ ဆက်စပ်အဖွဲ့အစည်းများမှ(၁၀)ဦး၊ တောင်ကြီးတက္ကသိုလ် မှ(၄)ဦး၊ NGO အဖွဲ့အစည်းများမှ(၅၁)ဦး သတင်းမီဒီယာများမှ(၁၀)ဦး စုစုပေါင်း (၁၃၈)ဦး တက်ရောက် ကြပြီး ဧပြီလ(၂၉)ရက်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။