ရေဝပ်ဒေသ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ၂၀၁၆ ခုနှစ်၊ မေလ(၁၂)ရက် နေပြည်တော်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့်နော်ဝေ နိုင်ငံ ပတ်၀န်းကျင်ရေးရာအေဂျင်စီတို့ပူးပေါင်း၍ ရေဝပ်ဒေသစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကို (၁၂-၅-၂၀၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် အင်ကြင်းခန်းမ၊ သစ်တော ဦးစီးရုံးချုပ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဦးကျော်ကျော်လွင်၊ Mr. Jan Petter H.Hansen၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီနှင့် Mr. Robert John Mclnnes၊ ရမ်ဆာကွန်ဗင်းရှင်းတို့မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်း၊ ပြည်ပ ရေဝပ်ဒေသ ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ကြ ပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရှိရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့် ရမ်ဆာကွန်ဗင်းရှင်း အကောင်အထည်ဖော်ခြင်းတို့ကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊
ရေဝပ်ဒေသ (Wetlands) များသည် လူမှုအဖွဲ့အစည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့်ဂေဟစနစ်ဖြစ်ပြီး ရေ၊ ငါးနဲ့ အခြားသဘာဝသယံဇာတများကို ပံ့ပိုးပေးပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် အလွန် အရေးပါကြောင်း၊ ကာဗွန်သိုလှောင်ခြင်း၊ မိုးခေါင်မှုကို သက်သာစေခြင်း၊ ရေကြီးမှုကို နည်းပါးစေ ခြင်း တို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကျရောက်မှု လျော့နည်းရေးတို့ တွင် ရေဝပ်ဒေသအများစုသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သည့်အပြင် ရေဝပ်ဒေသအများ အပြားသည် ကမ္ဘာ့မြောက်ဘက်ခြမ်းမှ ရွေ့ပြောင်းကျက်စားသည့် ငှက်မျိုးစိတ်အများအပြား ခိုလှုံ နေထိုင်ရာ ဒေသများဖြစ်ကြောင်း၊
၂၀၀၃ ခုနှစ်တွင် ဂျပန်တောရိုင်းငှက်အသင်း (Wild Bird Society of Japan) နှင့် သစ်တော ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရေတိမ်ဒေသ စာရင်းကောက်ယူခြင်းမှ မြန်မာနိုင်ငံတွင် ရေဝပ်ဒေသ (၉၉)ခု မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒေသရင်း၊ ရှားပါးနှင့် ကမ္ဘာ့အဆင့် မျိုးသုဉ်းပျောက်ကွယ် ရန် အန္တရာယ်ကျရောက်နေသည့် မျိုးစိတ်များတည်ရှိသည့် နေရာဒေသများအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ အလွန်ကြွယ်ဝသည့် အင်းလေး၊ အင်းတော်ကြီး၊ ဟူကောင်းချိုင့်ဝှမ်းဒေသနှင့် မုတ္တမပင်လယ်ကွေ့ ဒေသတို့ အပါအဝင်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်း (Ramsar Convention) သို့ ၂၀၀၅ ခုနှစ်တွင် အဖွဲ့ဝင် အဖြစ်ဝင်ရောက်ခဲ့ပြီး ကမ္ဘာ့အဆင့် ရေဝပ်ဒေသ (Ramsar Site) (၂) ခု ကို မိုးယွန်းကြီးဘေးမဲ့တော နှင့် အင်းတော်ကြီးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့တွင် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊
ပေါင်းစပ်ညှိနှိုင်းမှုအားနည်းသည့် ဖွံ့ဖြိုးရေးစီမံကိန်းများ၏ အကျိုးသက်ရောက်မှုများနှင့် ရေရှည်မတည်တံ့နိုင်သည့် ထုတ်ယူအသုံးပြုမှုတို့ကြောင့် အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသည် အရေအသွေးနှင့် အရေအတွက်ကျဆင်းသည့် အန္တရာယ်နှင့်ကြုံတွေ့နေရပြီး အကျိုးဆက်အားဖြင့် ရေရှားပါးမှု၊ ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးရေးထုတ်ကုန်ကျဆင်းမှု၊ စွမ်းအင် မလုံလောက်မှု အစရှိသည့် စိန်ခေါ်မှုအများအပြားကို ကြုံတွေ့ရလျက်ရှိပြီး လူသားများ စဉ်ဆက် မပြတ် ဖွံ့ဖြိုးရေးကို ခြိမ်းခြောက်ခံရလျက်ရှိကြောင်း၊
ရေဝပ်ဒေသများ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အရေးပါမှုကြောင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ၊ နယူးယော့မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ စုဝေးဆွေးနွေးပြီး အတည်ပြုထုတ်ပြန်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ၂၀၃၀ အစီအစဉ် (2030 Agenda for Sustainable Development) ၏ ရည်မှန်းချက် ပန်းတိုင်များနှင့်လုပ်ငန်းများတွင် ရေဝပ်ဒေသထိန်းသိမ်းရေး၊ စနစ်တကျစီမံအုပ်ချုပ်ရေးနှင့်စဉ်ဆက် မပြတ် အသုံးပြု ရေးတို့ကို ထည့်သွင်းထားကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲကို ရေဝပ်ဒေသ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများ အား ရှင်းလင်းတင်ပြရန်၊ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးသတ်မှတ်ရန်၊ လုပ်ငန်းများအား ဦးစီးဦးဆောင်တာဝန်ယူဆောင်ရွက်နိုင်မည့် ပြည်တွင်းရှိ အဖွဲ့အစည်းများအား ရွေးချယ်သတ်မှတ်ရန်၊ လုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည့် အဓိကမိတ်ဖက် အဖွဲ့များအား ရွေးချယ်သတ်မှတ်ရန်၊ ရန်ပုံငွေကြေးရရှိမှု၊ သုံးစွဲမှုဆိုင်ရာ သုံးသပ်ဆွေးနွေးနိုင်ရန်၊ လုပ်ငန်းများ အကောင်အထည်ဖော်မည့် အဓိကလမ်းကြောင်းနှင့် အချိန်ကာလတို့အား ဆွေးနွေး သတ်မှတ်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မေလ (၁၃) ရက်နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်၍ ရေဝပ်ဒေသထိန်းသိမ်းရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ၊ ဆောင်ရွက် မည့် အစီအစဉ်များနှင့် ဆက်စပ်ဌာနအဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးဖော်ထုတ်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။