ထုံးကျောက်တောင်ဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ၂၀၁၆ ခုနှစ်၊ မေလ ၁၁ ရက်၊ နေပြည်တော်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI)တို့ ပူးပေါင်း၍ ထုံးကျောက် တောင် ဂေဟစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို(၁၁-၅-၂၀၁၆)ရက်၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ FFI မှတာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ စုစုပေါင်း(၇၀)ဦး တက်ရောက်ကြသည်။
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် မှအမှာစကားပြောကြားရာ တွင် အလုပ်ရုံဆွေးနွေးပွဲကို ထုံးကျောက် တောင်ဂေဟစနစ် ထိန်းသိမ်းရေးနှင့်ပတ်သက်သော အရေးကြီးဇီဝမျိုးစုံမျိုးကွဲဒေသ Key Biodiversity Areas (KBA)များ သတ်မှတ်ရန်၊ ထုံးကျောက်ထုတ်လုပ်ရန် အတွက် ပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်စစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ (Environmental Impact Assessment - EIA guidelines) နှင့် အကောင်းဆုံးသော လုပ်ငန်းဆောင်ရွက်ရန် နည်းလမ်းများ(Best practices) ကို ဆွေးနွေးရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊
သစ်တောဦးစီးဌာနအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်နေသောဌာနဖြစ်ပြီး ဂေဟစနစ်များစွာရှိသည့်အနက် ထုံးကျောက်တောင်ဂေဟ စနစ်ဆိုင်ရာနှင့်ပတ်သက်၍ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ယခုပထမဆုံးအကြိမ် ကျင်းပသည့် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း၊
မြန်မာနိုင်ငံတွင် ထုံးကျောက်တောင်ဂေဟစနစ် Karst Ecosystem အမျိုးအစားကို ဖော်ပြ ထား ခဲ့ခြင်းမရှိခဲ့သော်လည်း နိုင်ငံဧရိယာ၏ (၄၂%)ခန့်သည် တောင်ကုန်းတောင်တန်းဒေသများဖြစ် ပြီး ထုံးကျောက်တောင်စဉ်တောင်တန်းများနှင့် ထုံးကျောက်တောင်ဂေဟစနစ်ကို ကျယ်ပြန့်စွာ တွေ့ရှိ နိုင်ကြောင်း၊ အထင်ရှားဆုံးမှာ ရှမ်းကုန်းမြေမြင့်ဒေသ၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်၊ မြိတ် ကျွန်းစု တောင်ကုန်းတောင်တန်းများဖြစ်ကြောင်း၊
ထုံးကျောက်တောင်တန်းများနှင့် ထုံးကျောက်လိုဏ်ဂူများကဲ့သို့ သဘာဝအနေအထားများသည် ကမ္ဘာအနှံ့အပြားတည်ရှိနေပြီး အချို့ဒေသများသည် တန်ဖိုးထားထိန်းသိမ်းရမည့် နေရာဒေသများ ဖြစ်၍ အများစုကို ထိန်းသိမ်းကာကွယ်ထားသော နေရာများအဖြစ် သတ်မှတ်ထားရှိကာ အချို့နေရာ များမှာ သဘာဝအနေအထားလှပခြင်းနှင့် ရှားပါးသောဇီဝမျိုးစုံမျိုးကွဲများ ရှိသောကြောင့် ကမ္ဘာ့ အမွေ အနှစ်နယ်မြေ ထိန်းသိမ်းရေးနေရာများအဖြစ် သတ်မှတ်ခြင်းခံထားရကြောင်း၊ ထုံးကျောက်တောင် များ၌ မျိုးသုန်းပျောက်ကွယ်ရန် အန္တရာယ်ရှိသော အပင်နှင့်တိရစ္ဆာန်မျိုးစိတ်များ တည်ရှိခြင်း၊ ရှားပါး သော သဘာဝတွင်းထွက်များနှင့် သဘာဝအနေအထားရှိခြင်း၊ ဘူမိဗေဒ၊ ဘူမိရုပ်သွင်ဗေဒ (geomorphology) နှင့် ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးဗေဒ (palaeontology)အတွက် လေ့လာ ရန် အရေးကြီးသော နေရာများဖြစ်ခြင်း၊ ယဉ်ကျေးမှုနှင့်ဘာသာရေးအတွက်သာမက စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများအတွက်လည်း အဓိကအရေးပါသော နေရာများဖြစ်၍ အထူးထိန်းသိမ်း ကာကွယ်သင့်ကြောင်း၊
ထုံးကျောက်တောင်ဒေသများတွင် တွေ့ရှိရသော ဇီဝမျိုးစုံမျိုးကွဲများသည် ယေဘုယအားဖြင့် ရှားပါးသောမျိုးစိတ်များဖြစ်ပြီး ၎င်းဒေသ၌သာ တွေ့ရှိရသောမျိုးစိတ် (endemic species)များဖြစ် ကြောင်း၊ ၎င်းတို့အနေနှင့် ခက်ခဲသည့်ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်ကြရပြီး နေရင်းဒေသများ ပျက်စီးသွားပါက ပြန်လည်ရှင်သန်ရန် မဖြစ်နိုင်ကြောင်း၊ ထုံးကျောက်လိုဏ်ဂူများတွင် တွေ့ရှိရသော တိရစ္ဆာန်များအနက် သိသာထင်ရှားသော မျိုးစိတ်တစ်မျိုးမှာ လင်းနို့မျိုးစိတ်ပင်ဖြစ်ကြောင်း၊ လင်းနို့ များသည် လိုဏ်ဂူအတွင်း နေထိုင်ကျက်စားသော တိရစ္ဆာန်များအနက် အဓိကကျသည့် (key stone species)မျိုးစိတ်ဖြစ်ပြီး လူသားများအတွက် ဂေဟစနစ်ဝန်ဆောင်မှုပေးနေသော မျိုးစိတ်အဖြစ် ထင်ရှားကြောင်း၊ လင်းနို့များသည် ညစဉ် ကောက်ပဲသီးနှံဖျက်ပိုးမွှား သန်းပေါင်းများစွာအား စားသုံးခြင်းဖြင့် ရှင်းလင်းပေးခြင်း၊ စားပင်သီးပင်များ ဝတ်မှုံကူးပေးခြင်း၊ လင်းနို့ချေးထုတ်လုပ်ပေး ခြင်းစသဖြင့် အကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ပေးကြောင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လိုဏ်ဂူအချို့တွင် လင်းနို့အကောင်ရေ ၅ သိန်းမှ ၁ သန်းအထိ နေထိုင်လျက်ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုကဲ့သို့ ထုံးကျောက်လိုဏ်ဂူများအား ထပ်မံဖော်ထုတ် မှတ်တမ်းတင်၍ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်း၊ တောင်တန်းများ၊ လှိုင်ဂူများ ကျောက်နံရံများတွင် အသိုက်ပြုလုပ်လေ့ရှိသော ဇီဝစိုးငှက်မျိုးစိတ်များသည်လည်း ထင်ရှားပြီး သဘာဝ ငှက်သိုက်ထုတ်လုပ်ရေးနှင့် အိမ်မွေးငှက်သိုက်ထုတ်လုပ်ရေးတို့ကို မြန်မာနိုင်ငံတွင်သာမက ကျွန်းစု၊ ကမ်းရိုးတန်းနိုင်ငံများတွင်လည်း တွေ့မြင်နိုင်ကြောင်း၊
မြန်မာနိုင်ငံတွင် ထုံးကျောက်ဂေဟစနစ်ထိန်းသိမ်းရေးအား မြေအသုံးချမှုများကို သီးခြား ပြဋ္ဌာန်းချက်ဖြင့် ထိန်းသိမ်းခြင်းမရှိသော်လည်း သစ်တောဥပဒေများနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ တည်ဆဲဥပဒေများအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သမိုင်းအကြိုခေတ် နံရံဆေးရေးပန်းချီ များ ရှိသော ပြဒါးလင်းဂူအား ပန်းလောင်ပြဒါးလင်းဘေးမဲ့တောနယ်မြေအတွင်း ထည့်သွင်း၍ ထိန်း သိမ်းခြင်း၊ ကော့ဂွန်းဂူနှင့် ရသေ့ပျံဂူကဲ့သို့ ရှေးဟောင်းအနုပညာလက်ရာများရှိသော ထုံးကျောက် လိုဏ်ဂူများအား ယဉ်ကျေးမှုဦးစီးဌာနမှ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး နေရာများအဖြစ် သတ်မှတ်၍ ထိန်းသိမ်းကာကွယ် ထားခြင်းရှိကြောင်း၊
ထုံးကျောက်တောင် ဂေဟစနစ်တွင်သာတွေ့ရှိရသည့် ဇီဝမျိုးစုံမျိုးကွဲများအား မျိုးသုန်း ပျောက်ကွယ်ရန် အဓိကခြိမ်းခြောက်နေသောအရာမှာ ဘိလပ်မြေ လုပ်ငန်းများအတွက် ထုံးကျောက် ထုတ်လုပ်ခြင်းပင်ဖြစ်ကြောင်း၊ ထုံးကျောက်ထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသောအမှုန်များနှင့် တုန်ခါခြင်းများကြောင့် အစားပြန်လည်မရနိုင်သော သဘာဝနှင့်ယဉ်ကျေးမှုတန်ဖိုးများ ထိခိုက်ပျက်စီး ခြင်း၊ ရေအနေအထားများပျက်စီးခြင်း၊ ရေညစ်ညမ်းမှုနှင့် အခြားပျက်စီးဆုံးရှုံး မှုများကို ဖြစ်ပေါ်စေ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ သဖြင့် ဘိလပ်မြေလိုအပ်ချက်လည်းမြင့်မားလာပြီး ထုံးကျောက်ထုတ်လုပ်ခြင်းကြောင့် ထုံးကျောက် တောင် ဂေဟစနစ်ထိခိုက်မှု လျှော့ချနိုင်ရေး အစီအစဉ်များပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးပွဲ၏ ဦးတည်ချက်၊ ရလဒ် နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးပေးကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။